3/25/2010

မြန်မာ (၉) ဦး သေဆုံးမှု ထိုင်းက ကရုဏာကြေးပေး


ရဲရင့် | ထိုင်းနိုင်ငံတွင် အသတ်ခံကြရသည့် မြန်မာ (၉) ဦးအတွက် ထိုင်းနိုင်ငံမှ ပေးသည့် ကရုဏာကြေးငွေများကို မြန်မာအာဏာပိုင်များက ကျန်ရစ်သူ မိသားစုဝင်များထံ ပေးအပ်ခဲ့သည်။

ယခုနှစ် ဇန်န၀ါရီလကုန်ပိုင်းက ထိုင်း-မြန်မာနယ်စပ် မဲဆောက်မှတဆင့် တောလမ်းခရီးဖြင့် ဘန်ကောက်သွားမည့် ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် ကျိုက်ပေါင်ကျေးရွာသား (၉) ဦးကို လမ်းခရီးတောထဲတွင် ထိုင်းရဲအရာခံဗိုလ် တဦးနှင့် ထိုင်းနိုင်ငံသား (၄) ဦးတို့က ငွေတောင်းခံရာတွင် မရရှိသောကြောင့် ပစ်သတ်ခဲ့ခြင်းဖြစ်သည်။



ထိုသို့ပစ်သတ်ခံရသူများအတွက် ကရုဏာကြေးအဖြစ် သေဆုံးသူတဦးကို ထိုင်းဘတ်ငွေ (၅) သောင်းစီ ထိုင်းနိုင်ငံက မြန်မာအစိုးရထံသို့ ပေးအပ်ခဲ့ရာ ယခုလ (၂၁) ရက်တွင် ကရင်ပြည်နယ် အာဏာပိုင်များက သေဆုံးသူများ၏ ကျေးရွာသို့ သွားရောက်ပြီး ကျပ် (၁၅) သိန်း (၂) သောင်းစီကို သေဆုံးသူတဦးချင်း၏ ကျန်ရစ်သူများထံ ပေးအပ်ခဲ့သည်။

အသတ်ခံရသူ အမျိုးသမီးတဦး၏ မိခင်ဖြစ်သူက “သမီးရဲ့ကျန်ခဲ့တဲ့ ကလေးငယ် (၂) ယောက်ကို လူလားမြောက်အောင် စောင့်ရှောက်သွားမှာပါ၊ ဒီဆုံးရှုံးမှုကို ဘာနဲ့မှမလဲနိုင်ပါဘူး။ ဒါပေမယ့် ဘာတတ်နိုင်မှာလဲ၊ ကျမတို့အဖြစ်မျိုး လူတွေ ကင်းဝေးကြပါစေ” ဟု ပြောသည်။

အဆိုပါအမှုကို ထိုင်းနိုင်ငံတွင် ထိုင်းလူ့အခွင့်အရေးအဖွဲ့နှင့် ထိုင်းရှေ့နေများအဖွဲ့က ထိုင်းတရားရုံး၌ အမှုဖွင့်ထားပြီး သေဆုံးသူများအတွက် ပေးအပ်ခဲ့သည့် ကရုဏာကြေးများသည် ၎င်းတို့လိုက်ပါဆောင်ရွက်နေသည့် အမှုနှင့် ဆက်စပ်ခြင်း မရှိကြောင်း ထိုင်းရှေ့နေရုံးခွဲမှ ၀န်ထမ်းတဦးက ပြောသည်။

၎င်းက “ဒီကရုဏာကြေးက သတ်သတ်ပဲ။ ထိုင်းလူ့အခွင့်အရေးအဖွဲ့က ဒီအမှုကို ဆောင်ရွက်နေတာက တရားမျှတမှုနဲ့ လူ့အခွင့်အရေးအတွက် လိုက်ပါဆောင်ရွက်နေတာဖြစ်တယ်။ သေဆုံးသူတွေအတွက် အဓိပ္ပာယ်မဲ့တဲ့အဖြစ်မျိုး မဖြစ်စေချင်ဘူး” ဟု ပြောသည်။

အဆိုပါမြန်မာ (၉) ဦးကိုသတ်သည့် ဦးဆောင်သူဟု ထိုင်းရဲတပ်ဖွဲ့က ပြောသည့် ထိုင်းရဲအရာခံဗိုလ် နိုင်စုံချိုင်းပင်ကယောက်မှာ မိမိကိုယ်ကိုယ် အဆုံးစီရင်သွားပြီး ကျန်လူ (၄) ဦးမှာ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်သည်ဟု ထိုင်းရဲက ပြောသည်။

အသတ်ခံရသူများမှာ အသက် (၃၀) ၀န်းကျင်ရှိ အမျိုးသမီး (၄) ဦးနှင့် အမျိုးသား (၅) ဦးတို့ဖြစ်ကြပြီး ၎င်းတို့အနက် (၄) ဦးမှာ ထိုင်းနိုင်ငံတွင် အလုပ်သမားမှတ်ပုံတင်ထားသူများဖြစ်သည်။



source by :NEJ

0 ယောက်ရဲ့ထင်မြင်ချက်: