2/23/2010

ရွှေပြည်သာတွင် A (H1N1) သံသယ လူနာများ ထပ်တိုး

ဝက်တုပ်ကွေး A (H1N1) ဖြစ်ပွားခဲ့သည့် ရွှေပြည်သာစက်မှုဇုန် ATP Land အထည်ချုပ်စက်ရုံတွင် ယခု သံသယရှိ တုပ်ကွေး ကူးစက်ခံရသူ အလုပ်သမား (၉၀) ကျော် ရှိသွားပြီဖြစ်သည်။

ယခုလ (၁၆၊ ၁၇) ရက်နေ့တို့က ၀က်တုပ်ကွေး ဖြစ်ပွားသည့် လူနာ (၇) ဦး တွေ့ရှိရပြီးနောက် စက်ရုံ၏ အလုပ်သမား (၃၀၀) တွင် (၁၈) ရက်နေ့၌ သံသယလူနာ (၅၉) ဦး၊ (၁၉) ရက်တွင် သံသယလူနာ (၉၀) ဦးကျော်ကို ၀က်တုပ်ကွေး ကူးစက်ခံ သံသယလူနာများအဖြစ် တွေ့ရှိရခြင်းဖြစ်သည်။

ယင်း သံသယ လူနာ (၉၀) ကျော်ကို ရောဂါ တဆင့် ပြန့်ပွားမှု မဖြစ်အောင် နေအိမ်ပြင် မထွက်စေဘဲ ကျန်းမာရေး ၀န်ထမ်းများက စောင့်ရှောက် ကုသပေးနေကြောင်း သိရသည်။

“ပိုးတွေ့ အတည်ပြု လူနာများနဲ့ ဆက်စပ်နေအိမ်တွေက မိသားစုဝင်တွေကို သီးခြားစီ ခွဲခြားထားရှိပါတယ်။ ဒီသံသယ လူနာတွေကို Quarantine (ရောဂါ မပြန့်ပွားရန် ထိန်းချုပ်ထား) ပြုလုပ်ပြီး ရောဂါပြန့်ပွားမှုကို စောင့်ကြည့်နေပါတယ်” ဟု ရန်ကုန်တိုင်း ကျန်းမာရေးဌာနမှ ဆရာဝန်တဦးက ပြောသည်။

ရွှေပြည်သာ မြို့နယ်၊ စက်မှုဇုန် (၁) ကနောင် မင်းသားကြီး လမ်းရှိ APT LAND စက်ရုံဝင်း အတွင်း ယာယီ ဆေးခန်း ဖွင့်လှစ်ထားရှိကာ အလုပ်သမားများကို ရောဂါကူးစက်မှု ရှိမရှိ စောင့်ကြပ် ကုသ ပေးနေကြောင်းလည်း သိရသည်။

လစာဝင်ငွေနည်း အခြေခံလူတန်းစား အထည်ချုပ် အလုပ်သမား အများစုမှာ အာဟာရဓာတ် မပြည့်ဝခြင်း၊ တကိုယ်ရေ သန့်ရှင်းရေး အားနည်းခြင်း၊ အလုပ်အကိုင် နေရာ သန့်ရှင်းရေး အားနည်းခြင်း၊ လူအစုလိုက် အပြုံလိုက် နီးကပ်စွာ အလုပ် လုပ်ကိုင်နေရခြင်းကြောင့် ကူးစက်မှု ပိုမိုလာနိုင်ကြောင်း ရန်ကုန်မှ မြို့နယ် ဆရာဝန် တဦးက ပြောသည်။

ရန်ကုန်တိုင်း၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နှင့် နေပြည်တော်တို့တွင် ယခုလ အတွင်း A (H1N1) ခေါ် ၀က်တုပ်ကွေး ဖြစ်ပွားမှုများ ဆက်တိုက် ဆိုသကဲ့သို့ ဖြစ်ပေါ် နေသော်လည်း စစ်အစိုးရ ကျန်းမာရေး ၀န်ကြီးဌာနက ထိထိ ရောက်ရောက် ပညာပေးခြင်း မရှိကြောင်း သိရသည်။

ယခုလ ဖေဖော်ဝါရီ (၄) ရက်နေ့မှစပြီး ချင်းပြည်နယ် ဖလမ်းမြို့ကျေးရွာတခုတွင် ၀က်တုပ်ကွေး လူနာ (၄) ဦး၊ ရန်ကုန်တိုင်း မြောက်ဒဂုံတွင် ကျောင်းသားငယ် (၁၄) ဦး၊ ရွှေပြည်သာတွင် (၇) ဦး၊ ရှမ်းပြည်နယ် ကျောက်မဲတွင် (၅) ဦး ရောဂါ ဖြစ်ပွားကြောင်း စစ်အစိုးရက တရားဝင် သတင်းထုတ်ပြန်သည်။

နေပြည်တော်သို့ ပြည်ထောင်စုနေ့ အခမ်းအနား တက်ရောက်လာသော ချင်းလူငယ်များတွင် ၀က်တုပ်ကွေး ဖြစ်ပွားမှုများ ရှိနေပြီး တနိုင်ငံလုံး အတိုင်းအတာဖြင့် ၀က်တုပ်ကွေး သံသယ လူနာ (၁၀၀) နီးပါးရှိနေပြီ ဖြစ်သည်ဟုလည်း သတင်းများ ထွက်ပေါ်နေသည်။

သို့သော် စစ်အစိုးရ ကျန်းမာရေး ၀န်ကြီး ဌာနက ၀က်တုပ်ကွေး ကူးစက်ခံ လူနာများနှင့် အရေအတွက်ကို တိတိကျကျ ထုတ်ပြန်ခြင်း မရှိသကဲ့သို့ ပြန်ကြားရေး ၀န်ကြီးဌာနကလည်း ပြည်တွင်းဂျာနယ်များကို ၀က်တုပ်ကွေးဆိုင်ရာ သတင်း ရေးသားမှု ကန့်သတ် ထားသည်ဟု သိရသည်။

source by : ခေတ်ပြိုင်

0 ယောက်ရဲ့ထင်မြင်ချက်: