2/23/2010

ထိုင်းလုပ်ငန်း အချို့ မြန်မာ အလုပ်သမားများ အပေါ် မှီခိုနေရ


ရဲရင့် | ယာယီ နိုင်ငံကူး လက်မှတ် ပြုလုပ်ရန် အတွက် နိုင်ငံသား စိစစ်မှု လျှောက်ထားခြင်း မရှိသည့် မြန်မာ အလုပ်သမားများကို ယခုလကုန်လျှင် နေရပ်ရင်းသို့ ပြန်ပို့မည်ဟု ထိုင်းအလုပ်သမား ၀န်ကြီး နိုင်ဖိုင်းထူး ကယောက်ထောင်း၏ ပြောကြားချက်သည် ဖြစ်နိုင်ခြေ မရှိဟု မြန်မာ အလုပ်သမား အရေး ဆောင်ရွက် နေသည့် အဖွဲ့များက ပြောသည်။

ထိုင်းတွင် တရားဝင် မှတ်ပုံတင်ထားသည့် မြန်မာ အလုပ်သမား (၁) သန်းကျော်ကို ထိုင်းအစိုးရက အတင်းအကျပ် နေရပ်ပြန်ပို့လျှင် ထိုင်းနိုင်ငံရှိ ကုန်ထုတ် လုပ်ငန်း အချို့ ရပ်ဆိုင်းသွားနိုင်သည်ဟု အဆိုပါ အဖွဲ့များက ပြောသည်။

မဲဆောက် အခြေစိုက် မြန်မာ အလုပ်သမား အရေး ကူညီ ဆောင်ရွက် ပေးနေသည့် (JACBA) အဖွဲ့ ဥက္ကဋ္ဌ ဦးမိုးကြိုးက “ထိုင်းနိုင်ငံရဲ့ကုန်ထုတ်လုပ်မှုက လုပ်အားခ ဈေးပေါတဲ့ မြန်မာ အလုပ်သမားတွေ အပေါ်မှာ အားထား နေရတာဖြစ်တယ်။ ယာယီ နိုင်ငံကူး လက်မှတ် အတွက် မြန်မာဘက်ပြန်ပြီး နိုင်ငံသားစိစစ်မှုမလုပ်တဲ့ သူတွေ အားလုံးကို ဖမ်းပြီး ပြန်ပို့မယ် ဆိုရင် ထိုင်းတနိုင်ငံလုံးရဲ့ ကုန်ထုတ်လုပ်ငန်းအချို့ ရပ်ဆိုင်း သွားနိုင်တယ်” ဟု ပြောသည်။

အဆိုပါ လုပ်ငန်းစဉ်သည် ဖြစ်နိုင်ခြေ မရှိကြောင်း၊ အကျိုးဆက် အဖြစ် အစိုးရနှင့် လုပ်ငန်းရှင်များကြားတွင် ကြီးမားသော ပြဿနာများ ဖြစ်ပေါ်နိုင်ပြီး တာ့ခ်ခရိုင်အပါအ၀င် ထိုင်းနိုင်ငံရှိ လုပ်ငန်းရှင်များက စုပေါင်း၍ ထိုင်းအစိုးရထံ အရေးဆိုမှုများ ပြုလုပ်ရန် စီစဉ်နေကြောင်း ကိုမိုးကြိုးက ပြောသည်။

ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးဌာနတွင် တရားဝင် အလုပ်လုပ်ခွင့် မှတ်ပုံတင်ထားသည့် မြန်မာ အလုပ်သမား (၁) သန်းကျော် ရှိပြီး တရားမ၀င် နေထိုင်၍ အလုပ်လုပ်ကိုင်နေသူ အရေအတွက်မှာ (၂) သန်းခန့်ရှိသည်ဟု အလုပ်သမား အရေး ဆောင်ရွက်နေသည့် အစိုးရ မဟုတ်သော အဖွဲ့များက ပြောသည်။

ယခင်လ (၁၉) ရက်နေ့ ထိုင်းအစိုးရ ၀န်ကြီး အဖွဲ့၏ အစည်းအဝေးတွင် နိုင်ငံသား စိစစ်မှုကာလကို (၂) နှစ်အထိ တိုးမြင့်စေကာမူ လာအို၊ မြန်မာနှင့် ကမ္ဘောဒီးယား နိုင်ငံတို့မှ အလုပ်သမားများသည် ယခုလကုန် နောက်ဆုံး ထားပြီး နိုင်ငံသား စိစစ်မှု ပုံစံကို ဖြည့်စွက်လျှောက်ထားရမည်ဖြစ်သည်။

အဆိုပါ စည်းဝေး ဆုံးဖြတ်ချက် အရ တိုးမြှင့် ပေးလိုက်သည့် သက်ညှာခွင့်ကာလ (၂) နှစ်သက်တမ်းသည် ၂၀၀၂ ခုနှစ် ဖေဖော်ဝါရီလတွင် ကုန်ဆုံးမည် ဖြစ်ပြီး ထိုရက်မတိုင်မီ ကာလအတွင်း နိုင်ငံသား ဖြစ်ကြောင်း စိစစ်နေစဉ် ထိုင်းနိုင်ငံတွင် ဆက်လက်နေထိုင် အလုပ်လုပ်ခွင့်ရရှိမည်ဖြစ်သည်။

ထိုင်းတွင် မှတ်ပုံတင်ထားသည့် မြန်မာ အလုပ်သမား (၁) သန်းကျော်ရှိသည့်အနက် ယခုလ (၁၁) ရက်နေ့အထိ မြန်မာဘက်မှ ထုတ်ပေးသည့် ယာယီ နိုင်ငံကူး လက်မှတ် သွားရောက်ထုတ်ယူသူ (၃၁,၀၆၇) ခန့်ရှိပြီဖြစ်သည်။

ထိုင်းအလုပ်သမား ၀န်ကြီးဌာနတွင် မှတ်ပုံတင်ထားသူများအနက် မြန်မာနိုင်ငံသား ဟုတ်မဟုတ် စိစစ်ပေးရန် ထိုင်းဘက်မှ မြန်မာအလုပ်သမား (၁၁၆,၇၁၃) ဦး၏ စာရင်းပေးပို့ထားရာ (၄၁,၁၆၅) ဦးကိုသာ နိုင်ငံသားအဖြစ် စိစစ်ပေးနိုင်ခဲ့သည်ဟု မြန်မာဘက်က သတင်းထုတ်ပြန်ခဲ့သည်။

နိုင်ငံသားစိစစ်မှု လျှောက်ထားခွင့် သတ်မှတ်ချိန် ကာလမှာ ရက်ပိုင်းသာကျန်ရှိသောကြောင့် ထိုင်းတွင် မှတ်ပုံတင်ထားသည့် မြန်မာ အလုပ်သမားများ အနက် (၉) သိန်းကျော်မှာ ပြီးခဲ့သည့်သောကြာနေ့က ပြောကြားခဲ့သည် ထိုင်းအလုပ်သမားဝန်ကြီး၏ အဆိုအရ ဖမ်းဆီးခြင်း ခံရနိုင်သည်ဟု JACBA အဖွဲ့က ပြောသည်။

သတ်မှတ် ကာလကျော်လျှင် နိုင်ငံသား စိစစ်မှုနှင့် ယာယီ နိုင်ငံကူး လက်မှတ် မလုပ်ဘဲ အလုပ် လုပ်ကိုင်နေသူများနှင့် အလုပ်ခန့်သည့် အလုပ်ရှင်များ၊ နေထိုင်ခွင့် ပေးထားသူများကိုလည်း ဖမ်းဆီး အရေးယူမည်ဟု ထိုင်းဘက်က ကြေညာထားသည်။

အဆိုပါ ကြေညာချက်နှင့် ပတ်သက်၍ အစိုးရ မဟုတ်သော ထိုင်းအဖွဲ့အစည်းတခုမှ ထိုင်းရှေ့နေတဦးက “လုံးဝကို ဖြစ်နိုင်ခြေမရှိပါဘူး။ တနိုင်ငံလုံး မြန်မာ အလုပ်သမားတွေကိုပဲ သုံးနေရတာပါ။ နိုင်ငံရေးမတည်ငြိမ်တဲ့ကြားထဲက စီးပွားရေး ဆုတ်ယုတ်မယ့် ပြဿနာတွေ အဖြစ် ခံမယ်လို့တော့ မထင်ဘူး။ ဖမ်းဆီးမှုတွေ အရင်အစိုးရ လက်ထက်တွေမှာလည်း လုပ်ခဲ့ကြတာပဲ၊ နောက်ဆုံးတော့ လက်လျှော့ လိုက်ရတာပဲ။ အကောင်းဆုံးကတော့ လာအိုတို့၊ ကမ္ဘောဒီးယားတို့ဆိုရင် အလုပ်သမားတွေ သူတို့နိုင်ငံကို ပြန်စရာမလိုဘူး။ သူတို့ နိုင်ငံရဲ့အစိုးရ ကိုယ်စားလှယ်တွေက ထိုင်းနိုင်ငံထဲ လာပြီး နိုင်ငံသား စိစစ်မှုတွေ လုပ်ပြီး ယာယီ နိုင်ငံကူး လက်မှတ် ထုတ်ပေးတာမျိုး လုပ်မယ်ဆိုရင် အလုပ်သမားတွေရဲ့ ပါဝင်ပူး ပေါင်းမှုတွေရမှာဖြစ်တယ်၊ ဒီနည်းက ဖြစ်နိုင်ခြေအရှိဆုံးပဲ” ဟု ပြောသည်။

ထိုင်းနိုင်ငံ တာ့ခ်ခရိုင် တခုထဲတွင် မြန်မာ အလုပ်သမား (၄) သိန်းခန့်ရှိသည့် အနက် နိုင်ငံသား စိစစ်မှု လျှောက်ထားသူ အရေအတွက်မှာ ထောင်ဂဏန်းပင် မရှိဟု မဲဆောက် အခြေစိုက် မြန်မာ အလုပ်သမား အကျိုးဆောင် လုပ်ငန်း တခု၏ ပိုင်ရှင် တဦးက ပြောသည်။

အဆိုပါ မြန်မာ အလုပ်သမား (၄) သိန်းကို ဒေသခံ အာဏာပိုင်များက ယခုလကုန်လျှင် ဖမ်းဆီးပြန်ပို့ပါက တာ့ခ်ခရိုင်၏ အဓိက လုပ်ငန်းများ ဖြစ်သော စိုက်ပျိုးရေး၊ မွေးမြူရေး၊ သိုးမွေး အထည်ချုပ် လုပ်ငန်များ၊ ဆောက်လုပ်ရေးနှင့် ကျပန်း လုပ်ငန်း အများစုမှာ ရပ်ဆိုင်း သွားမည်ဟုလည်း ပြောသည်။

source by : ခေတ်ပြိုင်

0 ယောက်ရဲ့ထင်မြင်ချက်: