2/19/2010

ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးသင့်ကြောင်း အန်အယ်လ်ဒီ ဗဟို အမှုဆောင်များ ကင်တားနားထံ တင်ပြ

NEJ | မြန်မာနိုင်ငံသို့ (၅) ရက်ကြာ ခရီးစဉ် အဖြစ် ရောက်ရှိနေသော ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ သောမတ်စ် ကင်တားနားသည် အန်အယ်လ်ဒီ ဗဟို အလုပ်အမှုဆောင် (၅) ဦးနှင့် ရန်ကုန်မြို့ မြရိပ်ညိုဟိုတယ်၌ ယနေ့ ညနေ (၄) နာရီခွဲတွင် တွေ့ဆုံခဲ့သည်။

အန်အယ်လ်ဒီ ဗဟို အလုပ်အမှုဆောင်များမှာ ဒု-ဥက္ကဋ္ဌ ဦးတင်ဦး၊ ဦးဝင်းတင်၊ ဦးခင်မောင်ဆွေ၊ ဦးသန်းထွန်းနှင့် ဦးညွန့်ဝေတို့ ဖြစ်သည်။

ဒု-ဥက္ကဋ္ဌ ဦးတင်ဦးက မစ္စတာ ကင်တားနားနှင့် တွေ့ဆုံရာတွင် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေး သင့်ကြောင်း ပြောကြားသည်ဟု ဦးခင်မောင်ဆွေက ပြောသည်။

၎င်းက “၇၄ ခုနှစ် ဥပဒေက ပျက်ပြယ်သွားတာမို့လို့ (၁၀) က၊ ခ ဟာလည်း ပျက်ပြယ်တဲ့ အတွက် လွှတ်ပေးရမယ်လို့ သူက ဆိုတယ်။ ၇၄ ခု (၁၀) က၊ (၁၀) ခ ကို ဥပဒေပြုတုန်းက သူကိုယ်တိုင် ပါဝင်တဲ့ အတွက် ဥပဒေကြောင်းတွေကို သူကောင်းကောင်း နားလည်တယ်၊ သိရှိတယ်လို့ ပြောပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရလိမ့်မယ်လို့ သူဆိုပါတယ်” ဟု ပြောသည်။

ဗဟိုအလုပ်အမှုဆောင် (၅) ဦးအနေဖြင့် အဓိက ဆွေးနွေးသည်မှာ ၉၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ကို တနည်းနည်းဖြင့် ဖော်ဆောင်နိုင်မှသာလျှင် ရှေ့နိုင်ငံရေးဆက်လျှောက်၍ဖြစ်မည်ဟု ပြောဆိုကြကြောင်း ဦးခင်မောင်ဆွေက ပြောသည်။

ထို့အပြင် “ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံ ဆွေးနွေးခွင့် ရမှသာလျှင် ရှေ့နိုင်ငံရေးခရီးမှာ လမ်းစပေါ်မယ်။ ရွေးကောက်ပွဲ ကိစ္စတွေဟာလည်း တွေ့ဆုံဆွေးနွေးခွင့်နဲ့ နှီးနွှယ်နေတော့ ရွေးကောက်ပွဲ ၀င်ရေး မ၀င်ရေးက အစ အန်အယ်လ်ဒီရဲ့ ရှေ့နိုင်ငံရေး ခရီးကို ချမှတ် နိုင်မှာဖြစ်တယ်။ ဒီထက် အရေးကြီးတာကတော့ စီအီးစီနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ပြီးရင် ဒေါ်အောင်ဆန်းစုကြည်က တောင်းဆိုထားတဲ့ ဗိုလ်ချုပ်မှူးကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ရေးဟာ တိုင်းပြည် အတွက် အင်မတန်မှ အရေးကြီးတာ ဖြစ်တဲ့ အတွက်ကြောင့်မို့ ဒီကိစ္စကို ကျနော်တို့ မဖြစ်မနေ မျှော်လင့်နေတယ်။ ဒါကိုလည်း ကုလသမဂ္ဂ အနေနဲ့ ၀ိုင်းဝန်းပြီး ကူညီဖို့ လိုအပ်တယ် ဆိုတာကိုလည်း မှာလိုက်ပါတယ်” ဟု ပြောဆိုကြကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

ယခုကဲ့သို့ တင်ပြ ပြောဆိုမှုများကို မစ္စတာ ကင်တားနား အနေဖြင့် မှတ်သားကာ ပြန်လည် အစီရင်ခံ တင်ပြ သွားမည်ဟု ပြောဆိုခဲ့ကြောင်း သိရသည်။

မစ္စတာ ကင်တာနားသည် မနက်ဖြန်တွင် နေပြည်တော်သို့ သွားရောက်ကာ နအဖစစ်အစိုးရ ခေါင်းဆောင်များနှင့် တွေ့ဆုံမည် ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း တွေ့ခွင့် တောင်းခံထားကြောင်း သိရသည်။

မစ္စတာ ကင်တားနားသည် မြန်မာနိုင်ငံသို့ စတင် ရောက်ရှိသည့် ဖေဖော်ဝါရီ (၁၅) ရက်တွင် အန်အယ်လ်ဒီမှ ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေ (၄) ဦးနှင့်လည်း တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံ၏ တရား စီရင်ရေးဆိုင်ရာ ကိစ္စများကို ဆွေးနွေးခဲ့သည်။

ထို့အပြင် ယမန်နေ့က ရခိုင် ပြည်နယ်ရှိ စစ်တွေ အကျဉ်းထောင်နှင့် ဘူးသီးတောင် အကျဉ်းထောင်သို့လည်း သွားရောက်ကာ နိုင်ငံရေး အကျဉ်းသား အချို့နှင့်တွေ့ဆုံခဲ့ပြီး ယနေ့တွင် အင်းစိန် အကျဉ်းထောင်သို့ သွားရောက်ခဲ့သည်။

source by : ခေတ်ပြိုင်

0 ယောက်ရဲ့ထင်မြင်ချက်: