2/19/2010

အင်းစိန်ထောင် အတွင်း အကျဉ်းသားများ အခွင့်အရေး တောင်းဆို

ဝီရ | ရန်ကုန်မြို့ အင်းစိန်အကျဉ်း စခန်း အတွင်းရှိ အကျဉ်းသားတို့က ဆုံးရှုံးနေသော အကျဉ်းသား အခွင့်အရေးများနှင့် ပတ်သက်၍ သက်ဆိုင်ရာ ထောင်အာဏာပိုင်တို့ထံ အချက် (၅) ချက်ကို ယမန်နေ့က တင်ပြ တောင်းဆို ခဲ့သည်။

အဆိုပါ တောင်းဆိုချက်များမှာ (၁) သတင်းစာ အပါအဝင် စာပေဖတ်ရှုခွင့် ပြည့်ပြည့်ဝဝ ရရှိရေး၊ (၂) ကျန်းမာရေး စောင့်ရှောက်မှု ပြည့်ပြည့်ဝဝ ရရှိရေး၊ (၃) အကျဉ်းသား အားလုံး ပိုမို ကောင်းမွန်သော အစားအသောက် ရရှိရေး၊ (၄) နိုင်ငံရေး အကျဉ်းသားများ အဆောင် ပရဝဏ်အတွင်း ထောင်ပိတ်ချိန်မှ အပ အချိန်ပြည့် သွားလာနိုင်ရေး၊ (၅) စာပေ ရေးသား လေ့ကျင့်ခွင့် ရရှိရေးတို့ ဖြစ်သည်။

“ဒီတောင်းဆိုချက်က အင်းစိန် ထောင်ထဲက အကျဉ်းသား အားလုံးရဲ့ ကိုယ်စား ဖြစ်ပါတယ်။ ထောင်ထဲမှာ ကျန်းမာရေးနဲ့ မညီညွတ်စေတဲ့ အစားအစာ ကိစ္စတွေနဲ့ စာပေ လေ့လာ ရေးသားခွင့်တွေ ပေးဖို့ တောင်းဆိုတာ။ ဒီနေ့မှာ အင်းစိန်ထောင်ကို မစ္စတာ ကင်တားနား သွားရောက် နေတာနဲ့ အချိန်ကိုက် ဖြစ်အောင် လုပ်ခဲ့ပုံ ရတယ်” ဟု နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်း (မြန်မာနိုင်ငံ) မှ အတွင်းရေးမှူး ကိုတိတ်နိုင်က ပြောကြားသည်။

ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ ကင်တားနားသည် ယနေ့ နေ့လယ် (၁၂) နာရီတွင် နိုင်ငံရေး အကျဉ်းသား (၃၀၀) ခန့်ရှိသည့် အင်းစိန် အကျဉ်းစခန်းသို့ သွားရောက်ခဲ့ကြောင်း ကုလသမဂ္ဂရုံးမှ သိရသည်။

အကျဉ်းထောင် အတွင်းသို့ စာအုပ်များ ပို့ဆောင်ရာတွင် အချိန် ကြာမြင့်ခြင်း၊ ဖြတ်တောက်ခြင်း၊ လုံးဝ မရရှိခြင်း၊ တိုက်ပိတ် အကျဉ်းသားများ အတွက် မိလ္လာခွက်များ အဖုံးမပါခြင်း၊ ဆရာဝန်နှင့်ဆေးဝါး လုံလောက်မှု မရှိခြင်း၊ အနံ့ မကောင်းသည့် ဟင်းများ ကျွေးမွေးခြင်း၊ မိသားစုထံ စာရေးသားခွင့် မရခြင်း၊ ဘောပင်၊ စာရွက် တွေ့ရှိပါက စစ်ခွေးတိုက် ပို့ဆောင်၍ အရေးယူခြင်းတို့ကြောင့် ယင်းကဲ့သို့ တောင်းဆိုရခြင်း ဖြစ်ကြောင်း သိရသည်။

ကိုတိတ်နိုင်က “ကင်တားနားက အကျဉ်းသားတွေရဲ့ အခွင့်အရေး တချို့အတွက် လုပ်ဆောင် ပေးနိုင်မယ်လို့ မျှော်လင့် ပါတယ်။ တွေ့သင့်တဲ့ သူတွေနဲ့ တွေ့ခွင့် ရခဲ့ရင်တော့ အင်းစိန်ထောင်မှာ ဘယ်လောက်ထိ အခြေအနေ ဆိုးရွား နေလဲဆိုတာ သူ သိမှာပါ” ဟု ဆိုသည်။

အကြောင်းပြချက် ခိုင်လုံမှုမရှိဘဲ ထင်ရှားသည့် နိုင်ငံရေး အကျဉ်းသားများအား ဝေးလံသော နယ်ထောင် အသီးသီးသို့ ပို့ဆောင် လိုက်သည့် အပေါ် လူ့အခွင့်အရေး အထူး ကိုယ်စားလှယ်က မြန်မာစစ် အစိုးရထံ တင်ပြ တောင်းဆိုပေးရန် အတွက်လည်း အကျဉ်းသား မိသားစုဝင်တို့က မျှော်လင့်နေကြကြောင်း သိရသည်။

ဖေဖော်ဝါရီ (၁၆၊ ၁၇) ရက်တို့တွင် မစ္စတာ ကင်တားနား၏ ရခိုင်ပြည်နယ် ခရီးစဉ်အတွင်း စစ်တွေ အကျဉ်းစခန်းနှင့် ဘူးသီးတောင် အကျဉ်းစခန်းရှိ နိုင်ငံရေး အကျဉ်းသား (၉) ဦးနှင့် တွေ့ဆုံခွင့်ရရှိခဲ့သည်။

ကုလသမဂ္ဂရုံး (ရန်ကုန်) ပြန်ကြားရေး ဌာနမှ ဦးအေးဝင်းက “ရခိုင်ပြည်နယ်က နိုင်ငံရေး အကျဉ်းသားတွေနဲ့ တယောက်ချင်းစီ သီးခြား တွေ့ခွင့် ရခဲ့ပါတယ်။ ဘူးသီးတောင် ထောင်မှာ (၃) နာရီလောက် ကြာခဲ့တယ်” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။

လူ့အခွင့်အရေး ကိုယ်စားလှယ်သည် ပြီးခဲ့သည့် အင်္ဂါနေ့၌ စစ်တွေ အကျဉ်းစခန်းရှိ ဦးကြည်သန်း၊ အရှင်စန္ဒာသီရိ၊ ကိုအောင်ထွန်းမြင့်၊ ပြည့်ဖြိုးလှိုင်တို့နှင့် လည်းကောင်း ဗုဒ္ဓဟူးနေ့တွင် ဘူးသီးတောင် အကျဉ်းစခန်းရှိ နိုင်ငံရေး အကျဉ်းသားများ ဖြစ်သော လွှတ်တော် ကိုယ်စားလှယ် ဦးကျော်မင်း၊ ရှမ်း မျိုးဆက်သစ် ခေါင်းဆောင် ဦးထွန်းညို၊ ၈၈ မျိုးဆက် ခေါင်းဆောင် ကိုဌေးကြွယ်အပါအဝင် ကိုမြတ်ထွန်း၊ မီယာအာမက်တို့နှင့် လည်းကောင်း အသီးသီး တွေ့ဆုံခဲ့သည်။

source by : ခေတ်ပြိုင်

0 ယောက်ရဲ့ထင်မြင်ချက်: