1/27/2010

ရန်ကုန် ဗဟန်းမြို့နယ်တွင် အိမ် (၁၃) လုံး မီးလောင်ပျက်စီး

တက်လူ | ယမန်နေ့ ညနေတွင် ရန်ကုန် ဗဟန်းမြို့နယ်၌ မီးလောင်မှု ဖြစ်ပွားခဲ့ရာ မီးငြိမ်းသတ်ရန် အလွယ်တကူ မီးသတ်ကားများ မ၀င်နိုင်သည့် အတွက် နေအိမ် (၁၃) လုံး မီးလောင် ပျက်စီးခဲ့သည်။

ညနေ (၅) နာရီ ကျော်ခန့်တွင် ငါးထပ်ကြီး (ငါးတောင် ရပ်ကွက်) အိမ်အမှတ် (၁၄၂) အိမ်ရှင် ဦးခင်စိုးဆိုသူ နေထိုင်သော (၁၀) ပေ (၁၅) ပေ သွပ်မိုး ပျဉ်ထောင်အိမ်မှ လျှပ်စစ် ၀ါယာရှော့ခ် ဖြစ်ကာ မီးစတင် လောင်ခြင်း ဖြစ်သည်ဟု ဗဟန်း မြို့နယ် ကြံ့ဖွံ့ရုံးမှ တာဝန်ရှိသူ တဦးက ပြောသည်။

“၀ါယာရှော့ခ် ကတော့ ဖြစ်နေမှာပဲ။ ရန်ကုန်မှာ နေရတာ ကြောက်စရာ ကောင်းတယ်။ မီးက ပြတ်လိုက်၊ လာလိုက်၊ ဘယ်အချိန်လာလို့ ဘယ်အချိန်ပျက်မယ် မသိတဲ့ဘ၀။ ပြောတော့ အုပ်စုခွဲပြီးတော့ မီးပေးတယ်တဲ့။ ဘယ်လိုပေးပေး မီးပျက်တာကတော့ ပျက်တာပဲ။ ဒီလိုသာဆိုရင် ကျမတို့လို ရပ်ကွက်တွေ နွေရာသီရောက်လာရင်တော့ ကြောက်စရာ ကောင်းလာပြီ။ အိမ်တိုင်းသတိထားဖို့ လိုလာပြီ” ဟု မီးလောင်မှု ဖြစ်ပွားရာ နေရာအနီး နေထိုင်သူ တဦးက ပြောသည်။

အဆိုပါ မီးလောင်ရာသို့ မီးသတ်ကားများ သွားရောက် ခဲ့သော်လည်း လမ်းကျဉ်းကာ လမ်းပိတ် နေသောကြောင့် မီးငြိမ်း သတ်ရန် အလွယ်တကူ မ၀င်ရောက်နိုင်သည့်အတွက် သက်ဆိုင်ရာ အနေဖြင့် ရပ်ကွက်လမ်းများအား ပြင်ဆင်ပေးစေလိုကြောင်း ရန်ကုန်တိုင်း မီးသတ် ဦးစီးဌာနမှ မီးသတ် အရာရှိ တဦးက ပြောသည်။

၎င်းက “မီးလောင်နေတဲ့ နေရာကို မီးငြိမ်းဖို့ ၀င်မယ့်လမ်း မကောင်းဘူး၊ မရှိဘူးဆိုရင် အလကားပဲ၊ ဆုံးရှုံးမှုလည်း များတယ်။ ရန်ကုန်မှာ ဒီလို ရပ်ကွက်တွေ အများကြီး ရှိသေးတယ်။ အဲဒီ အတွက် နွေရာသီလည်း ရောက်လာတော့ စိတ်ပူမိတယ်” ဟု ပြောသည်။

မီးလောင်မှုကြောင့် ဆုံးရှုံးမှုမှာ ငွေကျပ် (၁၄) သိန်းခန့်တန်ဖိုးရှိကြာင်း ရန်ကုန်တိုင်း မီးသတ်ဦးစီးဌာနက တွက်ချက်သော်လည်း အမှန်တကယ်ဆုံးရှုံးမှုမှာ သိန်းထောင်ဂဏန်းနီးပါးရှိမည်ဟု ရပ်ကွက်မျက်မြင်များက ခန့်မှန်းသည်။

အဆိုပါ မီးလောင်မှုကြောင့် မီးဘေး ဒုက္ခသည် (၈၅) ဦး အိုးမဲ့ အိမ်မဲ့ ဖြစ်သွားကာ ၎င်းတို့ကို ငါးထပ်ကြီးဘုရားလမ်းရှိ မြန်မာ့ တိုင်းရင်း ဆေးရုံဝင်းတွင် မီးဘေး ဒုက္ခသည်စခန်း ဖွင့်လှစ်ကာ ထားရှိပြီး မီးဘေးသင့်သူများကို နေရာစီစဉ်ပေးမည် ဖြစ်ကြောင်း ဗဟန်းမြို့နယ် ကြံ့ဖွံ့ရုံးမှ တာဝန်ရှိသူက ပြောသည်။

source by : ခေတ်ပြိုင်

0 ယောက်ရဲ့ထင်မြင်ချက်: