တရားမ၀င် ယာဉ်ပြေးဆွဲမှု ဖြေရှင်းပေးရန် တောင်းဆို
ရဲရင့် | မြ၀တီခရိုင် အာဏာပိုင်များက တရားမ၀င်သည့်နည်းဖြင့် ကားများကို မြ၀တီ-မဲဆောက် ခရီးသည်တင် ယာဉ်လိုင်းတွင် ပြေးဆွဲခွင့် ပြုသောကြောင့် တရားဝင် ပြေးဆွဲသည့် ထိုင်းနှင့် မြန်မာကားများ ထိခိုက် နစ်နာမှုများ ကြုံတွေ့နေရသည်ဟု ယာဉ်လိုင်း တာဝန်ရှိသူများက ပြောသည်။
မြ၀တီခရိုင် အကောက်ခွန် ဌာန၊ ရဲ၊ လ၀က၊ ပြည်တွင်း အခွန်များ ဦးစီးဌာန၊ နယ်စပ် ကုန်သွယ်ရေး (နကသ) အဖွဲ့တို့က ယာဉ်ပိုင်ရှင် များနှင့် နားလည်မှု ယူကာ ထက်ဝက်စား စနစ်ဖြင့် အခကြေးငွေယူ ပြေးဆွဲ စေခြင်းကြောင့် ဖြစ်သည်ဟု ယာဉ်မောင်းများက ပြောသည်။
မြ၀တီ-မဲဆောက် လိုင်းကို တရားဝင် ပြေးဆွဲသည့် ရွှေမြန်မာ ခရီးသည်တင် ယာဉ်လိုင်းမှ ယာဉ်ပိုင်ရှင် တဦးက “အဲဒီအဖွဲ့စုံက သူတို့နဲ့ ပတ်သက်တဲ့ ကားအစီး (၂၀) လောက်ကို ဆွဲခွင့်ပြုတော့ ကားတစီးကို အသားတင် တနေ့မြန်မာငွေ (၂) သိန်းလောက် ပုံမှန်ရတယ်။ ကားပိုင်ရှင်က တ၀က် သူတို့ကို ခွင့်ပြုတဲ့ အဖွဲ့ အတွက် တ၀က်ပေးရတော့ အလကားနေရင်း အဲဒီအဖွဲ့တွေ တနေ့ကို ကျပ်သိန်း (၂၀) လောက် အိုကေသွားတယ်” ဟု ပြောသည်။
အဆိုပါကားများမှာ မြန်မာ စက်မှုဇုန်ထုတ် ပစ်ကပ်ကားများနှင့် ဟိုင်းလပ် ယာဉ်များ ဖြစ်ပြီး တရားဝင် ခရီးသည် တင်ယာဉ် များကဲ့သို့ ယာဉ်လိုင်းစည်းကမ်းများ လိုက်နာရန် မလိုဘဲ ခရီးသည်နှင့် ကုန်ပစ္စည်းများကို တင်ဆောင်ရန် မဲဆောက်မြို့တွင်း မြို့ပြင်ရှိ စက်ရုံ အလုပ်ရုံ အထိ လိုက်လံခေါ်ယူမှုကြောင့် သတ်မှတ်ထားသည့်ကားဂိတ်များတွင်သာ ရပ်နားခွင့်ရှိသည့် တရားဝင် လိုင်းကားများ နစ်နာကြခြင်းဖြစ်သည်။

မြ၀တီမြို့ခံ ယာဉ်မောင်း တဦးက “သူတို့က နှစ်ဘက်စလုံးကို ပိုင်တယ်။ ချစ်ကြည်ရေး တံတားထိပ် မြန်မာဘက်နဲ့ ထိုင်းဘက်ကို လည်း ညှိထားတယ်။ ဘာလက်မှတ်မှ မရှိတဲ့လူတွေကိုလည်း အခေါက်ခေါက်အခါခါ သယ်လို့ရတယ်။ မဲဆောက်ကနေ မြန်မာဘက်ပြန်ရင် မြန်မာမှတ်ပုံတင်နဲ့ ခရီးသွားလက်မှတ်ရှိရင် ဘတ် (၅၀) ယူတယ်၊ ဘာလက်မှတ်မှ မရှိတဲ့လူဆိုရင် ဘတ်ငွေ (၂၅၀) ပေးရတယ်။ ဒါကြောင့် သူတို့တွက်ခြေကိုက်တာ” ဟု ပြောသည်။
မြ၀တီ-မဲဆောက်လိုင်းတွင် မြန်မာဘက်မှကားများ စည်းကမ်းမဲ့ဝင်ရောက် ပြေးဆွဲမှုများကြောင့် ထိုင်းခရီးသည်တင် လိုင်းကားများ နှစ်နာမှုကြုံတွေ့နေရသော်လည်း ထိုင်းအာဏာပိုင်များက ပြေလည်အောင် ဖြေရှင်းပေးခြင်းမရှိသောကြောင့် ဆန္ဒပြအရေးဆိုရတော့မည်ဟု ထိုင်းယာဉ်မောင်းတဦးက ပြောသည်။
“ထိုင်းမော်တော်ယာဉ်ဌာန စည်းကမ်းအရ ကျနော်တို့ကားတွေ မဲဆောက်ဈေးနဲ့မြ၀တီကမ်းနားကလွဲပြီး မြို့ပြင်တောင်ထွက်ခွင့်မရှိဘူး။ ဗမာကားတွေက မြို့တွင်းမြို့ပြင် အကုန်သွားတယ်။ ဒေသခံအာဏာပိုင်တွေက ပြေလည်အောင်မဖြေရှင်းပေးဘူး။ အဓိက ထိုင်းလ၀က အဖွဲ့မှာ တာဝန်ရှိတယ်။ သူတို့က အထက်ကိုတင်တဲ့ အစီရင်ခံစာမှာ ဒီပြဿနာမရှိဘူးလို့ပြောတယ်။ ကျနော်တို့ ဂိတ်မှူး ဘန်ကောက်သွားပြီး ထိုင်းဝန်ကြီးချုပ်ဆီမှာ ဒီပြဿနာဖြေရှင်းပေးဖို့ စာပို့ထားတာရှိတယ်။ ဒါမှမပြေလည်ရင်တော့ ထပ်ပြီးဆန္ဒပြရတော့မယ်” ဟု ပြောသည်။
မဲဆောက်ဈေးနှင့် မြ၀တီ ကမ်းနားသို့ ပြေးဆွဲသည့် ထိုင်းခရီးသည်တင် ပစ်ကပ်လိုင်းကားအစီး (၁၀၀) ခန့်နှင့် မဲဆောက်-မြ၀တီ ပြေးဆွဲသည့် ရွှေမြန်မာယာဉ်လိုင်းမှ အစီး (၇၀) အပါအ၀င် မြ၀တီခရိုင် အာဏာပိုင်များ၏ ခွင့်ပြုချက်ဖြင့် တရားမ၀င် ပြေးဆွဲသည့် ကား အစီး (၂၀) ရှိသည်။
source by : ခေတ်ပြိုင်

0 ယောက်ရဲ့ထင်မြင်ချက်:
Post a Comment