12/08/2009

ကိုညီညီအောင် အင်းစိန်ထောင် အတွင်း အစာငတ်ခံ ဆန္ဒပြ

NEJ | စစ်အစိုးရ၏ ဖမ်းဆီးခြင်းခံနေရသည့် ကိုညီညီအောင်သည် သောကြာနေ့ ညနေပိုင်းမှ စတင်ကာ အင်းစိန်ထောင်အတွင်း၌ အစာငတ်ခံဆန္ဒပြနေကြောင်း ၎င်း၏အဒေါ်ဖြစ်သူ ဒေါ်စုစုကြည်က ပြောသည်။

“အန်တီတို့ ဒီနေ့ နေ့လယ် (၁၂) နာရီမှာ သွားတွေ့တဲ့ အခါမှာ တော်တော်လေး နွမ်းနေပြီ။ သူကပြောတယ်၊ အခုလို မတရား ဖိနှိပ် ချုပ်ချယ်မှုတွေ လုပ်နေတာ၊ စစ်အစိုးရ အနေနဲ့ တွေ့ဆုံ ဆွေးနွေးရေးကို မလုပ်တာ၊ သူတို့ပြောတဲ့ဟာတွေ ဘာမှ ဖြစ်မလာတဲ့ အတွက်ကို သူဆန္ဒ ပြတာပေါ့နော်။ ပြည်သူတွေ အားလုံး အတွက်၊ တတိုင်း ပြည်လုံး အတွက်ကို သူလုပ်တာပါလို့ ပြောတယ်” ဟု ယနေ့ ထောင်ဝင်စာ သွားတွေ့ခဲ့သူ ဒေါ်စုစုကြည်က ပြောသည်။

ဘန်ကောက် မြန်မာသံရုံး၏ ခွင့်ပြုချက်ဖြင့် မြန်မာ နိုင်ငံသို့ ၀င်ရောက်ခဲ့သော မြန်မာလူမျိုး အမေရိကန် နိုင်ငံသား ကိုညီညီအောင် (ခ) ကိုကျော်ဇောလွင်ကို နအဖစစ်အစိုးရက ဖမ်းဆီးခဲ့ပြီးနောက် အောက်တိုဘာ (၁၄) ရက်နေ့၌ အင်းစိန်ထောင် တရားရုံးတွင် အမှုစွဲတင်ခဲ့သည်။

ကိုညီညီအောင်အား လိမ်လည်မှုပုဒ်မ (၄၂၀) နှင့် စာရွက်စာတမ်း အတု အသုံးပြုမှု ပုဒ်မ (၄၆၈) တို့နှင့် စစ်အစိုးရက အမှုစွဲတင်ထားပြီး ရှေ့နေကြီးများ ဖြစ်သော ဦးကြည်ဝင်းနှင့် ဦးဉာဏ်ဝင်းတို့က ကိုညီညီအောင်၏ အမှု အတွက် လိုက်ပါဆောင်ရွက်ပေးနေကြသည်။

“သူ့အမှုက သောကြာနေ့က ရုံးထုတ်တယ်လေ။ သက်သေ တယောက်ပဲ စစ်တယ်တဲ့၊ သူ့ရှေ့နေတွေက ပြောပြတာပါ။ အခုလာမယ့် သောကြာကို ထပ်ပြီးရုံးချိန်းလိုက်တယ်လို့ ပြောပါတယ်။ ပြီးခဲ့တဲ့အပတ် တနင်္လာ နေ့တုန်းက သွားတွေ့တုန်းကတော့ လန်းလန်း ဆန်းဆန်းပဲ။ ဒီတပတ် သွားတွေ့တော့ သူအရမ်း နွမ်းနေပြီး အိပ်ရာ ထဲကနေ ထလာရတာတဲ့။ အစာမစားတော့ သူလှဲနေမှာပေါ့လေ။ ဘာမှမစားဘဲ သူရေပဲ သောက်တယ်ပေါ့” ဟု ဒေါ်စုစုကြည်က ပြောသည်။

အမေရိကန် နိုင်ငံသား အဖြစ် ခံယူထားသူ ကိုညီညီအောင်သည် ၂၀၀၉ ခုနှစ် စက်တင်ဘာ (၃) ရက်တွင် ဘန်ကောက်မှ တဆင့် မြန်မာနိုင်ငံသို့ ပြန်လာစဉ် လေယာဉ်ကွင်း၌ ဖမ်းဆီးခံခဲ့ရသည်။

မည်သည့် အကြောင်းကြောင့် ဖမ်းဆီးသည် ဆိုသည်ကို အတိအကျ ဖော်ပြခြင်း မရှိသော်လည်း ကိုညီညီအောင်သည် ၂၀၀၅ ခုနှစ် နိုဝင်ဘာမှ ၂၀၀၉ ခုနှစ် စက်တင်ဘာ အတွင်း (၈) ကြိမ် အထိ မြန်မာ နိုင်ငံသို့ ၀င်ရောက်ခဲ့ပြီး ၈၈ မျိုးဆက် ကျောင်းသားများနှင့် တွေ့ဆုံကာ သတင်း ဖလှယ်ခြင်းနှင့် ငွေကြေး ထောက်ပံ့ခြင်းများ ပြုလုပ်ခဲ့သည့် အပြင် ဖောက်ခွဲ ဖျက်ဆီးရေး ကိစ္စရပ်များနှင့် ပတ်သက်၍လည်း တာဝန် မကင်းဟု စက်တင်ဘာ (၂၄) ရက်ထုတ် စစ်အစိုးရ သတင်းစာများတွင် ရေးသားဖော်ပြခဲ့သည်။

ကိုညီညီအောင်၏ အဒေါ် ဒေါ်စုစုကြည်က ယခုကဲ့သို့ ကိုညီညီအောင် ထောင်ထဲတွင် အစာငတ်ခံ ဆန္ဒပြနေမှု အပေါ် ကျန်းမာရေး အတွက် အထူး စိုးရိမ်ကြောင်း ပြောသည်။

“အခုလိုပဲ သူက ဆက်လက်ပြီး အစာငတ်ခံ ဆန္ဒပြ သွားမယ်လို့ ပြောပါတယ်။ အန်တီတို့ အနေနဲ့ သူ့ယုံကြည်ချက်နဲ့ လုပ်နေတာကို ဘာမှ မပြောလိုပါဘူး။ အန်တီ တို့ကတော့ တတ်နိုင်တဲ့ဘက် ကနေ လုပ်ပေး သွားမှာပါပဲ” ဟုပြောသည်။

ကိုညီညီအောင် အပေါ် စွဲဆိုထားသည့် စွဲချက်ကို မင်္ဂလာဒုံ မြို့နယ် တရားရုံးက လက်ခံကြားနာခြင်း ဖြစ်သော်လည်း တရားခွင်ကိုမူ အင်းစိန်ထောင် အထူး တရားရုံး အတွင်းသာ ပြုလုပ်ကြောင်း သိရသည်။

source by : ခေတ်ပြိုင်

0 ယောက်ရဲ့ထင်မြင်ချက်: