12/11/2009

ဒေါ်အောင်ဆန်းစုကြည်နှင့် နအဖ ၀န်ကြီး တွေ့ဆုံမှု အန်အယ်လ်ဒီမှ သတိထား ကြိုဆို

NEJ | ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်အစိုးရ ဆက်ဆံရေး ၀န်ကြီး ဦးအောင်ကြည်တို့ ယမန်နေ့က တွေ့ဆုံခဲ့မှု အပေါ် အန်အယ်လ်ဒီ အနေဖြင့် သတိထား ကြိုဆိုရမည် ဖြစ်ပြီး တွေ့ဆုံ ဆွေးနွေးမှု ဆက်လက် ဖြစ်ပေါ် လိမ့်မည်ဟု မျှော်လင့်ကြောင်း အန်အယ်လ်ဒီ ဗဟို အလုပ် အမှုဆောင် တဦးဖြစ်သူ ဦးခင်မောင်ဆွေက ပြောကြားသည်။

“ဦးအောင်ကြည်နဲ့ အခုလို ဒေါ်စုနဲ့တွေ့ဆုံတဲ့ကိစ္စကို ကျနော်တို့ သတိထားပြီး ကြိုဆိုရမှာ ပေါ့ဗျာ။ သတိ ကြီးကြီးထား ကြိုဆိုပြီးတော့ကာ ဦးသန်းရွှေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့အထိကို ကျနော်တို့ မျှော်လင့် နိုင်ပါတယ်။ တကယ် ဖြစ်မယ် မဖြစ်မယ် ဆိုတာကတော့ စောင့်ကြည့်ရမယ့် ကိစ္စတွေ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

အလုပ်သမား ၀န်ကြီးဌာန ၀န်ကြီးလည်းဖြစ်၊ ဆက်ဆံရေး ၀န်ကြီးလည်း ဖြစ်သည့် ဦးအောင်ကြည်သည် ယမန်နေ့က အစိုးရ ဧည့်ဂေဟာတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် (၄၅) မိနစ်ကြာ တွေ့ဆုံခဲ့သည်။

ယခုကဲ့သို့ ဦးအောင်ကြည်က ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခြင်းသည် ယခုနှစ်အတွင်း (၃) ကြိမ်မြောက်ဖြစ်ပြီး တွေ့ဆုံသည့်ကိစ္စကို တစုံတရာထုတ်ပြန်ပြောဆိုခြင်း မရှိသေးပေ။

ထိုသို့တွေ့ဆုံမှုနှင့်ပတ်သက်၍ ဦးခင်မောင်ဆွေက “ကျနော်တို့ကို ကြိုတင်အကြောင်းကြားထားတာ မရှိပါဘူး။ ကျနော်တို့လည်း ဒေါ်စုနဲ့တွေ့တယ်ဆိုတာပဲ သတင်းကြားရတာပါပဲ။ အခုလောလောဆယ်တော့ ကျနော်တို့ သိနိုင်တဲ့အနေအထားမှာ မရှိသေးပါဘူး။ ဒေါ်စုဆီက ဘာမှ message မလာသေးပါဘူး။ အစဉ်အလာအရဆိုရင်တော့ အာဏာပိုင်ဘက်ကတော့ ဒေါ်စုကမ်းလှမ်းတဲ့စာပေါ်မှာပဲ မူတည်ပြီးတော့ လာရောက်တွေ့ဆုံတယ်လို့ ယူဆလို့ရပါတယ်” ဟု ပြောသည်။

ယမန်နေ့က ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်အစိုးရဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်တို့ တွေ့ဆုံခဲ့ကြသည့်နေ့တွင်ပင် စစ်အစိုးရသတင်းစာများတွင် ဆောင်းပါးရှင် ချမ်းမြအေးက ဒေါ်အောင်ဆန်းစုကြည်၏ ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ ပေးပို့သည့် စာနှစ်စောင်နှင့်ပတ်သက်၍ ရိုးသားမှုမရှိကြောင်း၊ မီဒီယာမှတဆင့် စစ်အစိုးရကို အကျပ်ကိုင်ရန်ဖြစ်ကြောင်း ဝေဖန်ရေးသားထားသည်။

ထိုသို့ တွေ့ဆုံမှုနှင့် ဆောင်းပါး ဖော်ပြချက် တိုက်ဆိုင်မှု အပေါ် ခေတ်ပြိုင်က ဦးခင်မောင်ဆွေအား မေးမြန်းခဲ့ရာ ၎င်းက “အဲဒါတော့ ကျနော် ထင်တယ်၊ တစစီလို့ စဉ်းစားရလိမ့်မယ် ထင်တယ်ဗျာ။ ဦးအောင်ကြည်နဲ့ ဒေါ်စုတွေ့တာကတော့ ဒေါ်စု ကမ်းလှမ်းတဲ့ အပေါ်မှာ သူတို့သဘောထားညီလို့ ဒေါ်စုနဲ့ လာတွေ့တာပေါ့ဗျာ။ ဆောင်းပါး ရေးတာကတော့ အစိုးရ အာဘော်လို့ ပြောရဖို့ ကတော့ တော်တော်လေး ခက်တယ်လေ။ ဆောင်းပါးမှာတော့ သူတို့ဘက်နဲ့ နီးစပ်တဲ့သဘောထား သို့မဟုတ် ဆောင်းပါး ရေးနိုင်တဲ့ အခွင့်အလမ်း ရှိတဲ့ သူတွေက ရေးတယ်လို့ပဲ ကျနော်တော့ ယူဆတယ်။ နိုင်ငံတော်အစိုးရအနေနဲ့ အာဏာပိုင်တွေ ဘက်က နေပြီးတော့ တရားဝင် ပြောတဲ့ စကား မဟုတ်ဘူးလို့ပဲ ကောက်ချက် ချရမှာ ဖြစ်ပါတယ်။ ဒါဟာ ၀န်ကြီး တပါးပါးသော် လည်းကောင်း၊ သတင်းစာ ရှင်းလင်းပွဲသော် လည်းကောင်း ထုတ်ပြန်ခြင်း မဟုတ်ဘဲနဲ့ ဆောင်းပါးရှင်ရဲ့အာဘော်လို့ပဲ ကျနော်တို့ ယူဆပါတယ်” ဟု ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ နိုဝင်ဘာ (၁၁) ရက်နေ့စွဲဖြင့် ပေးပို့ခဲ့သည့် စာတွင် ဗဟို အလုပ် အမှုဆောင်များနှင့် စုံညီ အစည်းအဝေး ကျင်းပခွင့် ပြုရန်လည်း တောင်းဆိုထားသည်။

“စီအီးစီတွေနဲ့ တွေ့ဆုံဖို့ ဒေါ်စုတောင်းဆိုထားတဲ့ ကိစ္စကိုလည်း ဖြစ်နိုင်လိမ့်မယ်လို့တော့ မျှော်လင့်ပါတယ်။ ဒေါ်စုကလည်း စီအီးစီတွေနဲ့ တွေ့ဖို့ကိစ္စကို အခု ဦးအောင်ကြည်နဲ့ တွေ့တဲ့ အခါမှာ ထပ်ပြီးတော့ ပြောကြားလိမ့်မယ်လို့ ကျနော်ယုံကြည်ပါတယ်” ဟု ဗဟို အလုပ် အမှုဆောင် တဦး ဖြစ်သည့် ဦးခင်မောင်ဆွေက ပြောသည်။

source by : ခေတ်ပြိုင်

0 ယောက်ရဲ့ထင်မြင်ချက်: