ထူးကုမ္ပဏီ ၀န်ထမ်းများ မောက်မာရိုင်းပျ
အောင်ကျော်မိုး | တခါသုံး ဂျီအက်စ်အမ် ပရီပေးကတ် (GSM Prepaid Card) များကို တဦးတည်း လက်ဝါးကြီးအုပ် ရောင်းချခွင့် ရထားသည့် ဦးတေဇပိုင် ထူးကုမ္ပဏီ ၀န်ထမ်းများ အလွန် မောက်မာ ရိုင်းပျကြောင်း ပရီပေးကတ် ၀ယ်ယူသူများက ပြောသည်။
အက်ဖ်အီးစီ (၂၀) တန် ပရီပေးကတ်ကို ပြီးခဲ့သည့် ဒီဇင်ဘာ (၇) ရက်က ထူးကုမ္ပဏီပိုင် ဆူးလေ ဘုရားလမ်းရှိ Myanmar Shopping Mall တွင် သွားရောက်ဝယ်ယူခဲ့သည့် အငြိမ်းစား ဗိုလ်မှူးကြီး တဦးက “ဒီ ထူးကုမ္ပဏီ ဆိုတာ တပ်မတော် အစိုးရ လက်ထက်မှာ အခွင့်အရေး မျိုးစုံရပြီး ကြီးပွား ချမ်းသာ လာတာ။ ခုတော့ ကျနော်တို့လို အငြိမ်းစား အရာရှိကြီး တွေကိုတောင် တိရစ္ဆာန်လို ဆက်ဆံတာခံရတာ သိပ်ခံပြင်းတယ်” ဟု ပြောသည်။
ကတ်ရောင်းချိန် နေ့ခင်း (၂) နာရီဟု သတ်မှတ် ထားသော်လည်း လာရောက် ၀ယ်ယူသူများကို ပုံမှန် မရှိဘဲ ပြောချင်သလိုပြော၊ ရောင်းချင် သလို ရောင်းချနေကာ မရောင်းလိုပါက ဆိုင်ထဲသို့ပင် ၀င်ခွင့်မပေးဘဲ မည်သည့် အချိန် ပြန်လည် ရောင်းချမည် ဆိုသည်ကို ပြောဆိုခြင်း မရှိကြောင်း စသဖြင့် မောက်မာစွာ ပြောဆို ဆက်ဆံသည်ဟု ကတ် ၀ယ်ယူရန် သွားရောက်ခဲ့သူများက ပြောကြသည်။

မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းသည် အက်ဖ်အီးစီ (၂၀) တန် ဂျီအက်စ်အမ် တခါသုံးဆင်းကတ် ထုတ်လုပ် ရောင်းချခွင့်ကို ၂၀၀၈ ဒီဇင်ဘာကစပြီး ထူးကုမ္ပဏီ လက်အောက်ခံ Central Marketing ကုမ္ပဏီကို တဦးတည်း ရောင်းချခွင့် ပေးခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ဆင်းကတ် တကတ်ကို တလ အတွင်းသာ သုံးခွင့်ရှိပြီး တလပြည့် သည်နှင့် နံပါတ်ပင် ပြန်သုံး၍ မရတော့ကြောင်း၊ ခေါ်ဆိုခ ဈေးကြီးခြင်း၊ ဖုန်းအ၀င် အတွက် ငွေပေးရခြင်း၊ နံပါတ် အသေမရခြင်း၊ တလသာ သုံးရခြင်း စသည့် ပြဿနာ အမျိုးမျိုး ရှိနေသော်လည်း ပုံမှန်ဂျီအက်စ်အမ် ဆင်းကတ်တခု အနည်းဆုံး ကျပ် (၁၇) သိန်းခန့် ပေါက်ဈေး ရှိနေသည့် အတွက် ငွေကြေး မတတ်နိုင် သူများက အဆိုပါ တခါသုံး ဆင်းကတ်ကို ၀ယ်သုံးကြသည်။
ဆင်းကတ် များကို Central Marketing ကုမ္ပဏီက အက်ဖ်အီးစီ (၂၀) သာ သတ်မှတ် ထားသော်လည်း တဆင့်ခံ ရောင်းသူ များကိုသာ ရောင်းချပေးနေပြီး အဆိုပါ တဆင့်ခံ ရောင်းသူများက ဆင်းကတ်တခု ကျပ် (၂၅,၀၀၀) ခန့် ရောင်းချနေသည့်အတွက် သာမန် ပြည်သူများက အက်ဖ်အီးစီ (၂၀) ဖြင့် ၀ယ်၍ရနိုင်သည့် ထူးကုမ္ပဏီပိုင် Shopping Mall တွင် လာရောက် ၀ယ်ကြခြင်း ဖြစ်သည်။
ထို့ကြောင့် အဆိုပါ မောလ်က ထူးကုမ္ပဏီ ၀န်ထမ်းများသည် တခါသုံး ကတ်များကို ပြိုင်ဘက် မရှိ ရောင်းချခွင့် ရကြပြီး မောက်မာ ရိုင်းစိုင်းခြင်း၊ တနေ့ မည်မျှ ရောင်းမည်၊ မည်သည့် အချိန်၌ ရောင်းမည်ဆိုသည်ကို ပွင့်ပွင့်လင်းလင်း ထုတ်ပြန်ခြင်း မရှိဘဲ မှောင်ခို ထုတ်ရောင်း နေကြခြင်း ဖြစ်သည်။
အဆိုပါ Central Marketing ကုမ္ပဏီသည် တနှစ် အတွင်း ဂျီအက်စ်အမ် ပရီပေးကတ် (၅) သိန်းနီးပါး ရောင်းချ ခဲ့ရပြီး ဒေါ်လာ (၁၀) သန်း ရရှိခဲ့ပြီ ဖြစ်သည်။ အဆိုပါ ကုမ္ပဏီသည် အက်ဖ်အီးစီ (၅၀) တန် စီဒီအမ်အေ တခါသုံးကတ် (၁) သောင်းကျော် ကိုလည်း ရောင်းချခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
source by : ခေတ်ပြိုင်

0 ယောက်ရဲ့ထင်မြင်ချက်:
Post a Comment