ရန်ကုန်တွင် သွေးလွန် တုပ်ကွေးကြောင့် သေဆုံးသူများ
မျိုးချစ်သူ | ရန်ကုန်တွင် ယခုနှစ် သွေးလွန် တုပ်ကွေးရောဂါ ဖြစ်ပွား၍ သေဆုံးသူ ယမန်နှစ်ကထက် ပိုများ လာကြောင်း ရန်ကုန်တိုင်း ကျန်းမာရေးဦးစီးဌာနမှ အရာရှိတဦးက ပြောသည်။
ယခုနှစ်တွင် အဖြစ်အများဆုံးမြို့နယ်တို့မှာ သင်္ကန်းကျွန်း၊ မြောက်ဥက္ကလာပ၊ သာကေတ၊ တာမွေ၊ တောင်ဥက္ကလာပတို့ ဖြစ်ကြပြီး မြို့နယ် (၄၅) မြို့နယ်လုံးတွင် ယခုနှစ်ဖြစ်ပွားသောအရေအတွက်မှာ စုစုပေါင်း (၃,၀၀၀) ခန့်ရှိကြောင်း ယင်းအရာရှိက ပြောသည်။
၎င်းက “ဖြစ်ပွားမှုက တလအတွင်းမှာ ဆိုရင် တချို့ မြို့နယ်တွေမှာ ရာကျော်ထိရှိတယ်။ ဒါတောင် စာရင်းက တိတိကျကျ ကောက်လို့ ရတာ မဟုတ်သေးဘူး။ လူမသိ သူမသိဘဲ ဖြစ်နေတာတွေက အများကြီး ရှိနေအုံးမှာလေ။ လာမယ့် မိုးမကျမီ ကာလမှာတော့ ကျန်းမာရေး ၀န်ကြီးဌာန အနေနဲ့ ဘာတွေ စီမံမယ်ဆိုတာ မသိသေးဘူး။ သွေးလွန်တုပ်ကွေးက ရာသီမရွေးတော့ဘူး။ ရန်ကုန်မှာက ရေဆိုး မြောင်းတွေ များတယ်၊ အဆိုးဆုံးက ရပ်ကွက်တွေမှာပေါ့။ အဖြစ်အများဆုံးကလည်း အဲဒီလို ရပ်ကွက်တွေပဲ” ဟု ပြောသည်။

ကျန်းမာရေး ဦးစီးဌာန အနေဖြင့် သွေးလွန် တုပ်ကွေး ရောဂါ ကာကွယ်ရေး ဟောပြောမှုကို ရပ်ကွက်များတွင် ပြုလုပ်သော်လည်း မထိရောက်ကြောင်း အဆိုပါ ကျန်းမာရေး ဌာနမှ အရာရှိက ပြောသည်။
“ဟောပြောမှုက ဘယ်လိုထိရောက်မှာလဲဗျာ။ မြို့နယ် (၄၅) မြို့နယ်လုံးမှာ ရပ်ကွက်တွေကြားထဲကို သွားရောက်ပြီး အနှံ့  ဟောပြောနိုင်ဖို့ဆိုတာက ကျန်းမာရေး ၀န်ထမ်းအင်အား များများလိုတယ်။ အခုက အဲဒီလို ပညာပေးမယ့်သူတွေ မလုံလောက် ဘူး” ဟု ၎င်းက ပြောသည်။
ယခုနှစ်တွင် သွေးလွန်တုပ်ကွေးရောဂါကြောင့် သေဆုံးသူ ဦးရေမှာ (၅၀) ခန့်ရှိကြောင်း၊ ပြီးခဲ့သည့်၂၀၀၈ ခုနှစ်က (၃၀) ခန့်ရှိခဲ့ ကြောင်း ရန်ကုန်တိုင်းကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ရန်ကုန် ပြည်သူ့ ကျန်းမာရေး အတွက် ရန်ကုန် စည်ပင် ကျန်းမာရေး ဌာနကလည်း ရန်ကုန်တိုင်းကျန်းမာရေး ဦးစီးနှင့် ပူးပေါင်းကာ သွေးလွန် တုပ်ကွေး ရောဂါ နှိမ်နင်းရေး တို့ကို ဆောင်ရွက်နေကြောင်း ရန်ကုန် စည်ပင် အရာထမ်း တဦးက ပြောသည်။
သို့သော် ကြိုတင် ကာကွယ်မှုများကို ထိရောက်စွာ မဆောင်ရွက် နိုင်ဘဲ လူကြီး လာကာနီးကျမှ အဖြစ်သဘော လုပ်ပြနေခြင်း ဖြစ်သည်ဟု တောင်ဥက္ကလာပ မြို့နယ်မှ အငြိမ်းစား ကျောင်းဆရာ တဦးက ပြောသည်။
၎င်းက “ကျနော်တို့ တောင်ဥက္ကလာပမှာ ဗိုလ်ချုပ်ကြီး မြင့်ဆွေ၊ ရန်ကုန်တိုင်းမှူး၊ မြို့တော်ဝန် လာပြီးတော့ သွေးလွန်တုပ်ကွေး ကာကွယ်မှုတွေကို လာကြည့်တယ်လို့ တွေ့ပါတယ်။ ဆိုးတာက အဲဒါဗျ။ သူတို့လာမလို့ လုပ်ပြတာကို အဟုတ်မှတ် နေတာပဲ။ အမှန်တော့ ဘာမှ လုပ်ပေးတာမဟုတ်ဘူး။ ခြင်ဆေးမှုတ်ရင်လည်း ပိုက်ဆံပေးမှ လာမှုတ်ပေးတာပါ။ သူတို့လာတဲ့နေ့ တွေမှာတော့ အလကားပေါ့ဗျာ။ သူတို့ပြောတော့ သွေးလွန် တုပ်ကွေး ကာကွယ်မှု တွေကို အပတ်စဉ် လုပ်နေတယ် ပေါ့ဗျာ။ သတင်းစာ ထဲမှာ လုပ်တာပါ။ သေကြအုံးမှာပဲ။ ဒီလို ဟန်ပြ လုပ်နေကြမယ် ဆိုရင်ပေါ့” ဟု ပြောသည်။
source by : ခေတ်ပြိုင်

0 ယောက်ရဲ့ထင်မြင်ချက်:
Post a Comment