ပြည်ပ ဆန်တင်ပို့မှု ဦးပိုင် လီမိတက် လက်ဝါးကြီးအုပ်
မေကျော် | ပြည်ပ ဆန်တင်ပို့မှု လုပ်ဆောင်ရန် စစ်တပ် ကျောထောက် နောက်ခံ စီးပွားရေး အုပ်စုဖြစ်သည့် ပြည်ထောင်စု မြန်မာနိုင်ငံ စီးပွားရေး ဦးပိုင် လီမိတက်က ဆန်အထူးပြု ကုမ္ပဏီ (၃) ခုနှင့် ပူးပေါင်းကာ ပြည်ပဆန်တင်ပို့မှု ကော်မတီ တရပ် ဖွဲ့စည်းလိုက်သည်။
ရာသီဥတု ဖောက်ပြန်မှုကြောင့် ကမ္ဘာ့ဆန်ဈေးကွက် လိုအပ်ချက် မြင့်လာပြီး ကမ္ဘာ့ဆန်ဈေးတက်နေချိန်တွင် ဆန် ပြည်ပတင်ပို့မှု ကို လက်ဝါးကြီးအုပ် လုပ်ကိုင်ခွင့်ရရှိခြင်းဖြစ်သည်။
“ဖိလစ်ပိုင် တနိုင်ငံတည်းကကို ဒီနှစ် ဆန်တန်ချိန် (၁၈) သိန်း၊ (၂၀) သိန်းလောက် တင်ဒါခေါ်တယ်။ ကမ္ဘာ့ဈေးကွက်မှာ ဆန်ဈေးက မြင့်နေတယ်။ အခု ပြည်တွင်းဆန်ဈေးက ထိုးကျနေတယ်။ အခု သူတို့လုပ်တာက ပြည်ပကို ဈေးအမြင့်နဲ့ ရောင်းမယ်။ ပြည်တွင်းဆန်ဈေးကိုတော့ မတက်အောင် ထိန်းမယ်ဆိုပြီး ရည်ရွယ်တယ်” ဟု ကုန်သည် စက်မှု အသင်း အမှုဆောင် တဦးက ပြောသည်။

၂၀၁၀ ရွေးကောက်ပွဲ ကာလ အတွင်း ဗျူဟာသီးနှံဖြစ်သည့် ဆန်ဈေးမတက်ရေး ထိန်းချုပ်လိုခြင်း ဖြစ်နိုင်သော်လည်း ယခုကဲ့သို့ လုပ်ဆောင်လိုက်ခြင်းကြောင့် စိုက်ပျိုးထုတ်လုပ်သူ တောင်သူများ၏ စားဝတ်နေရေးနှင့် နောက်နှစ်တွင် စိုက်ပျိုးထုတ်လုပ်ရန် အခက်တွေ့နိုင်ကြောင်း ဆန်ကုန်သည်အသိုင်းအ၀ိုင်းက သုံးသပ်သည်။
“ပြည်တွင်း ဈေးကွက်ကြောင့် ဘေးကြား (ပေါ်ဆန်းမွှေး) က ဈေးမကျဘူး။ ဆန်ကြမ်းက ဈေးမရှိဘူး။ လယ်သမားတွေ ဒုက္ခ ရောက်တာပေါ့။ တချို့စားစရာတောင် မရှိဘူး” ဟု ကျိုက်လတ်မြို့မှ ဆန်ကုန်သည်တဦးက ပြောသည်။
ပြည်ပဆန်တင်ပို့ခွင့်အတွက် မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်းနှင့် ဆန်စက်လုပ်ငန်းရှင်များအသင်းက အများပိုင်ကုမ္ပဏီများ ဖွဲ့စည်းကာ တည်ထောင်လုပ်ကိုင်ခွင့် တင်ပြတောင်းခံသော်လည်း ဖွဲ့စည်းလုပ်ကိုင်ခွင့် မပြုခဲ့ကြောင်း သိရသည်။
စစ်တပ် ကျောထောက်နောက်ခံ ဦးပိုင်လီမိတက်က ပြည်တွင်း စားအုန်းဆီ တင်သွင်းခွင့်၊ ဒီဇယ်တင်သွင်းခွင့်၊ ကားတင်သွင်းခွင့်ကဲ့သို့ အထူးအခွင့်အရေးများကို ရယူနေပြီး နှစ်စဉ် စပါး၊ ပဲ တင်ပို့မှုကိုပါ လုပ်ဆောင်နေသည်။
သို့သော် ယခုကဲ့သို့ တဦးတည်းက လက်ဝါးကြီးအုပ် လုပ်ဆောင်လာခြင်းကိုမူ ကုန်သည်စက်မှုအသိုင်းအ၀ိုင်းမှ မကျေမနပ် ဖြစ်နေကြောင်း သိရသည်။
“နှစ်တိုင်းလည်း လုပ်နေကြတာပါ။ ဆန်၊ ပဲ သူတို့ မပို့မှ ကျန်တဲ့ကုန်သည်က အရိုးအရင်း ပို့ခွင့်ရတာပါ။ အခုလို လုပ်တာကတော့ ဆန်ဈေးကွက်ကို ဖျက်ဆီးလိုက်သလို ဖြစ်သွားပါတယ်။ ကုန်သည်တွေရဲ့နေရာ ပျောက်သွားတယ်။ ပို့လို့ မရတာတော့ မဟုတ်ဘူး။ ကိုယ်က ပို့ချင်ရင် သူတို့နဲ့ ဝေစားမျှစား လုပ်ရတော့တာပေါ့” ဟု ကျိုက်လတ်မြို့မှ ဆန်ကုန်သည်က ပြောသည်။
ယခုနှစ် ပြည်ပ ဆန်တင်ပို့မှု တန်ချိန် (၁) သန်းထိ တိုးမြှင့်တင်ပို့ရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံ ဆန်ကုန်သည်များအသင်းမှ သိရသည်။
source by : ခေတ်ပြိုင်

0 ယောက်ရဲ့ထင်မြင်ချက်:
Post a Comment