12/02/2009

ခုခံအား ကျဆင်းမှု တိုက်ဖျက်ရေး လွတ်လပ်စွာ ဆောင်ရွက်ခွင့် မရသေး

မင်းနိုင်သူ | မြန်မာနိုင်ငံ အတွင်း ခုခံအား ကျဆင်းမှု ရောဂါ (AIDS) နှင့် စပ်လျဉ်းသည့် အသိပညာ ပေးမှုများကို တွင်ကျယ်စွာ ဆောင်ရွက် နိုင်ခွင့် မရသေးကြောင်း အန်အယ်လ်ဒီ အေ့စ်ရောဂါသည် အကူအညီပေးရေး အဖွဲ့မှ မဖြူဖြူသင်းက ကမ္ဘာ့ခုခံအား ကျဆင်းမှု ရောဂါ တိုက်ဖျက်ရေးနေ့တွင် ပြောသည်။

“ဒီနေ့တော့ အစိုးရဘက်က ကားလေးစီးနဲ့ ကွန်ဒုံးတွေ ဝေနေတာကို မြင်တွေ့ရတယ်။ သူတို့ တကယ် လုပ်မယ် ဆိုရင် World AIDS Day လောက်တင် လုပ်ပြရမှာ မဟုတ်ဘူး။ ဟိုးအရင်ကတည်းက ၂၀၀၂ ခုနှစ်လောက်ကစပြီး တနိုင်ငံလုံး အတိုင်းအတာနဲ့ လုပ်ခဲ့ရမယ့် ဟာတွေပါ။ အခုလို လုပ်တာကိုတော့ ကြိုဆို ပါတယ်။ အခြား လူတွေကိုလည်း လုပ်ခွင့် ပေးနိုင်ရမယ်လေ” ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံသို့ Global Fun မှ အကူအညီများ ၀င်ရောက် လာတော့မည့် အပေါ်ကိုလည်း သူမက ကြိုဆို လိုက်ပြီး အန်ဂျီအို အဖွဲ့များ အနေဖြင့် လွတ်လပ်စွာ သွားလာ လှုပ်ရှားခွင့်၊ ပညာပေးခွင့် ရနိုင်မှု ရှိမရှိကိုမူ စိုးရိမ်မိသည်ဟု ပြောသည်။

မြန်မာ စစ်အစိုးရထုတ် မြန်မာ့အလင်း သတင်းစာတွင် မြန်မာနိုင်ငံ၌ AIDS ရောဂါဖြစ်ပွားမှုမှာ ၂၀၀၀ ပြည့်နှစ်တွင် (၀.၉၄) ရာခိုင်နှုန်းရှိရာမှ ၂၀၀၇ ခုနှစ်တွင် (၀.၆၇) ရာနှုန်းသို့ ကျဆင်းခဲ့သည်ဟု ဖော်ပြ ထားသော်လည်း လက်ရှိ ဖြစ်ပွားမှုနှုန်းကို ဖော်ပြထားခြင်း မရှိပေ။

မြန်မာ နိုင်ငံရှိ ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ အန်အယ်လ်ဒီ ပါတီ ဌာနချုပ်ရုံးတွင်လည်း ခုခံအားကျဆင်းမှု ရောဂါ တိုက်ဖျက်ရေးနေ့ အခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။

“တိုင်းနဲ့ ပြည်နယ် အသီးသီးက ဝေဒနာသည်တွေကို ကျွေးမွေးတယ်။ ပျော်ပျော် ရွှင်ရွှင် ဖြစ်သွားအောင် ကံစမ်းမဲလေးတွေ ဖောက်ပေးတယ်။ နောက် စီးအီးစီက အဘ ဦးဝင်းတင်နဲ့ ဦးညွန့်ဝေတို့က အားပေး စကား ပြောပါတယ်” ဟု မဖြူဖြူသင်းက ပြောသည်။

မြန်မာနိုင်ငံမှ ခုခံအား ကျဆင်းမှု ဝေဒနာသည်များ အနေဖြင့် ၂၀၀၇ ခုနှစ်တွင် 3 D Fun ၀င်ရောက်ခဲ့မှုကြောင့် ယခင်ထက် ဆေးဝါး ပိုမို ရရှိလာသော်လည်း အမှန်တကယ် လိုအပ်သည့် ပမာဏကို ပြည့်မီခြင်း မရှိသေးဟုလည်း ၎င်းက ပြောသည်။

“အခု လက်ရှိ အချိန်မှာ တိုင်းနဲ့ပြည်နယ် အသီးသီးမှာရော၊ ရန်ကုန်မှာရော ARV ဆေးဝါးရဖို့ စောင့်နေရတဲ့ လူနာတွေ အများကြီး ရှိနေဆဲပဲ။ ပေးနိုင်တဲ့ အားနဲ့ လိုအပ်နေတဲ့ အားက ကွာဟမှုများ နေပါသေးတယ်” ဟု သူမက ပြောသည်။

မြန်မာ နိုင်ငံတွင် ခုခံအား ကျဆင်းမှု ရောဂါသည်များအား အသိပညာ ဖြန့်ဝေခြင်း၊ အကူအညီ ပေးခြင်းတို့ ပြုလုပ်သော အစိုးရ မဟုတ်သည့် အဖွဲ့အစည်းများကို အာဏာပိုင် အဆင့်ဆင့်က အနှောင့်ယှက် ပေးလေ့ ရှိသည့် သတင်းများ မကြာခဏ ပေါ်ထွက်လေ့ရှိပြီး ၂၀၀၇ ခုနှစ် အတွင်းက နယ်မှ ခုခံအား ကျဆင်းမှု ရောဂါသည်များကို လက်ခံ ကုသ ပေးနေသည့် မဂ္ဂင် ကျောင်းတိုက်ကို အာဏာပိုင်များက ချိပ်ပိတ်ခဲ့သည်။

source by : ခေတ်ပြိုင်

0 ယောက်ရဲ့ထင်မြင်ချက်: