12/02/2009

နယ်စပ် အာဏာပိုင်နှင့် ပွဲစားများကြောင့် ငါးဖမ်းလှေတွင် (၂) ကြိမ် ရောင်းစားခံရသူ ရှိလာ

ဝီရ | မြန်မာ အလုပ်သမား ကူညီ စောင့်ရှောက်ရေး အဖွဲ့တို့၏ အကူအညီဖြင့် ထိုင်းငါးဖမ်းလှေများမှ လွတ်မြောက် လာသူ တို့ကို နယ်စပ်ရှိ ထိုင်းအာဏာပိုင်နှင့် ပွဲစားတို့က ထိုင်းနိုင်ငံ အတွင်းပိုင်းသို့ ပြန်လည် ရောင်းစားသည့် ဖြစ်ရပ်များ ရှိနေကြောင်း မြန်မာ အလုပ်သမားများအား ကူညီနေသည့် အဖွဲ့တဖွဲ့မှ တာဝန်ရှိသူ တဦးက ပြောသည်။

၎င်းက “ငါးဖမ်းလှေမှာ ရောင်းစား ခံရတဲ့ လူတွေကို ကျနော်တို့က ကူညီပြီး အမှု ပြီးပြတ် သွားတော့ ထိုင်းအာဏာပိုင်တွေက နယ်စပ်ကို ပြန်ပို့တဲ့ အခါမှာ ပွဲစားတွေ လက်ထဲကို ပြန်ရောက်သွားပြီး ငါးဖမ်းလှေတွေမှာ ပြန်ရောင်းစား ခံနေရတယ်။ မင်းတို့ကို ဘတ် (၂,၀၀၀) နဲ့ ထိုင်းရဲဆီကနေ ထုတ်လာခဲ့ရတာ ဘတ်ငွေ (၂,၀၀၀) ရှိရင် ပေး၊ မပေးရင် ဒီကေဘီအေ ဒါမှ မဟုတ် မြန်မာ စစ်တပ် လက်ထဲကို အပ်လိုက်မယ်လို့ ခြိမ်းခြောက်ပြီး ထိုင်းငါးဖမ်းလှေတွေမှာ ပြန်ရောင်းစားခံရတယ်” ဟု ပြောကြားသည်။

မြဝတီ နယ်စပ်သို့ ရောက်ရှိပြီးမှ ယင်းကဲ့သို့ အတင်းအဓမ္မ ပြန်လည် ရောင်းစားခံရသူ အချို့တို့က အဆက်အသွယ် လုပ်ကာ အကူအညီ တောင်းခံ နေသည်ဟုလည်း စမွတ်စခွန် အခြေစိုက် အလုပ်သမား ကူညီရေး အဖွဲ့မှ တာဝန်ရှိသူက ဆက်လက် ပြောသည်။

၎င်းက “အကူအညီ တောင်းတဲ့သူ (၃) ယောက်က ထိုင်းတောင်ပိုင်း ထရန်း (Trang) ကမ်းခြေမြို့မှာ ပြန်ရောင်းစားခံရတာ။ အဲဒီအထဲက တယောက်က ကျနော်တို့ ဖုန်းနံပါတ်ကို မှတ်မိနေတော့ ဖုန်းဆက်တယ်။ ဒါနဲ့ အမှုတိုင်ပြီး နိုဝင်ဘာ (၂၃) ရက်နေ့က သွားကယ်ခဲ့တယ်။ ဒါပေမယ့် ပြန်ရောင်းစား ခံရတဲ့ (၃) ယောက်ထဲက (၁) ယောက်ပဲ ရခဲ့တယ်။ ကျန်တဲ့ (၂) ယောက်က ပင်လယ်ထဲ စက်လှေထွက်သွားလို့ မမီလိုက်ဘူး” ဟု ပြောသည်။

ကယ်တင်စဉ်တွင် အကူအညီ တောင်းခံသူနှင့် အတူ အလားတူ ရောင်းစား ခံရသည့် မြန်မာ နိုင်ငံသား (၅၀) ကျော်ကိုလည်း ကူညီနိုင် ခဲ့ကြောင်း သိရသည်။

လွတ်မြောက်လာသူ ကိုမင်းနိုင်က “ဒီ (၅၀) ထဲမှာ တယောက်က ဒီမှာ ရောင်းစား ခံထားရတာ (၃) နှစ် တောင်ရှိပြီ။ အခြား တယာက်က (၁) နှစ်ခွဲ၊ ကျန်တာ (၇) လကျော် အလုပ်လုပ် ခဲ့ကြရတယ်။ စက်လှေ ပိုင်ရှင် တချို့က စိတ်ထား ကောင်းပေမယ့် ကျနော် တို့ကို လာရောင်းတဲ့ ပွဲစား ကိုဟန်ကျော်ရယ်။ နောက်ပွဲစား မမြင့်စမ်းက မြန်မာပြည်ကပဲ။ ပထမတုန်းက သူတို့ပြောတာ ဒီမှာ (၅) လလောက် လုပ်ပြီးရင် အကြွေးကြေပြီတဲ့။ ဒါပေမယ့် (၇) လကျော်တဲ့ အထိ သွားခွင့် မပေးဘဲနဲ့ ကမ်းဘေးက အိမ်မှာ အပြင်ကနေ သော့ခတ်ပြီး ကျနော်တို့ကို ပိတ်လှောင် ထားတယ်။ အခု လွတ်သွားပေမယ့် မပြန်ရဲသေးဘူး။ ပြန်ရောင်းစား ခံရရင် ဘယ်လို လုပ်မလဲ” ဟု ပြန်လည်ရှင်းပြသည်။

ထိုင်းအထူးရဲ တပ်ဖွဲ့နှင့် အလုပ်သမား ကူညီ စောင့်ရှောက်ရေး အဖွဲ့တို့က ပူးပေါင်း၍ စက်လှေ (၂) စင်းပေါ်တွင် ရောင်းစား ခံခဲ့ရသူများကို ကယ်တင် နိုင်ခဲ့ခြင်း ဖြစ်ပြီး စက်လှေ ပိုင်ရှင်များကို ဖမ်းဆီး နိုင်ခဲ့သော်လည်း ပွဲစား (၂) ဦးစလုံး တိမ်းရှောင် သွားခဲ့ကြောင်း သိရသည်။

လှေဝင်ချိန်တွင် မန်နေဂျာ ဆိုသူက အလုပ်သမား တယောက်ကို ဘတ် (၃၀၀) သာ ပေးပြီး ကျန်သည့် လုပ်အားခများကို ပွဲစားများက လာရောက် ထုတ်ယူ သွားသည့် အတွက် လုပ်အားခ မည်မျှ ရရှိသည်ကို အတိအကျ မသိရကြောင်း အလုပ်သမားများက ပြောသည်။

ကိုမင်းနိုင်က “ကျနော်တို့ကို ပွဲစားက ဘတ်ငွေ (၁၅,၀၀၀) ဝန်းကျင်နဲ့ ဝယ်ထားတယ် လို့တော့ လှေ မန်နေဂျာက ပြောပြတယ်။ ဒါပဲသိရတယ်။ ထွက်ပြေးလို့ ပြန်မိရင် ဟိုး အင်ဒိုနီးရှား ထွက်တဲ့ စက်လှေတွေကို ပြန်ရောင်းတာ။ အဲဒီလို ခြိမ်းခြောက် ထားတော့ ကျနော်တို့ မပြေးရဲဘူးပေါ့” ဟု ခေတ်ပြိုင်သို့ ပြောသည်။

source by : ခေတ်ပြိုင်

0 ယောက်ရဲ့ထင်မြင်ချက်: