ဆိုင်ကယ် လိုင်စင်ကြေးမြင့်၍ မကျေနပ်
လင်းနိုင်ဦး | စစ်အစိုးရက ဒီဇင်ဘာ (၁) ရက်နေ့မှ စပြီး လိုင်စင်မဲ့ ဆိုင်ကယ်များကို လိုင်စင်ပြုလုပ်ခွင့် ပေးနေသော်လည်း လိုင်စင်ကြေး အလွန် ကြီးမြင့်ခြင်းကြောင့် မော်လမြိုင်မြို့ အပါအဝင် တနင်္သာရီတိုင်းနှင့် ထိုင်း နယ်စပ်မြို့တို့မှ ဆိုင်ကယ်ပိုင်ရှင်များ မကျေမနပ် ဖြစ်နေကြသည်။
လိုင်စင်မဲ့ ဆိုင်ကယ် တစီးလျှင် ကျပ် (၆) သိန်းကျော် ပေးရမည် ဖြစ်သည့် အတွက် လိုင်စင်ကြေး ကြီးမြင့် နေမှုကြောင့် မော်လမြိုင်မြို့တွင် လိုင်စင် စဖွင့်ဖွင့်ချင်း နေ့၌ လူ (၈) ဦးသာ လာရောက်မှတ်ပုံတင် ခဲ့ကြောင်း ကညနဝန်ထမ်းတဦးက ပြောသည်။
မော်လမြိုင်မြို့ခံတဦးက “ခု လိုင်စင်ကြေးဟာ မနှစ်ကထက် (၃) ဆနီးပါး များနေတယ်။ ဒီတော့ လိုင်စင် လာမလုပ်ကြတာဟာ မကျေနပ်တာကို ပြတဲ့သဘောပေါ့” ဟု ပြောသည်။
မော်လမြိုင်၊ ရေး၊ ထားဝယ်၊ မြိတ်၊ ကော့သောင်း၊ တာချီလိတ်နှင့် အနီးဝန်းကျင် မြို့ရွာတို့တွင် အသုံးပြုနေသည့် ဆိုင်ကယ်အားလုံး လိုလိုမှာ ထိုင်းနိုင်ငံလုပ်ဖြစ်သည့်အတွက် အဆိုပါ မြို့နယ်တို့လွင်လည်း လိုင်စင်ဈေးနှုန်းကြောင့် လိုင်စင်သွားလုပ်သူ နည်းနေကြောင်း သိရသည်။

နအဖ စစ်အစိုးရက ယခု ဒီဇင်ဘာ (၁) ရက်နေမှစ၍ ၂ဝ၁ဝ ဇန်နဝါရီ (၃၁) ရက်အထိ လိုင်စင်မဲ့ ဆိုင်ကယ်များကို လိုင်စင်ပြုလုပ်ပေးမည်ဟု သက်ဆိုင်ရာ ပြည်နယ်တိုင်း အသီးသီးရှိ ကညနရုံးတို့တွင် ကြေညာထားသည်။
လိုင်စင်ကြေးများကိုမူ မော်ဒယ်နှင့် အင်ဂျင်ပါဝါအလိုက်သတ်မှတ်ထားပြီး တရုတ်နိုင်ငံလုပ်ဆိုင်ကယ်တစီး အနိမ့်ဆုံး ကျပ် (၁၁၀,၆ဝဝ) မှ အမြင့်ဆုံး (၁၉၃,၁ဝဝ) ကျပ်၊ ထိုင်းနိုင်ငံလုပ်ဆိုပါက အနိမ့်ဆုံး (၃၁၆,၈၅ဝ) ကျပ်မှအမြင့်ဆုံး ကျပ် (၆၄၆,၈၅ဝ) ဖြစ်ကာ ဂျပန်လုပ်တို့မှာမူ အနိမ့်ဆုံး ကျပ် (၅၆၄,၃၅ဝ) မှ အမြင့်ဆုံး (၇၇၀,၆ဝဝ) ကျပ် ဖြစ်သည်။
ယခု ထုတ်ပေးသည့် နံပါတ်များမှာ ၁၇ယ၊----- နံပါတ်များဖြစ်ပြီး တနိုင်ငံလုံး စီးနင်းခွင့်ရှိသော်လည်း အစိုးရ စက်သုံးဆီဆိုင်တို့မှ ဓာတ်ဆီကို ခွဲတမ်းဖြင့် ရောင်းချပေး မပေးကိုမူ မသိရသေးပေ။
အလားတူ ယခင် ၂ဝဝ၈ နှင့် ရှေ့ပိုင်းတွင် မှတ်ပုံတင် ထားသည့် ဒေသတွင်း စီးနင်းခွင့်ရှိသည့် လိုင်စင်များကို သက်တမ်းတိုးသည့်အခါ လိုင်စင် ပုံစံပြောင်းပြီး အခွန်တိုးမြှင့် ကောက်ခံမည်ဟု သတင်းများ ထွက်ပေါ်နေသည်။
စစ်အစိုးရသည် ပြီးခဲ့သည့် ၂ဝဝ၈ ကုန်ခါနီးကလည်း တပြည်လုံး အတိုင်းအတာဖြင့် without ဆိုင်ကယ်များကို ဒေသတွင်း စီးခွင့်ရှိသည့် ဆိုင်ကယ်များအဖြစ် လိုင်စင်ပြုလုပ်ပေးခဲ့ပြီး အဆိုပါ (၄) လတာ ကာလအတွင်း ဆိုင်ကယ် အစီးရေပေါင်း တသန်းနီးပါး (၉၄ဝ,ဝ၃ဝ) အတွက် အခွန်ဝင်ငွေ စုစုပေါင်း ကျပ် ဘီလီယံ (၁ဝဝ) ကျော် ရရှိခဲ့သည်။
source by : ခေတ်ပြိုင်

0 ယောက်ရဲ့ထင်မြင်ချက်:
Post a Comment