မလေးရှားရှိ မြန်မာ (၁) သောင်းကျော် ဒုက္ခသည် အဖြစ် အသိအမှတ် ပြုခံရ
ဝီရ | တိုင်းရင်းသား အများစု ပါဝင်သည့် မြန်မာနိုင်ငံသား (၁) သောင်းကျော်ကို မလေးရှား နိုင်ငံ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ဒုက္ခသည်အသိအမှတ်ပြုလက်မှတ်များ ထုတ်ပေးခဲ့ကြောင်း သိရသည်။
၎င်းတို့အနက် ချင်းတိုင်းရင်းသား (၅,၀၀၀) ခန့်၊ မွန် (၂,၀၀၀) ခန့်နှင့် ရှမ်း၊ ကရင်၊ မြန်မာ မွတ်စလင်၊ ကချင်တို့က (၁,၀၀၀) ကျော်စီ ပါဝင်ကြောင်း၊ ထိုပမာဏသည် ၂၀၀၉ ခုနှစ်တွင် ဒုက္ခသည် အဖြစ် လျှောက်ထား သူ၏ တဝက်ခန့် ရှိကြောင်း မလေးရှား အခြေစိုက် ဒုက္ခသည် အရေး ကူညီနေသည့် အဖွဲ့တို့က ပြောသည်။
“ဒီနှစ်ထဲမှာ ချင်း (၅,၀၀၀) လောက် အသိအမှတ်ပြုကတ် ရသွားတယ်။ ချင်းတွေအတွက် အများဆုံးထုတ်ပေးတာ ဖြစ်တယ်” ဟု ချင်း ဒုက္ခသည်များ ကော်မတီမှ တာဝန်ရှိသူတဦးက ပြောသည်။

မြန်မာပြည်တွင် လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် မလေးရှား နိုင်ငံ ရောက်နေသည့် ချင်းလူမျိုး (၃၀,၀၀၀) ကျော် ရှိသည့် အထဲမှ ဒုက္ခသည် အဖြစ် အသိမှတ် ပြုခံထားရသူ (၂၀,၀၀၀) ကျော်ရှိကြောင်း ၎င်းက ပြောကြားသည်။
ပြီးခဲ့သည့် နိုဝင်ဘာ (၂၁) ရက်နေ့က ဒုက္ခသည် အသိအမှတ်ပြုကတ်ပြား ထုတ်ပေးခဲ့ရာတွင် မွန်လူမျိုး (၂,၀၀၀) ခန့် ရှိကြောင်း မွန် ဒုက္ခသည် ကူညီပေးနေသူ နိုင်ဥက္ကာက ပြောသည်။
၎င်းက “ကျနော်တို့ မွန်လူမျိုးတွေ အတွက် အသိအမှတ် ပြုတာ ဒီနှစ်မှာ အများဆုံးပေါ့။ ၂၀၀၉ မှာ နာမည် တင်ထားတဲ့သူ (၃,၀၀၀) ကျော်ထဲက (၂,၀၀၀) လောက်ရတယ်။ အရင်နှစ်တွေ ဆိုရင် မွန် အတွက် အယောက် ရာချီပဲ ထုတ်ပေးတယ်။ ဒီမှာ မွန်တွေ အမှန်တကယ် ရှိနေတာက တရားမဝင် ရွှေ့ပြောင်း အလုပ်သမားဘဝနဲ့ (၅၀,၀၀၀) ကျော်တယ်။ သူတို့တွေ ခက်ခက်ခဲခဲ ပုန်းရှောင်ပြီး နေနေကြရတယ်။ ဒီကတ်ရသွားရင် သွားရေး လာရေးမှာ အခက်အခဲ မရှိတော့ဘူးပေါ့” ဟု ပြောသည်။
UNHCR က ၂၀၀၁ ခုနှစ်မှ စ၍ မလေးရှား နိုင်ငံရှိ မြန်မာ နိုင်ငံသားများကို ဒုက္ခသည် အဖြစ် စတင် အသိအမှတ် ပြုခဲ့သော်လည်း မွန် လူမျိုးများကို ၂၀၀၈ ခုနှစ်မှသာ စတင် ဆောင်ရွက်ပေးခဲ့ကြောင်း နိုင်ဥက္ကာက ဆက်လက်ပြောကြားသည်။
၂၀၀၉ ခုနှစ်တွင် မလေးရှား UNHCR က ဒုက္ခသည် အသိအမှတ်ပြုပေးရာတွင် ရခိုင်နှင့် မြန်မာလူမျိုး အနည်းအကျဉ်းသာ ပါဝင်ကြောင်း သိရသည်။
ကွာလာလမ်ပူမှ ခိုင်စိုးနိုင်က “ဒီနှစ်မှာ စာရင်းသွင်းတဲ့အထဲမှာ ကျနော်တို့ ရခိုင်တွေကို မခေါ်ဘူး။ ဒီနှစ်ထဲမှာ ကတ်ရသွားတဲ့လူ အယောက် (၅၀) တောင် မပြည့်ဘူး။ ဘာကြောင့်လဲဆိုတာတော့ မသိဘူး။ အရင်နှစ်တွေက ရခိုင်အတွက် သက်သက်ခွဲပြီး စာရင်းပေးသွင်းတာ ရှိတယ်လေ။ ၂၀၀၈ ကတည်းက ကျန်နေတဲ့ စာရင်းသွင်းထားတဲ့လူတွေကိုတောင်မှ အင်တာဗျူး မခေါ်သေးဘူး။ မြန်မာလူမျိုးတွေကိုလည်း ဒီအတိုင်းပဲ စာရင်းမသွင်းခိုင်းဘူးလို့ ကြားတယ်” ဟု ပြောသည်။
မလေးရှား UNHCR ၏ ဒုက္ခသည် အဖြစ် အသိအမှတ်ပြု ခံရသူများသည် သြစတြေးလျ၊ အမေရိကန်၊ ကနေဒါနှင့် ဥရောပနိုင်ငံအချို့တွင် အခြေချနေထိုင်ခွင့် ရရှိကြမည် ဖြစ်သည်။
မလေးရှားနိုင်ငံသည် ဒုက္ခသည် ခိုလှုံခွင့်နှင့် ပတ်သက်သည့် ကုလသမဂ္ဂ၏ သဘောတူညီမှု စာချုပ်တွင် လက်မှတ် ရေးထိုးထားခြင်း မရှိသေးသော်လည်း မလေးရှား နိုင်ငံရှိ ဒုက္ခသည် အသိအမှတ် ပြုခံထားရသူများ အနေဖြင့် အလုပ်လုပ်ပိုင်ခွင့် အပါအဝင် အခွင့်အရေး တချို့ ရရှိကြ၍ ထိုင်းနိုင်ငံမှ တဆင့် ခရီးစရိတ် ဘတ်ငွေ (၂) သောင်းခန့် ကုန်ကျကာ လာရောက်လျှောက်ထားသူ များပြား လာနေကြောင်း သိရသည်။
မလေးရှား နိုင်ငံတွင် မြန်မာနိုင်ငံသား (၅) သိန်းကျော် ရှိမည်ဟု ခန့်မှန်းရပြီး ၂၀၀၉ အောက်တိုဘာလ အထိ ဒုက္ခသည် အဖြစ် အသိအမှတ်ပြုရန် စာရင်း တင်သွင်းထားသူ မြန်မာ နိုင်ငံသား (၆) သောင်းကျော်ရှိကြောင်း UNHCR က ထုတ်ပြန်ထားသည်။
source by : ခေတ်ပြိုင်

0 ယောက်ရဲ့ထင်မြင်ချက်:
Post a Comment