12/11/2009

ဗန်းမော်မြို့တွင် လောင်းကစားနှင့် ခိုးဆိုးလုယက်မှု ထူပြော

ပေါက်ပေါက် | ကချင် ပြည်နယ်၊ ဗန်းမော်မြို့တွင် နှစ်လုံးထီ၊ သုံးလုံးချဲထီနှင့် ဘောလုံး လောင်းကစား ဒိုင်များက အာဏာပိုင်များကို လာဘ်ငွေပေးကာ လုပ်ကိုင်နေကြသဖြင့် မြို့နယ်အတွင်း လောင်းကစား လုပ်ငန်းများ ကျယ်ပြန့်လာနေသကဲ့သို့ အကျိုးဆက်အနေဖြင့် ခိုးဆိုးလုယက်မှုများလည်း ပေါများလာသည်။

ဗန်းမော်မြို့ရှိ ခရိုင်၊ မြို့နယ်၊ ရပ်ကွက် အာဏာပိုင်အဆင့်ဆင့်နှင့် ရဲ၊ အထူးစုံးစမ်းစစ်ဆေးရေး (စစစ) တို့အား လာဘ်ငွေပေးနေသဖြင့် လောင်းကစားလုပ်ငန်းမှာ တရားဝင်ကဲ့သို့ ဖြစ်လာနေသည်ဟု ဗန်းမော်ဒေသခံတဦးက ပြောသည်။

၎င်းက “လာဘ်ငွေ မရတာ ဆိုလို့ မိခင်နဲ့ကလေးနဲ့ မီးသတ် ဌာန လောက်ပဲ ကျန်မယ် ထင်တယ်။ ဌာန ဆိုင်ရာတွေကို ပေးကမ်းထား တယ်ဆိုတော့ အမိန့်ရလောင်းကစားလုပ်ငန်းလို တရားဝင်ဖြစ်နေတာ။ လက်ဖက်ရည်ဆိုင်မှာလည်း လူတွေက နှစ်လုံး၊ သုံးလုံးတွက်၊ ဈေးသည်တွေ ကလည်း ဒါတွေပဲ လုပ်နေကြတာ။ ကျောင်းသား၊ ကျောင်းသူတွေအစ ညက အိပ်မက် ဘယ်လို မက်တာ၊ မနက်က လမ်းမှာ အတိတ်စိမ်း ရလာတယ်၊ အဲလိုတွေ ဖြစ်လာတော့တာ။ အခုက တခွင်တပြင် အဲလိုဖြစ်နေတာ” ဟု ပြောသည်။

အိမ်မက်ထဲတွင် ဘာမြင်မက်လျှင် ဘယ်ဂဏန်း ထိုးရမည်၊ တွေ့မြင် ရခဲ့သည့် ဖြစ်ရပ်၊ အရာဝတ္ထုများ အပေါ် အတိတ်စိမ်း ကောက်ပြီး မည်သည့်ဂဏန်းထိုးရမည်ဟု ရေးသားပြုစုထားသော စာရွက်၊ စာအုပ်များ၊ ချဲကလင်ဒါဟု ခေါ်နေသည့် သုံးလုံးချဲထီ ပေါက်ဂဏန်များအား ဆယ်စုနှစ်နှင့်ချီပြီး ပြုစုထားချက်များကို လောင်းကစား လုပ်သူများက ကိုင်ဆောင်တွက်ချက်နေကြသည် ဟု အဆိုပါ ဗန်းမော်ဒေသခံက ပြောသည်။

ဗန်းမော် မြို့နယ် အတွင်း ချဲ၊ နှစ်လုံးထီ တို့အား ဆိုင်ကယ်၊ စက်ဘီးတို့ဖြင့် လိုက်လံရောင်းချသည့် ကော်မရှင်စား ဆိုသူများကို ဒိုင်များက ကျပ် (၁ဝဝ) ဖိုး ရောင်းရလျှင် ကျပ်ငွေ (၂ဝ) ပေးနေကြပြီး မြို့ပေါ်နှင့် ကျေးရွာများ အထိ ဆင်းပြီး ရောင်းနေသည့် ကော်မရှင်စား ရာနှင့်ချီ ရှိနေသည်ဟု အဆိုပါ ဗန်းမော်ဒေသခံက ပြောသည်။

၎င်းက “အခုက လာဘ်ငွေ ရလိုက်တဲ့ အာဏာပိုင်တွေရယ်၊ ဒိုင်တွေရယ်၊ အဲဒီ ကော်မရှင်စား တွေရယ်ပဲ ငွေရလိုက်တာ။ ထိုးသားတွေ ကတော့ အရင်းပြုတ်ပြီးရင်း ပြုတ်နဲ့ဖြစ်နေတာ။ အခုက မြို့ပေါ်မှာကို နေ့ခင်း ကြောင်တောင် လုတာ၊ ခိုးတာ ဖြစ်လာနေပြီ။ လောင်းကစား လုပ်တာ ရှုံးတော့ ကြံမိကြံရာ လုပ်တော့တာ။ လူမှုရေး ကိစ္စတွေကော ရှုပ်ကုန်ကြတော့တာ” ဟု ပြောသည်။

ဗန်းမော် မြို့ပေါ်တွင် ချဲနှင့် နှစ်လုံးထီ လောင်းကစားဒိုင် အနည်းဆုံး (၅) ခုခန့်ရှိပြီး တကွက်လျှင် ကျပ် (၅,ဝဝဝ)၊ ကျပ် (၁ဝ,ဝဝဝ) ကန့်သတ် ထားသည့် ဒိုင်များဖြစ်ကြောင်း၊ ပိုသည့်ငွေများကို မန္တလေးမှ ဒိုင်များသို့ လွှဲပေးကြောင်း လောင်းကစားဒိုင်များနှင့် နီးစပ်သူ ဗန်းမော်ဒေသခံတဦးက ပြောသည်။

၎င်းက “ထွန်းအောင်ကျော် ဆိုတာ (၂) နှစ်လောက်က ထောင်ကျတယ်။ ဒီအမှုနဲ့ပဲ။ အခု ပြန်လုပ်တယ်။ (၁၅) ရက် တပတ်ကို အနည်းဆုံး သိန်း (၅၀) ၊ (၁၀၀) ရတော့ ဂရုမစိုက်တော့ဘူး။ သိန်းဌေးဆိုတာ ရှိတယ်။ သူလည်း ဒိုင်ကိုင်လို့ ကြီးပွားနေတယ်။ ဘုန်းကြီး လူထွက် ဆိုတာရှိသေးတယ်။ သူက ဘုန်းကြီးဘဝထဲက ချဲရောင်းနေတာ။ ဘုန်းကြီးကျောင်းက မောင်းထုတ်တော့ သူ့တူမအိမ်မှာ နေတယ်။ အခုတော့ သူ့တူမနဲ့ ယူလိုက်တော့တာ။ အခုကတော့ ကားကိုထည်လဲ၊ မှန်လုံတွေ၊ မတ်တူးတွေနဲ့ ထောနေတာလေ။ ဗန်းမော်တမြို့လုံး အာဏာပိုင်တွေကော၊ ချဲထိုးတဲ့ လူတိုင်းကော သိတယ်” ဟု ဗန်းမော်ဒေသခံတဦးက ပြောသည်။

source by : ခေတ်ပြိုင်

0 ယောက်ရဲ့ထင်မြင်ချက်: