12/11/2009

အန်အယ်လ်ဒီ ဗဟို အလုပ် အမှုဆောင် အဖွဲ့ စာရင်း ထုတ်ပြန်

မင်းနိုင်သူ | အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ဗဟို အလုပ် အမှုဆောင် အဖွဲ့ စာရင်းကို နိုဝင်ဘာ (၁၆) ရက်က အထွေထွေရွေးကောက်ပွဲ ကျင်းပရေးကော်မရှင်သို့ ပေးပို့ထားပြီးဖြစ်ကြောင်း အဖွဲ့ချုပ်က ယမန်နေ့က ကြေညာချက်ထုတ်ပြန်လိုက်သည်။

“ဦးဝင်းတင်တို့၊ ဦးခင်မောင်ဆွေတို့ လွတ်လာပြီးတဲ့ နောက် နိုင်ငံတကာ သံတမန်တွေနဲ့ ဗဟို အလုပ် အမှုဆောင် အဖွဲ့နဲ့ တွေ့မယ်ဆိုတဲ့ အခါမျိုးမှာ သတင်း တပ်ဖွဲ့က ဦးဝင်းတင်နဲ့ ဦးခင်မောင်ဆွေတို့ကို ချန်ချန် ထားပစ်ခဲ့တယ်။ အဲတော့ ဗဟို အလုပ် အမှုဆောင် အဖွဲ့ စာရင်းကို သူတို့က ပြဋ္ဌာန်းသလိုဖြစ်နေတယ်။ အဲဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပါတီရဲ့ ဆုံးဖြတ်ချက်အတိုင်း အန်အယ်လ်ဒီရဲ့ ဗဟို အလုပ် အမှုဆောင် ဘယ်သူဖြစ်မယ် မဖြစ်ဘူးဆိုတာ အန်အယ်လ်ဒီနဲ့ပဲ ဆိုင်တယ် ဆိုတာကို ထင်ရှားအောင် ထုတ်ပြန်လိုက်တာပါ” ဟု ပါတီ ပြန်ကြားရေးအဖွဲ့ဝင် ဦးအုံးကြိုင်က ပြောသည်။

အန်အယ်လ်ဒီ၏ ကြေညာချက်တွင် ပါတီ တရပ်အနေဖြင့် အလုပ် အမှုဆောင် အဖွဲ့ဝင်များနှင့် အခြား ပုဂ္ဂိုလ်များကို တာဝန် ပေးအပ်ခြင်းသည် သက်ဆိုင်ရာ ပါတီ၏ လုပ်ပိုင်ခွင့်သာဖြစ်ကြောင်းကို နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေနှင့် ၁၉၈၉ ခုနှစ် မတ်လ (၂၂) ရက်က ထုတ်ပြန်ခဲ့သည့် ရွေးကောက်ပွဲကော်မရှင်၏ ကြေညာချက်တို့ထဲမှ ပြဆိုမှုများကို အခိုင်အမာ ထုတ်နုတ် ဖော်ပြထားသည်။

ယမန်နေ့က ထုတ်ပြန်လိုက်သော ကြေညာချက်တွင် အန်အယ်လ်ဒီပါတီဗဟိုအလုပ်အမှုဆောင် (၁၁) ဦး၏ အမည်နှင့်ရာထူးများ ကို အတိအလင်းဖော်ပြထားသည်။

ယခင်က ဗဟို အလုပ် အမှုဆောင် အဖွဲ့ အတွင်းရေးမှူး (၁) အဖြစ် တာဝန် ယူခဲ့သော ဦးဝင်းတင်ကို ယခု ထုတ်ပြန်ချက်တွင် အဖွဲ့ဝင် အဖြစ် ဖော်ပြထားသည်ကို တွေ့ရသည်။

ယခု ထုတ်ပြန် လိုက်သော လူစာရင်းနှင့် ရာထူးများသည် ဗဟို အလုပ် အမှုဆောင် အဖွဲ့အားလုံး၏ ဆန္ဒ သဘောထားဖြင့် ဖော်ပြထားခြင်းဖြစ်သဖြင့် ယခုစာရင်းကိုသာ အတည်ပြုကြရမည်ဖြစ်သည်ဟု ဦးအုံးကြိုင်က ပြောသည်။

၎င်းက “ပါတီစဖွဲ့ စက ဒေါ်အောင်ဆန်းစုကြည်က အထွေထွေအတွင်းရေးမှူး၊ ဦးဝင်းတင်က အတွင်းရေးမှူး (၁)၊ အတွင်းရေးမှူး (၂) က ဦးကြည်ဟန်၊ ဦးချစ်ခိုင်က အတွင်းရေးမှူး (၃) အဲလိုရှိခဲ့တာ။ အခု အသစ်ပြန်ဖွဲ့တယ်။ ဖွဲ့တဲ့အကြောင်းကိုလည်း ရွေးကောက်ပွဲကော်မရှင်ကို အကြောင်းကြားထားတယ်။ အဲဒါကို အန်အယ်လ်ဒီ ဘက်က အတိ အလင်း ထုတ်ပြန် ပေးလိုက် တာပါပဲ” ဟု ပြောသည်။

ဗဟို အလုပ် အမှုဆောင် အဖွဲ့ဝင်များမှာ ဦးအောင်ရွှေ ဥက္ကဋ္ဌ၊ ဦးတင်ဦး ဒု- ဥက္ကဌ၊ ဒေါ်အောင်ဆန်းစုကြည် အထွေထွေ အတွင်းရေးမှူး၊ ဦးလွင် အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ အဖြစ် ဦးဝင်းတင်၊ ဦးသန်းထွန်း၊ ဦးစိုးမြင့်၊ ဦးလှဖေ၊ ဦးလွန်းတင်၊ ဦးညွန့်ဝေ၊ ဦးခင်မောင်ဆွေတို့ ပါဝင်သည်။

source by : ခေတ်ပြိုင်

0 ယောက်ရဲ့ထင်မြင်ချက်: