10/02/2009

မခိုင်မာသည့် ဘဏ်လုပ်ငန်း စနစ်ကြောင့် မြန်မာကုန်သည်များ ဆုံးရှုံးနစ်နာ

ရဲရင့် | မြန်မာ နိုင်ငံတွင် နိုင်ငံတကာစံနှုန်းနှင့် လျှော်ညီသည့် ဘဏ်လုပ်ငန်း စနစ်တရပ် အခိုင်အမာ မရှိသောကြောင့် အိမ်နီးချင်း နိုင်ငံများနှင့် ကုန်သွယ်ရာတွင် ကြီးမားသည့် နစ်နာဆုံးရှုံးမှုများနှင့် ကြုံတွေ့ နေရသည်ဟု မြန်မာကုန်သည်များက ပြောသည်။

အထည်အလိပ်တင်သွင်းသည့် မြန်မာကုန်သည်တဦးက “နယ်စပ်ကုန်သွယ်ရေးမှာ ကိုယ့်ဘက်ငွေကြေးနဲ့ပတ်သက်ရင် ဘဏ်စနစ်မရှိတော့ ဒီနေ့အထိ ရှေးရိုးနည်းလမ်းအတိုင်းပဲ ကုန်သွယ်ရတယ်။ ထိုင်းလုပ်ငန်းရှင်တွေက ရန်ကုန်အပါအဝင် မြို့ကြီးအတော်များများမှာ သူတို့လုပ်ငန်းတွေ ရင်းနှီးထားတော့ ထိုင်းမှာ ပစ္စည်းသွားဝယ်မယ်ဆိုရင် မဲဆောက်အထိ ငွေထုတ်ထမ်းလာစရာမလိုဘူး။ ရန်ကုန်မှာ မြန်မာငွေပေးလိုက်ပြီး မဲဆောက်မှာ ဘတ်ငွေသွားယူရုံပဲ။ တရားဝင်မဟုတ်တဲ့ ဒီစနစ်က ထိုင်းတွေအတွက် အကျိုးအမြတ်ပိုဖြစ်ပေမယ့် မြန်မာတွေဘက်ကတော့ ထိုင်းတွေသတ်မှတ်တဲ့ ဈေးအတိုင်းဖြစ်တာမို့ နစ်နာမှုတွေ များရတာဖြစ်တယ်” ဟု ပြောသည်။

မြန်မာပြည်တွင်းမှ ကုန်ပစ္စည်းများကို ထိုင်းကုန်သည်များမှာယူပါက ထိုင်းဘတ်ငွေဖြင့် ပေးချေရန်မလိုဘဲ ပြည်တွင်းရှိ ၎င်းတို့ ရင်းနှီးထားသည့်နေရာမှ မြန်မာငွေဖြင့်သာ ပေးချေကြသည်။

ယခုကဲ့သို့ တရားဝင် မဟုတ်ဘဲ ရောင်းဝယ်ဖောက်ကားရခြင်းမှာ လက်ရှိ အုပ်ချုပ်သူများ၏ ငွေကြေးဆိုင်ရာ မူဝါဒကိုင်တွယ်မှု ညံ့ဖျင်းခြင်းကြောင့်ဖြစ်ပြီး ကုန်သည်များ နစ်နာ သကဲ့သို့ အစိုးရ အနေဖြင့်လည်း နိုင်ငံခြားဝင်ငွေရရှိမှု နည်းပါးရသည်ဟု စားသုံးဆီတင်သွင်းသူ မြန်မာကုန်သည်တဦးက ပြောသည်။

မြန်မာဘက်သို့ ဆောက်လုပ်ရေးပစ္စည်းတင်သွင်းသည့် ထိုင်းလုပ်ငန်းရှင်တဦးက “ဒီကိစ္စသာ နာတယ်လို့ ပြောလို့မရဘူး၊ ဗမာဘက်က ဘဏ်စနစ်က သုံးလို့မရဘူး။ ငွေကြေးသတ်မှတ်ရာမှာလည်း အစိုးရဈေး၊ အပြင်ဈေးဆိုပြီးတော့ ရှိတယ်။ ကုန်သွယ်ရာမှာလည်း ကန့်သတ်ချုပ်ချယ်မှုတွေများတော့ လူတွေက တရားမဝင်နည်းနဲ့ဘဲ နယ်စပ်မှာ ကုန်သွယ်တာက များတယ်။ ဗမာနဲ့ ကုန်သွယ်တဲ့နေရာမှာ ဒီနည်းလမ်းကလွဲပြီး အခြားနည်းလမ်းမရှိဘူး” ဟု ပြောသည်။

ထိုင်းနိုင်ငံတွင် ငွေတန်ဖိုးကို ကမ္ဘာ့ငွေကြေးပေါက်ဈေးနှင့်အညီ ဗဟိုဘဏ်မှ တရားဝင်သတ်မှတ်ထားသော်လည်း မြန်မာနိုင်ငံတွင် ငွေမာဖြစ်သည့် ဒေါ်လာကို တရားဝင်ဈေးနှင့် အပြင်ဈေးဟူ၍ ဈေးနှုန်း (၂) မျိုးရှိသောကြောင့် မြန်မာနှင့်ကုန်သွယ်ရာတွင် ငွေကြေးဆိုင်ရာကိစ္စများကြောင့် တရားဝင်နည်းလမ်းဖြင့် ကုန်သွယ်နိုင်ခြင်းမရှိဟုလည်း ၎င်းက ဆက်ပြောသည်။

နယ်စပ်မြဝတီမြို့တွင် မြန်မာစီးပွားရေးဘဏ်ခွဲရှိသော်လည်း ခေတ်မီဘဏ်လုပ်ငန်းစနစ် မဟုတ်သည့်အပြင် ကုန်သည်များ အနေဖြင့် ငွေကြေးအပ်နှံလွှဲပြောင်းခြင်းများ ပြုလုပ်ရာတွင် ကန့်သတ်စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ပြီး လုပ်ငန်းဝန်ဆောင်မှု များလည်း ကြန့်ကြာ နှေးကွေးသောကြောင့် အချိန်နှင့် တပြေးညီ လုပ်ကိုင် နေရသည့် မြန်မာ ကုန်သည်များက ၎င်းဘဏ်ခွဲကို အသုံးမပြုကြခြင်း ဖြစ်သည်။

ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးတွင် ထိုင်းကုန်ပစ္စည်းတင်သွင်းမှု တန်ဖိုးမှာ (၁) လလျှင် ဘတ်ငွေသန်း (၁,၀၀၀) ဖိုးခန့် ရှိသည်ဟု တာ့ခ်ခရိုင်ကုန်သည်ကြီးများအသင်း၏ စာရင်းများတွင် ဖော်ပြထားသည်။

မြန်မာ ဘက်မှ ထိုင်းဘက်သို့ တိရစ္ဆာန်နှင့် ရေထွက်ကုန်များ၊ သတ္တုတွင်းနှင့် သစ်တော ထွက်ကုန်များ၊ စက်မှုလက်မှု ကုန်ချောပစ္စည်းများ တင်ပို့နေပြီး ထိုင်းဘက်မှ လူသုံးကုန် ပစ္စည်းမျိုးစုံ၊ လယ်ယာနှင့် ဆောက်လုပ်ရေး လုပ်ငန်းသုံး ပစ္စည်းများ၊ ကွန်ပျုတာ၊ တီဗွီ၊ ရေခဲသေတ္တာ၊ မော်တော် ဆိုင်ကယ်နှင့် ကားအပို ပစ္စည်းများ မြန်မာဘက်သို့ တရားဝင်တင်သွင်းလျက်ရှိသည်။

ထိုင်းမှ မြန်မာဘက်သို့ တရားမဝင် တင်သွင်းသည့် ဂျပန်ကား အဟောင်းများ၊ မော်တော် ဆိုင်ကယ်များ၊ ဂျပန်နှင့် ကိုရီးယားမှ တင်သွင်းသည့် စက်ဘီး အဟောင်းများ၏တန်ဖိုးသည် လစဉ် ဘတ်သန်း (၁,၀၀၀) ထောင်ခန့် ရှိသည်ဟု မော်တော်ဆိုင်ကယ် တင်ပို့သည့် လုပ်ငန်းရှင် တဦးက ပြောသည်။

source by : ခေတ်ပြိုင်

0 ယောက်ရဲ့ထင်မြင်ချက်: