10/02/2009

တရုတ် - မြန်မာ နယ်စပ် ဒုတိယ အကြိမ်မြောက် ကျောက်မျက် ပြပွဲ ပြုလုပ်

ပေါက်ပေါက် | ဒုတိယ အကြိမ်မြောက် ကျောက်မျက် ပြပွဲကို တရုတ် - မြန်မာ နယ်စပ် ရွှေလီမြို့တွင် ယမန် နေ့က စတင် ဖွင့်လှစ်ခဲ့ရာ စည်ကားမှုမရှိဘဲ ယနေ့ အချိန်အထိ လာရောက်ကြည့်ရှုသည့် တရုတ် ကုန်သည် အနည်းငယ်သာ ရှိသည်။

ကချင် ပြည်နယ်၊ ဖားကန့်၊ တာမခံ ဒေသထွက် ကျောက်စိမ်းများ၊ မိုးကုတ် ကျောက်များ အဓိက ပြသထားသည့် ကျောက်မျက်ပြပွဲ ကို နိုင်ငံတကာ ကျောက်မျက်ပြပွဲ အမည်ဖြင့် ခေါင်းစဉ် တပ်ကာ တရုတ် - မြန်မာ ဆွေးမျိုး ပေါက်ဖော် ပျော်ပွဲရွှင်ပွဲ ကျင်းပချိန် ကာလ အတွင်း လာရောက် လည်ပတ် ကြသူများ၏ ဈေးကွက်ကို မျှော်မှန်းပြီး ကျင်းပခဲ့ခြင်း ဖြစ်သည်ဟု မြန်မာကျောက် ကုန်သည် တဦးက ပြောသည်။

၎င်းက “တပ်ထား တာကတော့ နိုင်ငံတကာ အဆင့်ပေါ့။ ဒီမှာ ပြသနေတာ ကတော့ တရုတ်နဲ့ မြန်မာပါပဲ။ မြန်မာ ဘက်ကတော့ နည်းပါတယ်။ (၁) ရက်ကနေ (၄) ရက်နေ့အထိ ကြည့်ရှုလေ့လာဖို့ သတ်မှတ်ထားတယ်။ (၅) ရက်နေ့မှာ ဈေးပြိုင်စနစ်နဲ့ ရောင်းချမယ်။ အခုကတော့ လာကြည့်တဲ့သူ အတော်လေး နည်းနေတယ်။ တရုတ် လမုန့် စားပွဲကလည်း အောက်တိုဘာ (၃) ရက်နေ့ဆိုတော့ တရုတ် တွေက ကိုယ့်မိသားစုနဲ့ကိုယ် ပြန်နေတဲ့ အချိန်ဆိုတော့ တရုတ်ကုန်သည် အတော်နည်းတယ်” ဟု ပြောသည်။

ကျောက်မျက်ပြပွဲကို ယခုလ (၅) ရက် အထိ ကျင်းပမည် ဖြစ်သည်။

ကမ္ဘာ့စီးပွားရေး အကျပ်အတည်း ပြဿနာ ကြုံခဲ့သည့် ယမန်နှစ် အစောပိုင်းမှစ၍ ကျောက်စိမ်း ဈေးကွက် ဆုတ်ယုတ် လာခဲ့ပြီး ယနေ့ အချိန် အထိ ပြန်မကောင်းသေးဘဲ တရုတ် ပြည်တွင်း ရောက်ရှိနေသည့် ကျောက်စိမ်းများမှာ တတိယ နိုင်ငံများဖြစ်သည့် အမေရိကန်နှင့် ဥရောပနိုင်ငံများသို့ မထွက်နိုင်သေးဘဲ ပြည်တွင်း၌သာ စုပုံနေသည်ဟု တရုတ်ကုန်သည်များနှင့် နီးစပ်သည့် ကျောက်လုပ်ငန်းရှင် တဦးက ပြောသည်။

၎င်းက “တရုတ် ပြည်ထဲမှာ ကျောက်တွေက တဝဲလည်လည် ဖြစ်နေတာ။ တချို့ဆို ကွမ်တုံး၊ ဟူနန်ဘက် ရောက်နေတဲ့ ကျောက်တွေ၊ အဲဒီဘက်မှာ ရောင်းလို့ မရတော့ ဒီနယ်စပ်ကို ပြန်သယ်ပြီး ဒီမှာလာရောင်း၊ မန္တလေးကို ပို့ပြီး ပြန်ရောင်းခိုင်း လုပ်နေရတယ်။ ငွေပြန်ဖော် ရတာပေါ့။ ကျောက်ဈေးကွက်က အေးလိုက်လာတော့ အခုလို ကျောက်မျက်ပြပွဲတွေကို ကူမင်းမှာလုပ်၊ ဒီနယ်စပ်မှာလုပ်၊ တရုတ် ပြည်တွင်း ထဲမှာလုပ်နဲ့။ လုပ်သလောက်လည်း အရောင်းအဝယ် ဖြစ်တာမဟုတ်ဘူး။ အခုနှစ်လယ်က ကူမင်းမှာ လုပ်တဲ့ ကျောက်ပြပွဲဆို ရောင်းမထွက်တော့ ဒီအတိုင်း ပြန်ယူခဲ့ရတဲ့ ကျောက်သမားတွေတောင် ရှိတယ်” ဟု ပြောသည်။

တရုတ်-မြန်မာနယ်စပ် ကျယ်ဂေါင်မြို့နှင့် ရွှေလီမြို့တို့တွင် ပုံမှန်ဖွင့်နေသည့် ကျောက်စိမ်းဈေးကွက်များမှာ ယနေ့အချိန်အထိ အရောင်းအဝယ် ကောင်းမလာသေးဘဲ အရင်းရှုံးသည့် မြန်မာကုန်သည်များ တနေ့ထက်နေ့ များပြားလာသည်ဟု ကျယ်ဂေါင်မြို့မှ ကျောက်လုပ်ငန်းရှင်က ပြောသည်။

၎င်းက “ဖားကန့်ဘက်မှာ၊ မန္တလေးက ဝယ်လာတဲ့ဈေးကို မရောက်လို့ ရတဲ့ဈေးနဲ့ အရှုံးခံရောင်းပြီး ပြန်နေကြရတာ။ တချို့ကလည်း မန္တလေးကနေယူလာ၊ လမ်းတပိုင်းမှာ အဖမ်းခံရနဲ့ အဲလို အရင်းတွေ ပြုတ်သွားတဲ့ ကျောက်ကုန်သည်တွေ အတော်လေးများလာတယ်။ အခုနောက်ပိုင်း ကျောက်လုပ်ငန်းကို စွန့်ပြီး ရွှေတူးတဲ့ လုပ်ငန်းဘက် ပြောင်းသွားတာတွေ ရှိလာတယ်” ဟု ပြောသည်။

၂ဝဝဝ ပြည့်နှစ်မှစ၍ နှစ်စဉ်ကျင်းပလာနေသည့် တရုတ်-မြန်မာဆွေမျိုးပေါက်ဖော်ပွဲကို အောက်တိုဘာ (၃) ရက်နေ့မှ (၅) ရက်နေ့အထိ တရုတ်-မြန်မာနယ်စပ်၊ ရွေလီမြို့တွင် ကျင်းပရန်ရှိပြီး ကျောက်မျက်ပြပွဲကို ယမန်နှစ်ကစ၍ တပါတည်း ကျင်းပလာခြင်းဖြစ်သည်။

source by : ခေတ်ပြိုင်

0 ယောက်ရဲ့ထင်မြင်ချက်: