10/06/2009

မလေးရှားမှ ဌာနေပြန် မြန်မာများ ခြိမ်းခြောက် ငွေညှစ်ခံနေရ

ဝီရ | မလေးရှားနိုင်ငံ အကျဉ်းစခန်းများတွင် ထိန်းသိမ်းခံ လွတ်ရက်စေ့ မြန်မာ နိုင်ငံသားတို့အား နေရင်း တိုင်းပြည်သို့ ပြန်လည် ပို့ဆောင်ရာတွင် မြန်မာအာဏာပိုင်တို့က အမျိုးမျိုး ခြိမ်းခြောက်ကာ ငွေညှစ်နေကြောင်း လွတ်မြောက်လာသူများက ပြောသည်။

“ကျနော်တို့ကို မင်္ဂလာဒုံ လေဆိပ်အနားက ရဲစခန်းကို ခေါ်သွားပြီး စစ်မေးတော့တာပဲ။ နယ်က လူတွေ အားလုံးကို အဲဒီမှာ အရင်ချုပ် ထားတယ်။ အမျိုးမျိုး ခြိမ်းခြောက်တယ်။ (၅) ရက်လောက်ကြာတော့ ကျနော့်မိသားစု ရောက်လာပြီး ပိုက်ဆံ (၃) သိန်း ပေးလိုက်တော့မှ ခရီးသွား ထောက်ခံ စာတစောင် ထုတ်ပေးတယ်။ အချုပ်ထဲကနေ မှာစားတဲ့ ထမင်းဟင်းနဲ့ လက်ဖက်ရည် စရိတ်က (၅) ရက်မှာ (၁) သိန်းနီးပါး ထပ်ပေးရတယ်” ဟု မလေးရှားအကျဉ်းစခန်းတွင် (၂) နှစ်ကြာ ထိန်းသိမ်းခံရပြီး ရန်ကုန် မင်္ဂလာဒုံလေဆိပ်သို့ ပို့ဆောင် ခံရသည့် မွန်ပြည်နယ်သား တဦးက ပြောသည်။

စက်တင်ဘာလ လယ်ပိုင်းက ပြန်ရောက် လာသည့် ၎င်းတို့ အသုတ်တွင် နယ်ပြန်ရန် မှတ်ပုံတင် မရှိသူ အယောက် (၃၀) ကျော်အား မင်္ဂလာဒုံ ရဲစခန်းသို့ ပို့ဆောင်ခဲ့ခြင်းဖြစ်ပြီး ၎င်း၏ မလေးရှား ရင်းဂစ်ငွေ (၄၀၀) ကိုလည်း မင်္ဂလာဒုံ လေဆိပ်တွင် အသိမ်းခံ လိုက်ရကြောင်း အဆိုပါ မွန်ပြည်နယ်သားက ပြောသည်။

မင်္ဂလာဒုံ ရဲစခန်းတွင် အာဏာပိုင်တို့က မလေးရှားသို့ မည်သူက မည်သည့် လမ်းကြောင်းမှ ပို့ဆောင်ပေးသည်၊ မည်မျှကြာ အလုပ်လုပ်ခဲ့သည်၊ မလေး အကျဉ်းစခန်းတွင် မည်မျှကြာခဲ့သည် စသည့် အချက်အလက်တို့ကို အသေးစိတ် မေးမြန်းပြီး ကျန်ရှိသည့် ပြစ်ဒဏ် အတွက် မြန်မာနိုင်ငံတွင် ထပ်မံကျခံရန် မလေးရှား အစိုးရက အပ်လိုက်ကြောင်း ခြိမ်းခြောက်ကာ နေအိမ်တွင် ပိုင်ဆိုင်မှု မည်မျှရှိသည်၊ မည်မျှအခွန်ဆောင်လျှင် လွှတ်ပေးမည်ဟု ပြောဆိုကာ ငွေညှစ်ရန် အမျိုးမျိုး အကြောင်းပြ နေကြောင်း ၎င်းက ဆက်လက် ရှင်းပြသည်။

မလေးရှားတွင် ဖမ်းဆီး ခံရသည့် မြန်မာ နိုင်ငံသား တို့အား ယခင်က မလေးရှား နယ်စပ် (အလိုစတာ) နှင့် ထိုင်းနယ်စပ် (ဟတ်ယာ) ဘက်သို့ ပို့ဆောင်ပေးခဲ့ရာတွင် ၎င်းတို့အား သက်ဆိုင်ရာအာဏာပိုင်တို့က လူကုန်ကူး၊ ရောင်းစားမှုများ ရှိခဲ့သဖြင့်
၂၀၀၉ ခုနှစ် ဧပြီလမှစ၍ ထိုကဲ့သို့ ပို့ဆောင်ခြင်းမျိုးကို ရပ်ဆိုင်းခဲ့သည်။

ထို့နောက် လွတ်ရက်စေ့ မြန်မာ နိုင်ငံသားတို့အား နေရင်းတိုင်းပြည်သို့ တိုက်ရိုက်ပို့ဆောင်ရန် နှစ်နိုင်ငံ သဘောတူညီမှု ရရှိခဲ့ပြီးနောက် ပြီးခဲ့သည့် စက်တင်ဘာလဆန်းပိုင်းမှ စတင်ပို့ဆောင်ခဲ့ရာ ယခုအခါ မြန်မာနိုင်ငံသို့ ပြန်ရောက်လာသူ (၄၄၇) ဦး ရှိပြီဖြစ်ကြောင်း မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာနက စာရင်းထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံသို့ ပြန်ရောက်ရှိလာသူများမှာ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ လေဆိပ်အနီးရှိ ထိန်းသိမ်းရေးစခန်းမှ မြန်မာနိုင်ငံသား (၈၀၀) ကျော်အနက် နိုင်ငံသားဟုတ်မှန်ကြောင်း အထောက်အထားပြည့်စုံသူများဖြစ်ကြောင်း သိရသည်။

၎င်းတို့အနက် မလေးရှားနိုင်ငံသို့ တရားဝင်လမ်းကြောင်းမှ သွားရောက်လုပ်ကိုင်သူ အချို့လည်းပါဝင်ပြီး ၎င်းတို့မှာ အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတို့၏ ခေါင်းပုံဖြတ်မှုတို့ကြောင့် ဧဂျင့်မှ ထွက်ပြေးပြီး တရားမဝင်အလုပ်သမားအဖြစ် ရောက်သွားသူများဖြစ်သည်။

တရားဝင်အလုပ်သမားအဖြစ် မလေးရှားတွင် (၆) လကြာ လုပ်ပြီး ဧဂျင့်မှထွက်ပြေးခဲ့သူ ကိုဝေလွင်ဦးက “ဧဂျင့်က တနေ့ လုပ်အားခ အတွက် (၁၆) ရင်းဂစ်ပဲ ပေးတယ်။ အချိန်ပိုလည်း မပေးဘူး။ တလမှာ ကျပ်ငွေ (၁) သိန်းတောင် မကျန်ဘူး။ ဧဂျင့်ကို သွင်းရတာလည်း အမျိုးမျိုးပဲ။ လာတုန်းကတော့ တနေ့ (၂၅) ရင်းဂစ် အနည်းဆုံးရမယ် ပြောတယ်။ ဒါကြောင့် ကျနော် ထွက်ပြေးခဲ့တာ။ မလေးမှာ ဧဂျင့်က ကျနော်တို့ကို Passport ပေးမကိုင်ဘူး။ Work Permit လည်း မိတ္တူတရွက် ကူးပေးထားတာကိုပဲ ပေးထားတယ်။ ထွက်မပြေးအောင် လုပ်ထားတာပါ။ ထွက်ပြေးရင် Passport ရော၊ Work Permit ရော ဆုံးတာပေါ့။ ဒါပေမယ့် ထွက်ပြေးတဲ့သူတွေ များမှများပဲ။ ကျနော့် ဧဂျင့် တခုတည်းမှာတောင် လူ (၁၀၀) ကျော်မှာ (၃၀) ကျော် ထွက်ပြေးတယ်။ (၁၀) ယောက်က မလုပ်နိုင်လို့ အဆုံးခံပြီး မြန်မာပြည်ကို ပြန်သွားကြတယ်” ဟု ခေတ်ပြိုင်သို့ပြောသည်။

ပြည်ပသို့ သွားရောက် အလုပ်လုပ်ကိုင် လိုသူများသည် အလုပ်သမား ဝန်ကြီးဌာနမှ တရားဝင် လိုင်စင်ရ ပြည်ပ အလုပ်အကိုင် အကျိုးဆောင် အေဂျင်စီများမှ တဆင့် ဆက်သွယ် ဆောင်ရွက် သင့်ကြောင်း၊ ပြည်ပ အလုပ်အကိုင် အကျိုးဆောင်အေဂျင်စီများ စာရင်းကို အလုပ်သမား ညွှန်ကြားရေး ဦးစီဌာန မြို့နယ်ရုံးများ၌ ကြော်ငြာထားကြောင်း ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။

လိုင်စင် လျှောက်ထားခြင်း မရှိသည့် အလုပ်အကိုင် အေဂျင်စီအချို့၏ မက်လုံပေးမှုများကြောင့် ပြည်ပရောက် အလုပ်သမားများ အခက်အခဲများနှင့်ရင်ဆိုင်ရကာ လူကုန်ကူးခံရသည့် ဖြစ်ရပ်ဆိုးများနှင့်လည်း ကြုံတွေ့ကြရကြောင်းလည်း သတင်းစာတွင် ရေးသားထားသည်။

source by : ခေတ်ပြိုင်

0 ယောက်ရဲ့ထင်မြင်ချက်: