10/02/2009

တွေ့ဆုံ စကားပြောဆိုမှု စတင်သော်လည်း ပိတ်ဆို့အရေးယူမှု ရှိနေဆဲဟု အမေရိကန် အမတ်ပြော

NEJ | မြန်မာ စစ်အစိုးရ အာဏာပိုင်များနှင့် တိုက်ရိုက် ဆက်ဆံမှုများ လုပ်ဆောင်သွားမည့် ပေါ်လစီသစ်ကို ချမှတ် ထားသော်လည်း မြန်မာနိုင်ငံ အပေါ် ပိတ်ဆို့ အရေးယူမှုများကိုမူ လျှော့ပေါ့ပေးလိမ့်မည် မဟုတ်ဟု အမေရိကန် အစိုးရက ယမန်နေ့က ပြောကြားလိုက်သည်။

အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး ကာ့တ် ကမ်ဘဲလ်သည် စက်တင်ဘာ (၂၉) ရက်တွင် နယူးယောက်မြို့၌ မြန်မာစစ်အစိုးရ သိပ္ပံနှင့် နည်းပညာဝန်ကြီး ဦးသောင်းနှင့် တွေ့ဆုံခဲ့ပြီးနောက် ယင်းသို့ ပြောကြားခြင်း ဖြစ်သည်။

အမေရိကန် အစိုးရက မြန်မာ စစ်အစိုးရနှင့် တိုက်ရိုက် ဆက်ဆံပြောဆိုမှုများ ပြုလုပ်သွားမည်ဖြစ်သကဲ့သို့ တဖက်၌လည်း ပိတ်ဆို့ တားမြစ်မှုကို ဆက်လက်ထားရှိမည်ဟု ပေါ်လစီသစ်ကို ကြေညာခဲ့ပြီး နောက်တနေ့တွင် ယင်းသို့ နအဖထိပ်ပိုင်း အရာရှိနှင့် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

နအဖ ၀န်ကြီး ဦးသောင်းနှင့် (၂) နာရီကြာတွေ့ဆုံခဲ့သည့် မစ္စတာ ကာ့တ် ကမ်ဘဲလ်က ယခုကဲ့သို့ တွေ့ဆုံဆွေးနွေးမှုမျိုး ဆက်လက် ဖြစ်မြောက်သွားရေးအတွက် မြန်မာအစိုးရထံမှ မိမိတို့ဘာကိုမျှော်လင့်သည် ဆိုသည့်အချက်ကို ရှင်းရှင်းလင်းလင်း ချပြခဲ့သည်ဟု ပြောဆိုသည်။

အဓိကအချက်များမှာ လူ့အခွင့်အရေးကိစ္စများနှင့် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေးတို့ ပါဝင်သည်ဟု သိရသည်။

မြန်မာစစ်အစိုးရ ထိပ်တန်းအရာရှိနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ပြီးနောက် မျှော်လင့်ချက်အလားအလာများရှိသည်ဟု မစ္စတာ ကမ်ဘဲလ်က ပြောကြားခဲ့သော်လည်း မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှုများကို စစ်အစိုးရက ဒီမိုကရေစီအရေး စတင် ဆောင်ရွက်ခြင်း မရှိသေးသရွှေ့ ဆက်လက် ထားရှိအုံးမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

“တွေ့ဆုံ စကာားပြောမှုတွေ စတင်နေချိန်မှာ ကျနော်တို့ရဲ့ စိုးရိမ်ပူပန်မှုတွေအပေါ် အဓိပ္ပာယ်ရှိတဲ့ တိုးတက်မှုတွေ မတွေ့ရသေးဘဲ ပိတ်ဆို့အရေးယူမှုတွေကို ဖယ်ရှားလိုက်ရင် မှားလိမ့်မယ်” ဟုလည်း မစ္စတာ ကာ့တ် ကမ်ဘဲလ်က အမေရိကန်အထက်လွှတ်တော် အာရှပစိဖိတ်ဒေသဆိုင်ရာ နိုင်ငံခြားရေးရာကော်မတီ၏ မြန်မာနိုင်ငံအရေး ကြားနားပွဲတရပ်တွင် ပြောကြားခဲ့သည်။

အဆိုပါကြားနားပွဲတွင် အမေရိကန် အထက် လွှတ်တော် အမတ် ဂျင်ဝက်ဘ်က အမေရိကန် ပြည်ထောင်စု အနေဖြင့် မြန်မာနိုင်ငံနှင့် ဆက်ဆံရာတွင် ပိုမို ကောင်းမွန်သည့် နည်းလမ်းများကို တောင်းဆိုခဲ့သည်ဟု သိရသည်။

မစ္စတာဝက်ဘ်က အမေရိကန် ပြည်ထောင်စု၏ ကျဉ်ဖယ်မှုပေါ်လစီသည် မြန်မာ စစ်ဗိုလ်ချုပ်ကြီးများ အပြောင်းအလဲ ဖြစ်ရေးအပေါ် အကန့်အသတ်များ ရှိစေပြီး မြန်မာပြည်သူလူထုအပေါ် အမေရိကန်၏ သြဇာသက်ရောက်မှုကို ထိခိုက်စေသည့် အပြင် နှစ်နိုင်ငံ စီးပွားရေးကိုလည်း ပျက်စီးစေသည်ဟု ပြောဆိုခဲ့ကြောင်း သိရသည်။

source by : ခေတ်ပြိုင်

0 ယောက်ရဲ့ထင်မြင်ချက်: