(၅,ဝဝဝ) တန်ငွေစက္ကူ သတင်းဆောင်းပါးများ ပိတ်ဆို့ခံရ
NEJ | (၅,ဝဝဝ) ကျပ်တန် ငွေစက္ကူ အသစ် ထုတ်ဝေမည့် အကြောင်း သတင်း ဆောင်းပါး ရေးသားချက်များကို ယခု တပတ် အတွင်း ထုတ်ဝေသော ဂျာနယ်များတွင် စာပေ စိစစ်ရေးက ဖော်ပြခွင့် မပြုဘဲ တားမြစ် ပိတ်ပင်ခဲ့ကြောင်း ပြည်တွင်း သတင်း ဂျာနယ်များထံမှ သိရှိရသည်။
ပြည်တွင်း ဂျာနယ် အယ်ဒီတာ တဦးက “အစိုးရက ကျပ် (၅,ဝဝဝ) တန် ငွေစက္ကူ ထုတ်ဝေမယ် ဆိုတော့ ဒါဟာ ဘယ်လိုသဘောရှိတယ်၊ ဈေးကွက်ကို ဘယ်လို သက်ရောက်မှုတွေ ရှိစေမယ် စသဖြင့် စီးပွားရေး ပညာရှင်တွေ၊ စီမံခန့်ခွဲမှု ကျွမ်းကျင်သူတွေ၊ ပါမောက္ခတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေကို မေးမြန်းပြီး ပြည့်ပြည့်စုံစုံ ရေးတင် လိုက်တယ်။ အားလုံးကို စာပေ စိစစ်ရေးက ခွင့်မပြုဘူး။ သတင်းစာ ထဲမှာပါတဲ့ ငွေစက္ကူ (၅,ဝဝဝ) တန် ထုတ်မယ် ဆိုတာလောက်ကိုပဲ ဖော်ပြခွင့် ပေးတယ်။ ဒီလို ပိတ်ပင်တာဟာ ကျနော်တို့ ဂျာနယ်ပဲ မဟုတ်ဘူး။ ဂျာနယ် အားလုံး လိုလိုပဲ” ဟု ပြောသည်။
အခြားဂျာနယ် အယ်ဒီတာ တဦးကလည်း ဂျာနယ် အားလုံးကို ကျပ် (၅,ဝဝဝ) တန်နှင့် ပတ်သက်သည့် ဝေဖန် သုံးသပ်ချက်များကို ပိတ်ပင်ခဲ့သော်လည်း Weekly Eleven နှင့် 7Days ဂျာနယ်တို့တွင်မူ ငွေကြေးနှင့် ဘဏ်လုပ်ငန်း ပညာရှင် ဦးဝင့်ကျော်နှင့် တွေ့ဆုံခန်း အတို ဖော်ပြခွင့် ရခဲ့သည်ဟု ပြောဆိုသည်။
ဝါရင့် သတင်းစာ ဆရာကြီး တဦးကမူ စာပေ စိစစ်ရေးသည် ၂ဝ၁ဝ ရွေးကောက်ပွဲကို ထောက်ခံသည့် နိုင်ငံရေး စာပေများကို ရေးသားခွင့် ပြုခြင်း၊ ယခင် ပါလီမန် ခေတ်ကို အဆိုး ထင်ဟပ်သည့် ခေတ်ဟောင်း သတင်းစာပါ ဆောင်းပါး၊ ကာတွန်းများကို ပြန်လည် ဖော်ပြခွင့် ပြုခြင်းများ ရှိသော်လည်း ပြည်သူများ၏ လူမှုရေး၊ စီးပွားရေး တကယ့် အခြေအနေမှန်ကို ထင်ဟပ်စေသည့် သတင်းများ ဆောင်းပါး များကိုမူ ယခင်အတိုင်း ပိတ်ပင်မြဲ ဖြစ်သည့် အတွက် ထူးခြား တိုးတက် လာသည်ကို မမြင် တွေ့ရကြောင်း ဝေဖန် ပြောဆိုသည်။
source by : ခေတ်ပြိုင်

0 ယောက်ရဲ့ထင်မြင်ချက်:
Post a Comment