10/13/2009

ရန်ကုန်-မန္တလေး ကုန်တင်ကားခများ တိုးမြှင့်

မင်းနိုင်သူ | ရန်ကုန်-မန္တလေး လမ်းပေါ်မှ အေရှားဝေါလ် ပိုင်လမ်းပိုင်းတွင် ကတ္တားချိန် ကောက်ခံမှု နှုန်းထား တိုးမြှင့် လိုက်သည့် အတွက် ကုန်တင်ခများလည်း တိုးမြှင့် လိုက်ရကြောင်း ဘုရင့်နောင်ရှိ ရန်ကုန်-မန္တလေး အဝေးပြေး ကားဂိတ်ပိုင် တဦးက ပြောသည်။

“ဒီလ (၁) ရက်နေ့က စပြီး အေရှားဝေါလ် ဂိတ်က နှစ်ဆ တိုးကောက်တယ်။ အရင်က ဆယ်ဘီးကား တစီး (၈,၀၀၀) ပေးရရင် အခု (၁၆,၀၀၀) ပေးရတယ်။ အဲဒီ အတွက် ကားသမား တွေကလည်း ကုန်ခ တိုးတောင်း လာကြရတယ်။ အရင် ရန်ကုန်-မန္တလေး ကုန်တင်ခ တပိဿာ ကျပ် (၃၀) ကနေ အခု ကျပ် (၄၀) သတ်မှတ် ပေးရတယ်” ဟု ၎င်းက ပြောသည်။

ရန်ကုန်-မန္တလေး လမ်းပေါ်တွင် စစ်အစိုးရနှင့် နီးစပ်သော ကုမ္ပဏီများဖြစ်သည့် အိုလံပစ်၊ ယုဇန၊ သော်တာဝင်း၊ ကမ္ဘောဇ၊ မက်စ်မြန်မာ၊ အေရှားဝေါလ် ကုမ္ပဏီတို့က လမ်းတည်ဆောက် ပြုပြင် ထိန်းသိမ်းရေး လုပ်ငန်းများ လုပ်ကိုင်ခွင့်နှင့် လမ်းအသုံးပြုခ အခွန် ကောက်ခံခွင့်တို့ ရရှိထားကြသည်။

အဆိုပါ ကုမ္ပဏီများက ယမန်နှစ် နှစ်လယ်ပိုင်းကလည်း လမ်းတံတား အသုံးပြုခများကို တိုးမြှင့်ကောက်ခံခဲ့ပြီး ယခုလည်း အေရှားဝေါလ် ကုမ္ပဏီက စတင်တိုးမြှင့်ကောက်ခံနေခြင်းဖြစ်ကြောင်း အဝေးပြေး ကားဂိတ်ပိုင်က ပြောသည်။

“မကြာခင်မှာ တခြား ကုမ္ပဏီတွေပါ တိုးကောက်မယ့် သဘောရှိတယ်။ အခုကတော့ ဆွာမြို့ကနေ ပျဉ်းမနားမြို့ အထိ လုပ်ပိုင်ခွင့် ရထားတဲ့ အေရှားဝေါလ်က တိုးကောက်နေပြီ။ တတန်ကို ကျပ် (၁၈၀) ကျော် ကျနေရာကနေ တတန် ကျပ် (၄၀၀) နီးပါး တိုးကောက် လိုက်တာ” ဟု ၎င်းက ပြောသည်။

မုံရွာမြို့မှ သီးနှံပွဲစားတဦးက “အခုကားခတွေ ဈေးတက်လာတဲ့အတွက် သီးနှံပွဲစားတွေကိုတော့ သိပ်မထိသေးဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ အိတ်စ်ပို့ သိပ်မရှိလို့ မုံရွာ၊ မန္တလေးဘက်ကနေ ရန်ကုန်ကို သီးနှံတင်ပို့တာ သိပ်မရှိဘူး။ တခြားကုန်စည်တွေအပေါ်တော့ ထိမှာပေါ့လေ။ ဒါပေမယ့် လမ်းတံတားကြေး တက်ရင် ကားသမားကလည်း မနေဘူး။ ကားခတက်မှာပဲ။ ကုန်သည်ကလည်း တက်မှာပဲ။ အဆုံးသတ် ကတော့ စားသုံးသူပဲ တက်တဲ့အကျိုးဆက်ကို ခံကြရမှာ” ဟု ပြောသည်။

လမ်းကြေး ပေးဆောင်ရမှု တိုးမြှင့်သည့်အတွက် ကားတန်ဆာခများ လိုက်ပါတိုးမြှင့်ထားသော်လည်း ကုန်ပါးနေသည့်အတွက် ကားပိုင်များနှင့် ဂိတ်လုပ်ငန်းရှင်များ တွက်ခြေမကိုက်ဟုလည်း ရန်ကုန်-မုံရွာ ဂိတ်ပိုင်က ပြောသည်။

“အရင်က ရန်ကုန်- မုံရွာလိုင်းမှာ တနေ့ကို (၁၀) စီးလောက် ထွက်နိုင်ကြတယ်။ အခု (၂) စီးတောင် အနိုင်နိုင်ရယ်။ ဒီကြားထဲ ပြီးခဲ့တဲ့လ (၂၀) ရက်ကျော်က ဘုရင့်နောင်မှာ ရေကြီးသွားလို့ လက်ခံထားတဲ့ ကုန်တွေ ရေစိုကုန်တဲ့အတွက် (၁၅) သိန်းလောက် လျော်ကြေး ပေးလိုက်ရသေးတယ်” ဟု ၎င်းကပြောသည်။

ဘုရင့်နောင် ကုန်တင်ကားဝင်းနှင့် ပွဲရုံတန်း အနီးရှိ တိုးမြစ်အတွင်း ၀င်ရောက်သည့် ရေမြောင်းမကြီး ပိတ်ဆို့ နေသည့် အတွက် အနိမ့်ပိုင်းရှိ ကားဂိတ်နှင့် ပွဲရုံများအတွင်း မိုးရေများ (၂) ရက်ကျော်ဝင်ရောက်ခဲ့သည့်အတွက် ပျက်စီးဆုံးရှုံးမှုများ ရှိခဲ့ကြောင်း သိရသည်။

source by : ခေတ်ပြိုင်

0 ယောက်ရဲ့ထင်မြင်ချက်: