10/13/2009

ပင်စင်ယူမည့် အန်ဒီအေကေ တပ်ဖွဲ့ဝင်များအား အလှူငွေဖြင့် အိမ်ဆောက်ပေးမည်

ခိုင်လင်း | နယ်ခြားစောင့်တပ် ဖွဲ့စည်းရန် လက်ခံထားသည့် ကချင်ပြည် ဒီမိုကရေစီသစ် တပ်မတော် (အန်ဒီအေကေ) မှ ပင်စင်ယူမည့် သူများ အတွက် အိမ်ယာမြေ ချပေးရန် ရှိနေပြီး လိုအပ်သည့် ငွေကြေး ရန်ပုံငွေကို ကချင်ပြည်နယ် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ (ပယက) က ပြည်နယ်အတွင်းရှိ စီးပွားရေး လုပ်ငန်းရှင်များ ထံမှ အလှူငွေ ကောက်ခံနေသည်။

ယခုလ (၆) ရက်နေ့က အင်ဂျန်းယန်၊ မိုးမောက်၊ တနိုင်း စသည့် မြို့နယ်တို့ အတွင်း ရွှေတူးဖော်ရေး လုပ်ငန်း လုပ်ကိုင် နေကြသည့် လုပ်ငန်းရှင် (၅ဝ) ခန့်ကို ကချင်ပြည်နယ် ပယက က ရုံးသို့ဆင့်ခေါ်ပြီး အန်ဒီအေကေ မှ အသက်အရွယ်အရ တပ်မှ အနားယူ ပင်စင် ပေးခံရမည့် သူများ အတွက် အိမ်များ ဆောက်လုပ်ရန် အလှူငွေ ကောက်ခံခဲ့သည်ဟု အစည်းဝေးတက်ရောက်ခဲ့သူတဦးက ပြောသည်။

၎င်းက “အိမ်တလုံးကို (၂၅) သိန်း ဝန်းကျင် တန်ဖိုးရှိတဲ့ အိမ်တွေ ဆောက်ပေးမှာ။ သွပ်မိုး၊ ပျဉ်ကာ အိမ်မျိုးပေါ့။ မြစ်ကြီးနား နည်းပညာတက္ကသိုလ်နားမှာ အိမ်အလုံး (၅ဝ) နေရာချမယ်။ ဖားကန့်မှာ အလုံး (၅ဝ)၊ ဗန်းမော်မှာ (၅ဝ)၊ ရွှေကူမှာ အလုံး (၃ဝ)၊ အဲဒီအတွက် ရွှေတူးနေတဲ့သူတွေခေါ်ပြီး အလှူခံတာ။ အနည်းဆုံး (၁၀) သိန်း ထည့်ပေးမှလည်း နောက်ထပ်ရွှေလုပ်ကွက် သက်တမ်းတိုးပေးမှာဆိုပြီး ပြောနေတာ။ အဲလိုဆိုတော့ တချို့က သိန်း (၁၀၀) ထည့်တယ်၊ (၅၀) ထည့်တယ်၊ တချို့က အိမ်တလုံးစာ သိန်းအစိတ် ထည့်ကြတယ်” ဟု ပြောသည်။

ဖားကန့် ဒေသတွင်လည်း ကျောက်လုပ်ငန်း၊ ရွှေ လုပ်ငန်းရှင်များ ထံမှ အလှူငွေများ ကောက်ခံပြီး နေအိမ်များ ဆောက်လုပ်ပေး မည်ဖြစ်သလို အခြားနေရာတွင်လည်း သစ်လုပ်ငန်း၊ ရွှေလုပ်ငန်းရှင်များနှင့် နယ်စပ်ကုန်သည်များထံက အလားတူ ငွေကောက်ခံသွားမည်ဟု အဆိုပါ ရွှေလုပ်ငန်းရှင်က ပြောသည်။

၎င်းက “ပယကအတွင်းရေးမှူးပြောတာက အခုက မြစ်ကြီးနားဘက်ကဟာကို ဒီဘက်က လုပ်ငန်းရှင်တွေက တာဝန်ယူ၊ ဖားကန့်က ဥစ္စာကို ဖားကန့်မှာရှိတဲ့ ကျောက်လောပန်းတွေ၊ ရွှေလုပ်တဲ့သူတွေက တာဝန်ယူကြမှာပေါ့။ လုပ်ငန်းလုပ်ကွက်တွေကိုလည်း တိုးချဲ့ချပေးမှာပေါ့။ အလှူငွေထည့်တဲ့သူတွေအတွက် ဦးစားပေးမယ်ပေါ့” ဟု ပြောသည်။

ယခုကိစ္စနှင့်ပတ်သက်၍ အန်ဒီအေကေအဖွဲ့မှ တာဝန်ရှိသူများကို ဖုန်းဆက်သွယ်၍ မရရှိပါ။

အန်ဒီအေကေ အဖွဲ့ အနေဖြင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) တိုင်းမှူးနှင့် အန်ဒီအေကေအဖွဲ့တို့၏ သဘော တူညီမှု ရရှိထားသည့် အတိုင်း နယ်ခြားစောင့်တပ်အသွင်ပြောင်းရေးကို ဆောင်ရွက်နေဆဲဖြစ်ပြီး အသက်အရွယ်ကြီးသူများအား တပ်ကနေ အနားယူခွင့် ပေးခဲ့ကြောင်း အမည် မဖော်လိုသည့် အန်ဒီအေကေ အရာရှိ တဦးက ပြောသည်။

၎င်းက “ဥက္ကဋ္ဌ ဦးဆခုံတိန့်ယိန်းလည်း အသက်(၆ဝ) ကျော်နေပြီလေ။ လူကြီးတွေကျတော့ နိုင်ငံရေးပါတီထဲကို သွားကြရမှာ။ အခုလုပ်မယ့် ဟာက အသက် (၅ဝ) ရဲ့ အထက်ကို တပ်ထဲမှာ ပါခွင့်မရှိတော့ဘူး။ တချို့ကျတော့ ဌာနဆိုင်ရာတွေမှာ အလုပ် ပေးမယ်လို့တော့ ကြားရတယ်။ မလုပ်နိုင်တော့တဲ့ အသက်ကြီးသူတွေကို အနားပေးမယ်၊ အနားပေးမှာ ဘယ်နှယောက်ဆိုတာ ကျနော်တို့လည်း တိတိကျကျ မသိသေးဘူး” ဟု ပြောသည်။

အန်ဒီအေကေ အဖွဲ့သည် ၁၉၈၉ ခုနှစ်၊ ဒီဇင်ဘာတွင် ဗမာပြည်ကွန်မြူနစ်ပါတီမှ ခွဲထွက်ပြီး နအဖနှင့် အပစ်ခတ် ရပ်စဲရေး ပြုလုပ်ခဲ့ကာ နအဖ တောင်းဆို ထားသည့် နယ်ခြားစောင့် တပ် အသွင်ပြောင်း ဖွဲ့စည်းရေးကို ယခုနှစ် ဇွန်လအတွင်း လက်ခံ သဘောတူခဲ့သည်။

source by : ခေတ်ပြိုင်

0 ယောက်ရဲ့ထင်မြင်ချက်: