လွတ်မြောက်လာသူများက ဆိုးဝါးသော ထောင်တွင်း အခြေအနေများကို ထုတ်ဖော်
ရန်ပိုင် | မြန်မာနိုင်ငံ တဝန်းရှိ စစ်အစိုးရ အကျဉ်းထောင် များအတွင်း နိုင်ငံရေး အကျဉ်းသားများ ကျန်းမာရေး စောင့်ရှောက်မှု လုံလောက်စွာ မရရှိခြင်းနှင့် အစားအစာ ချို့တဲ့ခြင်း များကြောင့် ကျန်းမာရေး ဆိုးဝါးမှုများ ရှိကြောင်း မကြာသေးခင်က ပြန်လည် လွတ်မြောက်လာသော အကျဉ်းသားများက ပြောသည်။
ထောင်တွင်းတွင် ကျန်းမာရေး အခက်အခဲရှိလျှင် အရေး ပေါ်လူနာများ အနေဖြင့် ထောင်ပြင်ပရှိ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသရပြီး တခါတရံတွင် အာဏာပိုင်များက ခွင့်မပြု သောကြောင့် အသက် ဆုံးရှုံးရသော အကျဉ်းသားများပင် ရှိကြောင်း မကြာသေးခင်က သာယာဝတီ အကျဉ်းထောင်မှ ပြန်လည် လွတ်မြောက် လာသော နိုင်ငံရေး အကျဉ်းသား ကိုအောင်ထွန်းက ပြောသည်။
“တကယ့် အရေးပေါ် ကိစ္စ ညပိုင်းမှာ ပေါ်လာရင်တော့ဗျာ၊ သူတို့ကလည်း ခွင့်မပြုတော့ မကုနိုင်လို့ တိမ်းပါးသွား တဲ့သူတွေ မနည်းဘူး၊ ကျန်းမာရေး စောင့်ရှောက်မှု ကတော့ ကျနော်ရောက်တဲ့ အချိန်က စပြီး၊ ပြန်ထွက်တဲ့ အချိန်အထိ ထောင်မှာ ဆရာဝန် မရှိဘူး၊ ဆေးမှူး အဆင့်ရှိတဲ့ သူပဲရှိတယ်၊ ကျန်းမာရေး စောင့်ရှောက်မှု မလုံလောက်ဘူး၊ ဆေးဝါး မလုံလောက်ဘူး” ဟု ၎င်းကပြောပြသည်။

ကိုအောင်ထွန်းသည် “မြန်မာနိုင်ငံ ကျောင်းသား လှုပ်ရှားမှုသမိုင်း” စာအုပ် ရေးသားပြုစုသည့် အတွက် ၁၉၉၈ ခုနှစ်တွင် စစ် အာဏာပိုင်များက ဖမ်းဆီး၍ ထောင်ဒဏ် ၁၇ နှစ် ချမှတ်ခံခဲ့ရသူဖြစ်သည်။
ထို့အတူ သရက် ထောင်တွင်လည်း အစားအသောက် ချို့တဲ့ခြင်း၊ ဆေးဝါး မပြည့်စုံခြင်း၊ ဆေးကုသခွင့် မရခြင်း၊ အဓမ္မ အလုပ် စေခိုင်းခြင်းများ ကြုံခဲ့ရပြီး အင်းစိန် ထောင်တွင် ရှိစဉ်ကလည်း ခုခံအားကျ ရောဂါဖြင့် သေဆုံးသူ အကျဉ်းသား များကို တွေ့ခဲ့ ရသည်ဟု သရက်ထောင်မှ လွတ်မြောက် လာသော နိုင်ငံရေး အကျဉ်းသား ကိုထွန်းထွန်ငြိမ်း ကလည်း ဆိုသည်။
“ဆေးမရှိဘူး။ ဆရာဝန်ကလည်း ဘာမှ လုပ်ပိုင်ခွင့်မရှိဘူး”ဟု ၎င်းကပြောသည်။
အဆိုပါ သရက်ထောင်တွင် သံတွဲထောင်မှ ရွှေ့ပြောင်းလိုက်သော အစာရေပြွန်ရောဂါဝေဒနာရှင် ၈၇ နှစ်အရွယ်တောင် ကုတ်မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးကျော်ခိုင်ကို သရက်ထောင် ရင်ခွဲရုံတွင် တဦး တည်းထားရှိပြီး၊ ရွှေဝါရောင် တော်လှန်ရေး ကာလ ဖမ်းဆီး ခံခဲ့ရသော မနီလာသိန်း၊ ပခုက္ကူမှ ဦးသန့်ရှင်း၊ သာယာဝတီမှ ကိုဂျော်လီထွန်း၊ ဘိုကလေးမှ ဦးအောင်ခင်ဘို နှင့် ကိုစိန်အေး၊ တောင်ကုတ် လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ခိုင် တို့အပါအ၀င် နိုင်ငံရေး အကျဉ်းသား ၄၀ နီးပါးလည်း သရက်ထောင်တွင် ရှိနေသေးသည်ဟု သိရသည်။
လက်ရှိ အကျဉ်းထောင်များတွင် ကျန်းမာ ရေးစောင့်ရှောက်မှု အခြေအနေမှာ အင်မတန်ဆိုးရွားနေ၍ မကြာသေးခင်က ပြန်လွတ် လာသော နိုင်ငံရေး အကျဉ်းသား ကိုမျိုးရန်နောင်သိမ်းသည်လည်း ထောင်တွင်းကျန်းမာရေးအခြေအနေ ဆိုးဝါးမှု ကြောင့် လမ်းမလျှောက် နိုင်ကြောင်း သိရသည်။
မန္တလေး အိုးဘို ထောင်တွင်လည်း အကျဉ်းသားများသည် အစားအသောက်ချို့တဲ့မှုများ ရှိနေကြပြီး ထောင်ဝင်စာ နှင့် ပြင်ပ အလှူရှင်များ ၏ လှူဒါန်းမှုများကိုသာ အားထားနေရကြောင်း၊ ထောင်အာဏာပိုင်များ ကလည်း ငွေကြေး တတ်နိုင်သူများ ကိုသာ အခွင့်အရေး ပေးကြောင်း ပြန်လွတ်လာသည့် နိုင်ငံရေး အကျဉ်းသား ကိုဘိုဘို က ပြောသည်။
ကိုဘိုဘို ( ခ ) ကိုမျိုးကျော်သူသည် ယခင်က (ABSDF -မြောက်ပိုင်း) အဖွဲ့ဝင်ဟောင်းတဦးဖြစ်သည်။ ၁၉၉၈ ခုနှစ်တွင် ရန်ကုန်မြို့၌ အဖမ်းခံခဲ့ရပြီး မန္တလေးအိုးဘိုထောင်တွင် ထောင်ဒဏ် တသက်တကျွန်း ကျခံ ခဲ့ရသူ ဖြစ်ကြောင်း သိရသည်။
“ကျနော် ထောင်တသက် ကျတော့ ကျနော့် မိန်းမက ထောင်ထဲမှာ လာပြီးတော့ ကွာရှင်းခွင့်တောင်းတယ်၊ အခုတော့ သားလေး တယောက် ကျန်ခဲ့တယ်”ဟု ကိုဘိုဘိုက ဧရာဝတီသို့ ပြောပြသည်။
မန္တလေး အိုးဘိုထောင်မှ ကိုရန်နိုင်မင်း၊ ကိုစိန်လင်း၊ ကိုစိုးမိုးနိုင်၊ မဇင်မာအောင်၊ ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးစောကြာဦး နှင့် မကေသီအောင်တို့ ပါဝင်ပြီး၊ သာယာဝတီ ထောင်မှ ဦးသောင်းဝင်းဗိုလ်၊ ဦးဘချစ်နှင့် ကေအန်ယူမှ ကိုရွှေသားတို့ ပါဝင်ပြီး၊ သရက်ထောင်မှ မကွေးတိုင်း အန်အယ်လ်ဒီ ဥက္ကဌ ဦးမြင့်ဦး၊ ကိုရန်အောင်ရွှေ၊ ဦးသာချို (ရေနံချောင်း)၊ နတ်မောက်မှ ကိုဌေးဝင်း၊ ချောက်မှ ကိုထွန်းထွန်းငြိမ်း တို့အပြင် ၁၉၉၉ ခုနှစ် ထိုင်းနိုင်ငံရှိ မြန်မာသံရုံး စီးနင်းမှုဖြင့် စွဲချက်တင် ဖမ်းဆီးခံခဲ့ရသည့် ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ်မှ ကိုခိုင်ကောင်းစံနှင့် ကေအန်ယူမှ ကိုတောကြည်တို့ ပြန်လည် လွတ်မြောက် လာသည်ဟု သိရသည်။
စစ်အစိုးရက ပြီခဲ့သည့် စက်တင်ဘာ ၁၈ရက်နေ့မှ စတင်ပြီး အကျဉ်းသား ၇၁၁၄ ဦးကို လွတ်ငြိမ်း ချမ်းသာခွင့် ပြုမည်ဟု ကြေညာ ခဲ့သော်လည်း နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်း (AAPP )က နိုင်ငံရေး အကျဉ်းသား ၁၂၇ ဦး လွတ်မြောက် လာခဲ့သည်ဟု ထုတ်ပြန် ထားသည်။
AAPP ၏ စာရင်းအရ ၂၀၀၄ခုနှစ်တွင် အကျဉ်းသား ၁၄၃၁၈ ဦးတွင် ၊ နိုင်ငံရေး အကျဉ်းသား ၆၀ ဦး၊၂၀၀၅ခုနှစ်တွင် အကျဉ်းသား ၄၀၀ဦးတွင် နိုင်ငံရေး အကျဉ်းသား ၃၄၁ဦး၊ ၂၀၀၇ခုနှစ်တွင် အကျဉ်းသား ၈၅၈၅ ဦးတွင် နိုင်ငံရေးအကျဉ်း သား ၂၀ဦး ၊ ၂၀၀၈ ခုနှစ်တွင် အကျဉ်းသား ၉၀၀၂ ဦး တွင် နိုင်ငံရေး အကျဉ်းသား ၉ ဦး ပါဝင်ပြီး၊ ယခု ၂၀၀၉ ခုနှစ် နှစ်ဆန်းပိုင်း ဖေဖော်ဝါရီလက အကျဉ်းသား ၆၃၁၃ ဦးတွင် နိုင်ငံရေး အကျဉ်းသား ၃၁ဦးသာ လွတ်မြောက်ခဲ့သည်ဟု သိရသည်။
ဤသတင်းကို အိန္ဒိယ အခြေစိုက် ဧရာဝတီ သတင်းထောက် ဇာနည်မာန် ပူးပေါင်းပါဝင် ရေးသားသည်။
source by : ဧရာဝတီ

0 ယောက်ရဲ့ထင်မြင်ချက်:
Post a Comment