အန်အယ်လ်ဒီ ခေါင်းဆောင်များနှင့် တွေ့ဆုံခွင့် ရပါက ပါတီ မူဝါဒများ ဆွေးနွေးမည်ဟု ဦးဝင်းတင်ပြော

မင်းနိုင်သူ | အန်အယ်လ်ဒီ ဗဟို အလုပ်အမှုဆောင် အဖွဲ့အနေဖြင့် နေအိမ် အကျယ်ချုပ် ချထားခံရသည့် ပါတီခေါင်းဆောင်များနှင့် တွေ့ဆုံ ဆွေးနွေးခွင့် ရပါက ပါတီ ရှေ့ဆက် ရမည့် မူဝါဒများကို အဓိကထား ဆွေးနွေးကြမည်ဟု ပါတီဗဟိုအလုပ်အမှုဆောင် အတွင်းရေးမှူး ဦးဝင်းတင်က ပြောကြားသည်။
နေအိမ် အကျယ်ချုပ် ချထားခံရသည့် အန်အယ်လ်ဒီ ပါတီ ဒု-ဥက္ကဋ္ဌ ဦးတင်ဦး၊ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် တို့နှင့် ပါတီ ဗဟိုအလုပ် အမှုဆောင် အဖွဲ့ဝင်များ တွေ့ဆုံဆွေးနွေးနိုင်ရေးအတွက် စက်တင်ဘာ (၁၆) ရက်၌ နအဖ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ စာပို့ထားသော်လည်း အကြောင်းပြန်ကြားခြင်း မရှိသေးကြောင်း ပါတီပြန်ကြားရေးအဖွဲ့က ယမန်နေ့တွင် ထုတ်ဖော် ပြောဆိုခဲ့သည်။
ယင်းသို့ နအဖဘက်မှ အကြောင်း ပြန်ကြားခြင်း မရှိသေးသော်လည်း ပါတီဗဟို အလုပ်အမှုဆောင် အဖွဲ့အနေဖြင့် လက်ရှိ ဖြစ်ပေါ် နေသော နိုင်ငံရေး အခြေအနေများကို အခြေခံကာ ပါတီအတွက် ဆွေးနွေးသွားရန် လိုအပ်သည်ဟု ဦးဝင်းတင်က ပြောသည်။

“အနီးကပ်ဆုံး တာဝန်ဖြစ်နေတဲ့ မှတ်ပုံတင်ရေးကိစ္စ၊ ပါတီရုံးတွေ ပြန်ဖွင့်ရေး ကိစ္စ၊ စည်းရုံး လှုပ်ရှားဖို့ ကိစ္စ ဒါတွေကို အခြေခံထား ဆွေးနွေးရမယ်။ အစိုးရက သိပ်တင်းခံရင် ကျနော်တို့ အတင်းဖွင့်မလား။ ဒီလိုဟာမျိုးတွေပေါ့ဗျာ။ နောက်တခုက အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ပတ်သက်ပြီး ဘယ်လောက်အထိ ကိုင်မလဲ။ ဘယ်လောက်မှာ ရပ်မလဲ။ နောက် တွေ့ဆုံ ဆွေးနွေးရေး တောင်းဆိုတာနဲ့ ပတ်သက်ပြီး ဘယ်လို အကြောင်းအရာတွေ ပေါ်မှာ မူတည်ပြီးတော့ ဘယ်လို ရေရှည်ရပ်သွားမလဲ။ မတွေ့ဘူးဆို ဘယ်လိုလုပ်မလဲ။ တွေ့မယ်ဆို ဘယ်လို လုပ်မလဲ။ ဒါတွေ ကျနော်တို့ ဆွေးနွေးဖို့လိုတယ်” ဟု ၎င်းက ပြောသည်။
ပါတီ၏အနာဂတ်မူဝါဒ ချမှတ်ရေးတွင် ဒေါ်အောင်ဆန်းစုကြည်သည် အရေးပါသော ပုဂ္ဂိုလ်ဖြစ်သည်ဟုလည်း ဦးဝင်းတင်က ပြောသည်။
၎င်းက “အဖွဲ့အစည်းဆိုတာ အဖွဲ့အစည်းက လုပ်မှဖြစ်မှာကိုး။ ဥပမာ ကျနော် ရွေးကောက်ပွဲမ၀င်ဘူး။ မ၀င်ချင်ဘူးဆိုတာကို ကျနော့်ဟာ ကျနော်ပြောလို့ရတဲ့အနေအထား ရှိတယ်ပေါ့ဗျာ။ ဒီလိုမျိုး ကျနော့်မှာ အသံထုတ်လို့ရတာ ရှိသော်ငြားလည်း ဒီအသံဟာ အဖွဲ့တခုလုံးကို ကယ်ရီလုပ်သွားနိုင်ဖို့ ခက်တယ်။ အလားတူပဲ အခြားသော ဗဟိုအလုပ်အမှုဆောင်တွေမှာလည်း အဲလို အကန့်အသတ်လေးတွေ ရှိနိုင်မယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ကျတော့ သူပြောတာဟာ အဖွဲ့ရဲ့လမ်းညွှန်ချက်၊ အဖွဲ့ရဲ့ညွှန်ကြားချက်လိုဟာမျိုးဖြစ်တယ်လေ” ဟု ပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) အနေဖြင့် အကျယ်ချုပ်ကျ ခေါင်းဆောင်များနှင့် တွေ့ဆုံလိုကြောင်း နအဖဥက္ကဋ္ဌထံ စာရေးတောင်းဆိုခြင်းသည် ယခုလအတွင်း ဒုတိယမြောက် တောင်းဆိုခြင်းဖြစ်သည်။
စက်တင်ဘာ (၄) ရက်တွင် ပထမအကြိမ် နအဖဥက္ကဋ္ဌထံ ပါတီရုံးခွဲများ ပြန်လည် ဖွင့်လှစ်ခွင့် ရရန် စာရေးသား တောင်းဆို ထားသော်လည်း ယင်း တောင်းဆိုချက်ကို နအဖဘက်မှ တစုံတရာအကြောင်းပြန်ကြားခြင်း မရှိသေးပေ။
ပါတီရုံးခွဲများ ပြန်လည် ဖွင့်လှစ်ခွင့် ရရေးနှင့် ပတ်သက်၍ ဦးဝင်းတင်က “မကြာခင်မှာ ပါတီမှတ်ပုံတင်ရေးတို့၊ ဘာတို့ လာတော့မယ်။ အန်အယ်လ်ဒီ ပါတီ အောက်ခြေမှာ ရုံးတွေက အားလုံးပိတ်ခံနေရတာ။ အဲတော့ ကျနော်တို့ထဲမှာလည်း sentiment နှစ်မျိုးပေါ့ဗျာ။ ကျနော်တို့ ပြောတာ ကိုယ့်ဟာကို ဖွင့်မယ် ပေါ့ဗျာ။ အခု အပိတ်ခံထားရတာ ကျနော်တို့ အဖွဲ့ချုပ် တခုတည်းပဲ ရှိတယ်။ တချို့ ကတော့လည်း မဟုတ်ဘူး၊ ကန့်သတ်တုန်းက ပြောတဲ့အတိုင်း အစိုးရဆီကို တင်မယ်၊ ဒီသဘောထား ရှိနေတယ်။ ကျနော်ကတော့ ဘာလို့ အစိုးရ ပြောနေတော့မလဲ ကိုယ့်ဟာကို ဖွင့်ချမယ်၊ အရေးကြီးတာ အောက်ခြေက ပါတီ ရဲဘော်တွေနဲ့ ညှိဖို့ပဲ” ဟု ပြောသည်။
၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ အန်အယ်လ်ဒီ ပါတီရုံးများကို အကြောင်းပြချက် ခိုင်ခိုင်မာမာမရှိဘဲ ဒေသ အာဏာပိုင် အသီးသီးက ၂၀၀၃ ခုနှစ် မေလ (၃၁) ရက်မှ စတင်၍ ပိတ်ခိုင်းခဲ့သည်။
ယနေ့ အထိ တရားဝင် ပါတီအဖြစ် ရပ်တည် နေဆဲ ဖြစ်သည့် အန်အယ်လ်ဒီ ပါတီကို နယ်ရုံးခွဲများ ပိတ်ပင်ထားခြင်းနှင့် လွတ်လပ်စွာ စည်းရုံး လှုပ်ရှားခွင့် မရစေရန် ကန့်သတ်မှုများ ပြုလုပ်ထားပြီး ပခုက္ကူမြို့တွင်မူ တရားဝင် မှတ်ပုံမတင်ရသေးသည့် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား နိုင်ငံရေး အဖွဲ့ချုပ်ဆိုသည့် အဖွဲ့တခု၏ ဆိုင်းဘုတ် တင်ခြင်းကို အာဏာပိုင်များက ခွင့်ပြုထားသည်။
source by : ခေတ်ပြိုင်

0 ယောက်ရဲ့ထင်မြင်ချက်:
Post a Comment