7/29/2009

မြန်မာ့ `စားနပ်ရိက္ခာလုံခြုံမှု´ အစီရင်ခံစာသစ် ထုတ်ပြန်

မုံပီး | နယူးဒေလီ (မဇ္ဈိမ)။ ။ ကျေးလက် ဒေသတွင် ကြွေနွံနစ်မှု မဖြစ်ရန်နှင့် လယ်ယာ စိုက်ပျိုးရေး ထုတ်လုပ်မှု တိုးတက် လာစေရန် စိုက်ပျိုးရေး ချေးငွေများ ရအောင် လုပ်ပေးသင့်သည်ဟု ကုလသမဂ္ဂ အာရှ ပစိဖိတ် စီးပွါးရေးနှင့် လူမှုရေး ကော်မရှင် (ESCAP) ၏ အမှုဆောင် ညွှန်ကြားရေးမှူး ဒေါက်တာ နိုလင်းဟေဇာ (Dr. Noeleen Heyzer) က ပြောသည်။

ဒေါက်တာ ဟေဇာသည် စစ်အစိုးရ အုပ်စိုးနေသော မြန်မာနိုင်ငံသို့ ESCAP ၏ လေ့လာချက် စာတန်းတခုဖြစ်သော ရေရှည် ထိန်းထား နိုင်မည့် လယ်ယာ စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာ လုံခြုံမှု စာတန်းကို ထုတ်ဝေဖြန့်ချိရန် တပတ်ကြာ ခရီးစဉ်အဖြစ် ရောက်ရှိနေခြင်း ဖြစ်သည်။ စားနပ်ရိက္ခာလုံခြုံမှုနှင့် ရေရှည်ထိန်းထားနိုင်သောစိုက်ပျိုးရေးလုပ်ငန်းတို့ရှိနေစေရန် မြန်မာ နိုင်ငံအပါအဝင် ဒေသတွင်း နိုင်ငံများသည် ဆင်းရဲသူဆင်းရဲသားများကိုအကျိုးပြုနိုင်သည့် အစိုးရအသုံးစရိတ်များအသုံးပြုခြင်း၊ ငွေနှင့်အလုပ် လဲလှယ်သည့် လုပ်ငန်းများ ဖန်တီး ဖော်ထုတ်ပေးခြင်း၊ ကျေးလက်အခြေခံအဆောက်အအုံအစီအစဉ်များအပါအဝင် ဆင်းရဲသား များ၏ ဝယ်နိုင် စွမ်းအားကို တိုးတက်စေမည့် ခြေလှမ်းများကို ချက်ချင်း လုပ်ဆောင်သင့် ကြောင်း၊ ထို့ပြင် လူမှုကာကွယ်ရေး အစီအစဉ် အတွက် အခြေခံအုတ်မြစ်များလည်းချထား သင့်ကြောင်းဖြင့် ဒေါက်တာဟေဇာက ပြောကြားသွားသည်။

အက်စကက် (ESCAP) အဖွဲ့သည် အဖွဲ့ဝင်နိုင်ငံများ၏ မေတ္တာ ရပ်ခံချက် အရ ၂၀၀၈ ခုနှစ် တွင် စားနပ်ရိက္ခာ လုံခြုံမှုနှင့် ရေရှည် ထိန်းထားနိုင်သော လယ်ယာစိုက်ပျိုးရေး လုပ်ငန်းတို့ကို မည်သို့မည်ပုံ ကောင်းမွန် ခိုင်မာအောင် လုပ်ရန်ဆိုသည်ကို အချိန်ကိုက် လေ့လာစူးစမ်းမှုများ နှင့် မူဝါဒ ရွေးချယ်မှုဆိုင်ရာ စာတန်းကို ပြုစုခဲ့သည်။ ဤအစီရင်ခံစာကို ၂၀၀၉ ခုနှစ် ဧပြီလ က တရားဝင် ထုတ်ဝေ ဖြန့်ချိခဲ့ပြီး ယခုမြန်မာနိုင်ငံသို့ ဒေသခံ ဘာသာစကားဖြင့် စာတန်းကို ထုတ်ဝေ ဖြန့်ချိရန် ရောက်ရှိနေခြင်း ဖြစ်သည်။

`ဒေါက်တာဟေဇာ ဒီနေ့ နေပြည်တော်မှာ အစီရင်ခံစာကို ထုတ်ဝေ ဖြန့်ချိပါမယ်´ ဟု ဘန်ကောက်မြို့ရှိ အက်စကက် ပြန်ကြားရေးရုံးမှ Mitchell Hsieh က ပြောသည်။

မြန်မာနိုင်ငံသို့ တနင်္လာနေ့တွင် စတင်ရောက်ရှိ၍ စနေနေ့ထိ နေထိုင်မည့် အမှုဆောင် အတွင်းရေးမှူးသည် အင်္ဂါနေ့က ကြေငြာချက် ထုတ်ပြန်၍ `လုံလောက်၍ ရေရှည်ထိန်းထား နိုင်မည့် လယ်ယာစိုက်ပျိုးရေး ချေးငွေသည် ကျေးလက်ကြွေတင်မှုကို ကာကွယ်နိုင်ရန်နှင့် စိုက်ပျိုးရေး ထုတ်လုပ်မှုကို တိုးတက်စေရန်၊ ကျေးလက်ဒေသ အခစား အလုပ်အကိုင်နှင့် စားဝတ်နေရေး ပြေလည်စေရန် အရေးကြီး သည်ဟု ပြောကြားခဲ့သည်။

`ဤအစီအစဉ်များသည် လယ်သမားများလတ်တလော ရင်ဆိုင်နေရသော ဆင်းရဲဒုက္ခများကို လျော့နည်းစေမည်ဖြစ်ပြီး လူကုန်ကူးမှုနှင့် ရပ်ဝေး အလုပ်အကိုင်မှ အိမ်ပြန်လာရခြင်း စသော လတ်တလော စီးပွါးရေး အကြပ်အတည်း၏ လူမှုရေး သက်ရောက်မှုတို့ကို ဖြေရှင်းရာ တွင် အထောက်အကူ ဖြစ်စေနိုင်သည်´ ဟု သူမက ဆက်လက် ပြောဆိုသည်။

အက်စကက်၏ လေ့လာရေး စာတန်းသည် ၂ဝဝ၈ ခုနှစ် စီးပွါးရေးနှင့် လူမှုရေးဆာဗေး မှ အဓိက တွေ့ရှိချက်များ အချို့ကို တုံ့ပြန် လေ့လာမှု ဖြစ်သည်။ ယင်းဆာဗေးတွင် စိုက်ပျိုးရေး ကဏ္ဍ၌ ရင်းနှီးမြှုပ်နှံမှုများ လျော့ကျလာနေပြီး စိုက်ပျိုးရေး ချေးငွေများ ချို့တဲ့ လာခြင်းသည် လယ်သမားများ၏ ကြွေးတင်မှုကို ပိုဆိုးလာစေသည်ဟု ရေးသားထားသည်။

ယခုလေ့လာမှုသည် မြန်မာနိုင်ငံနှင့် ဖွံ့ဖြိုးတိုးတက်ရေး တွဲဘက်လုပ်ဆောင်မှု ပထမ ခြေလှမ်းဖြစ်သည်ဟု ဒေါက်တာဟေဇာက ပြောသည်။ မြန်မာ့လယ်ယာ စိုက်ပျိုးရေးကဏ္ဍ သည် တိုင်းပြည်၏ စုစုပေါင်းပြည်တွင်း အသားတင်ထုတ်ကုန် (GDP) ၏ ၄၂% ရှိပြီး၊ စုစုပေါင်း အလုပ်တပ်ဖွဲ့၏ ၇ဝ% လုပ်ကိုင်နေသော လုပ်ငန်းကြီး ဖြစ်သည်။ လယ်ယာစီးပွါးရေး နှင့် မူဝါဒကို လေ့လာမည် ဖြစ်သည်။

ကျေးလက်ချေးငွေ စနစ်တွင် ရံပုံငွေ ချို့တဲ့ခြင်းကြောင့် မြန်မာ့ကျေးလက် စီးပွါးရေးသည် ပြိုလဲမည့်အ န္တရာယ် ရှိနေသည်ဟု သြစတြေလျနိုင်ငံ ဆစ်ဒနီမြို့ Macquarie တက္ကသိုလ် တွဲဘက်ပါမောက္ခ ဒေါက်တာရှောင်တန်းနဲလ် (Dr. Sean Turnell) က မဇ္ဈိမသို့ အစောပိုင်း က ပြောကြားခဲ့သည်။

အထူးသဖြင့် ဆိုင်ကလုံးဒဏ်ခံရသော ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသတွင် ရံပုံငွေအလွန် အမင်းချို့တဲ့နေ၍ စားနပ်ရိက္ခာ ထုတ်လုပ်မှုကို တဖြေးဖြေး ခြိမ်းခြောက်လျက်ရှိကြောင်း တားနဲလ်က ပြောသည်။

တားနဲလ်၏ အပြောအရ အစိုးရ၏ အူကြောင်ကြောင် စီးပွါးရေးမူဝါဒများ အထူးသဖြင့် ကျေးလက်စိုက်ပျိုးရေး မူဝါဒများနှင့် ကမ္ဘာ့ စီးပွါးရေးအကျက ထပ်ဆင့်လိုက်ပြန်သောကြောင့် လယ်သမားများမှာ ဒေသခံ ငွေတိုးချေးစားသူများထံမှပင် ချေးငွေမရနိုင်ဘဲ အခက်တွေ့လျက် ရှိသည်ဟု ဆိုသည်။

ဆန်အပါအဝင် လယ်ယာစိုက်ပျိုးရေး ထွက်ကုန်များ သယ်ဆောင်ခြင်းအပေါ် တားဆီး ကန့်သတ်မှုများကို ဖယ်ရှားလိုက်လျှင် လယ်ယာ ထွက်ကုန် ဈေးကွက် တင်ပို့ရောင်းချခြင်း လုပ်ငန်းသည် တိုးတက်လာလိမ့်မည်ဟု အက်စကက် လေ့လာချက်က အကြံပြု ထားသည်။

ထုတ်လုပ်ခြင်း၊ ရိတ်သိမ်းချိန်လွန်ကာလနှင့် စားနပ်ရိက္ခာ သိုလှောင်ခြင်းတို့ ဖွံ့ဖြိုးတိုးတက် စေရန်နှင့် နည်းပညာ လွှဲပြောင်းခြင်း လုပ်ငန်းများ အတွက် ဒေသတွင်း ပူးပေါင်းဆောင်ရွက် မှုလိုအပ်သည်ဟု ဆိုသည်။

အက်စကက်သည် မြန်မာနိုင်ငံနှင့် ဖွံ့ဖြိုးတိုးတက်မှု လက်တွဲ ဆောင်ရွက်ရေးတွင် မဟာဗျူ ဟာကျသော အနေအထားတွင် ရှိနေပြီး၊ `ယခု နေပြည်တော်တွင် ဤလေ့လာချက် စာတန်းကို ထုတ်ဝေဖြန့်ချိလိုက်ခြင်းသည် ဤဖွံ့ဖြိုးတိုးတက်မှု လက်တွဲ ဆောင်ရွက်ရေး၏ အစပင်ဖြစ်သည်´ဟု ဒေါက်တာဟေဇာက ပြောသည်။

အမှုဆောင် အတွင်းရေးမှူးသည် ဆန်စပါး၊ စိုက်ပျိုးရေးချေးငွေ၊ ကျေးလက် အခြေခံ အဆောက်အအုံနှင့် မြန်မာနိုင်ငံရှိ စားဝတ်နေရေး အခွင့်အလမ်းများ အပါအဝင် စိုက်ပျိုးရေး ဆိုင်ရာ စီးပွါးရေး ပေါ်လစီများကို ဖြစ်နိုင်ဖွယ်ရှိသော စီးပွါးရေး နိုးထရေးနှင့် လူထု ကောင်းစားရေး အစီအစဉ်များအဖြစ် ဆွေးနွေးမည် ဖြစ်သည်။

သူမ၏ ခရီးစဉ်အတွင်း ဒေါက်တာဟေဇာသည် စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးအပြင် မြန်မာနိုင်ငံ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်၊ နိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်း၊ စီမံကိန်းနှင့် စီးပွါးရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး ဦးစိုးသာ၊ ဝန်ထမ်း ရွေးချယ်လေ့ကျင့်ရေးအဖွဲ့ ဥက္ကဌ ဦးကျော်သူတို့နှင့်လည်း တွေ့ဆုံဆွေးနွေးမည် ဖြစ်သည်။

ကုလ အက်စကက် အမှုဆောင် အတွင်းရေးမှူးသည် မြန်မာ့စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးဌေးဦး၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်ခြင်း ဖြစ်သည်။

source by : မဇ္ဈိမ

0 ယောက်ရဲ့ထင်မြင်ချက်: