မြန်မာ ငါးလုပ်ငန်း ကိုယ်စားလှယ် အဖွဲ့ အိန္ဒိယ ငါးသားဖောက် လုပ်ငန်း လေ့လာ
ဆရစ် အလီ မူဂ်ျတာဘား | ချင်နိုင်း (မဇ္ဈိမ)။ ။ အိန္ဒိယ-မြန်မာ နှစ်နိုင်ငံအကြား ဆောင်ရွက်ဆဲ နည်းပညာ လဲလှယ်ရေး အစီအစဉ်အရ မြန်မာ့ငါးလုပ်ငန်းဌာနမှ အဖွဲ့ဝင် ၁၅ ဦးပါ ကိုယ်စားလှယ်အဖွဲ့သည် အိန္ဒိယ၏ ထူးခြား အောင်မြင်လှသော ငါးသားဖောက်မွေးမြူရေး လုပ်ငန်းများ ဖြစ်ထွန်းတိုးတက်နေမှုကို လေ့လာရန် ၈ ရက်ကြာခရီးစဉ်အဖြစ် ရောက်ရှိနေကြသည်။
မြန်မာအဖွဲ့သည် အိုရစ်ဆပြည်နယ် Bhubaneswar ရှိ ရေချိုငါး သားဖောက်မွေးမြူရေးသိပ္ပံ ဗဟိုဌာန (CIFA) နှင့် အန်ဒရာပရာဒေ့ရှ် ပြည်နယ် ကိုလားရူး (Kolleru) ရေကန်တို့သို့ သွားရောက်လေ့လာခဲ့ကြသည်။
သူတို့က CIFA ၏ အထူး နည်းပညာဖြင့် သားဖောက် မွေးမြူထားသော ငါးကြင်းမျိုး တမျိုး (Jayanti Rohu) ကို အထူးစိတ်ဝင်စားစွာ လေ့လာခဲ့ကြသည်။ အဆိုပါ ငါးမျိုးသည် သာမန်ငါးကြင်းမျိုးထက် အထွက်နှုန်း ၁၇ ရာခိုင်နှုန်း ပိုထွက်သည်။

ကိုယ်စားလှယ် အဖွဲ့ လာရောက်ရသော ခရီးစဉ်၏ အဓိက ရည်ရွယ်ချက်မှာ မြန်မာ့ငါးထုတ်လုပ်ရေးကို တိုးတက်စေနိုင်မည့် အိန္ဒိယ နိုင်ငံတွင် ရရှိနိုင်သော အကောင်းဆုံး ငါးကြင်းငါးမျိုးအကြောင်း လေ့လာရန် ဖြစ်သည်ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌနှင့် ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဦးသန်းလွင်က ပြောသည်။
ဤသို့ဖြင့် ပတ်ဝန်းကျင်ညစ်ညမ်းမှု မဖြစ်စေဘဲ ငါးထုတ်ကုန်များကို အရေအတွက်ရော၊ အရည်အချင်းပါ တိုးတက်ထုတ်လုပ်နိုင်မည်ဟု သူက ပြောသည်။
ငါးထုတ်လုပ်မှု အထွက်တိုးရေးကို အထောက်အကူဖြစ်စေနိုင်သည့် CIFA ၏ နည်းပညာများကို လေ့လာခွင့်ရသည့်အတွက် ဝမ်းမြောက် ဝမ်းသာ ဖြစ်မိပါသည်ဟု သူက ထုတ်ဖော်ပြောဆိုသည်။ CIFA သည် တရုတ်နိုင်ငံပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ငါးသားဖောက် မွေးမြူထုတ်လုပ်သည့်အဖွဲ့ဖြစ်သည်။
မြန်မာ့ငါးလုပ်ငန်းဌာန၏ အငြိမ်းစား ဒုတိယညွှန်ကြားရေးမှူးလည်းဖြစ်၊ မြန်မာ့ငါးလုပ်ငန်းအဖွဲ့ချုပ်၏ လက်ရှိ အကြံပေးလည်းဖြစ်သူ ဦးလှဝင်းက ယခုခရီးစဉ်အတွင်း အဆင့်မြင့် နည်းပညာများ အသုံးပြုခြင်း၏ ထိရောက်အရေးပါမှုကို အလေးထား၍ ပြောကြားသွားသည်။
မြန်မာနိုင်ငံတွင် တန်ဖိုးရှိလှသော ငါးလုပ်ငန်းအရင်းအမြစ်များနှင့် ရေချိုရေငံငါးမျိုးစိတ်များ စုံလင်ကြွယ်ဝစွာ ရှိနေကြောင်းနှင့် ယင်းတို့ကို အဆင့်မြင့်နည်းပညာများသုံး၍ ထုတ်လုပ်လျှင် အထွက်နှုန်း တိုးမြင့်လာမည်ဖြစ်ကြောင်း သူက ပြောကြားခဲ့သည်။
သတင်းပေးပို့ချက်များအရ မြန်မာကိုယ်စားလှယ်အဖွဲ့သည် အိန္ဒိယနိုင်ငံ ငါးကြင်းအိုင်ကြီးဖြစ်သော အန်ဒရာ ပရာဒေ့ရှ်ပြည်နယ် ကိုလာရူးရေကန်တွင် သားဖောက်စခန်းများ၊ ငါးမွေးမြူရေးကန်များ စသည်တို့ကို သွားရောက်လေ့လာခဲ့သည်ဟု သိရသည်။
သူတို့သည် ထိုဒေသရှိ ငါးသားဖောက် စခန်းပိုင်ရှင်များ၊ လုပ်ငန်းရှင်များ၊ ငါးမွေးမြူသူများနှင့် အပြန်အလှန် တွေ့ဆုံဆွေးနွေးမှု အမြောက်အမြား ပြုလုပ်ခဲ့ကြသည်။
မြန်မာကိုယ်စားလှယ်အဖွဲ့သည် ကိုလာရူးရှိ ငါးထုတ်လုပ်ခြင်း၊ ဈေးကွက်တင်ပို့ခြင်း စသည့် လုပ်ငန်းစဉ် တရပ်လုံးကို လေ့လာ ကြည့်ရှု ခဲ့ကြသည်။ ထုပ်ပိုးခြင်း၊ ပြုပြင်အချောကိုင်ခြင်း၊ သိုလှောင်ခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ဈေးကွက်တင်ခြင်း စသော တိုးတက်အောင် ပြုလုပ်ထားသည့် ငါးဖမ်းချိန်လွန်ဝန်ဆောင်မှု လုပ်ငန်းများနှင့် သွင်းအားစုပေးသွင်းခြင်းဖြစ်သော ငါးမျိုး၊ ဓာတ်မြေသြဇာ၊ ဓာတု ပစ္စည်းများ၊ ငါးစာနှင့် ငါးသားဖောက် မွေးမြူရေးနှင့်ဆိုင်သည့် စက်ကိရိယာများတို့ကို လေ့လာကြည့်ရှုခဲ့ကြခြင်း ဖြစ်သည်။
ကိုလာရူးရေကန်ရှိ ငါးမွေးမြူရေးလုပ်ငန်းသည် ဒေသတွင်း ငါးသားဖောက်မွေးမြူရေးတွင် အလွန်အောင်မြင်သော လုပ်ငန်းအဖြစ် ကျော်ကြားသည်။
ထို့ပြင် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ထုတ်လုပ်ရေးနှင့် ဈေးကွက်တင်ခြင်း လုပ်ငန်းစဉ်ကြီး တရပ်လုံးကို နားလည် သဘောပေါက် စေနိုင်ရန် အတွက် ကုန်သွယ်ရေးအဖွဲ့အစည်းများမှ အဖွဲ့ဝင်များနှင့်လည်း အပြန်အလှန် ဆွေးနွေးလေ့လာမှုများ ပြုလုပ်ခဲ့ကြသည်။
၁၅ ဦးပါ မြန်မာကိုယ်စားလှယ်အဖွဲ့တွင် ၁၁ ဦးမှာ မြန်မာငါးလုပ်ငန်းရှင်များအဖွဲ့မှ ဖြစ်ပြီး၊ မြန်မာ့ငါးလုပ်ငန်း ဦးစီးဌာန ဆေးထိုး သားဖောက် မွေးမြူရေးဌာနခွဲနှင့် မြန်မာနိုင်ငံ ငါးလုပ်ငန်းရှင်များ အဖွဲ့ချုပ်တို့မှ ၂ ဦးစီ လိုက်ပါလာကြသည်။
source by : မဇ္ဈိမ

0 ယောက်ရဲ့ထင်မြင်ချက်:
Post a Comment