7/13/2009

မစ္စတာဘန်ကီမွန်းခရီးစဉ် လုံခြုံရေးကောင်စီမှာ ရှင်းလင်းမည်


RFA

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းဟာ ပြီးခဲ့တဲ့ရက်ပိုင်းက မြန်မာနိုင်ငံကို သွားရောက်ခဲ့တဲ့ ခရီးစဉ်နဲ့ ပတ်သက်လို့ လာမယ့် ဇူလိုင်လ ၁၃ ရက် တနင်္လာနေ့မှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံတွေကို ရှင်းလင်းပြောကြားဖို့ ရှိတယ်လို့ မစ္စတာဘန်ကီမွန်းရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Ms. Michele Montas က မနေ့က သတင်းထောက်တွေကို ပြောကြားပါတယ်၊၊

အစည်းအဝေးတခုတွင် စာရွက်စာတမ်းများ သိမ်းဆည်းနေသော ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း ဖြစ်ပါသည်။ (Photo: AFP)

မစ္စတာ ဘန်ကီမွန်းဟာ အန်အယ်ဒီပါတီက အလေးထားတင်ပြတဲ့ စစ်အစိုးရရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကိစ္စ၊ ၂ဝ၁ဝ ရွေးကောက်ပွဲကိစ္စတွေအပေါ်မှာ တကယ်ဘဲ အလေးထားကြောင်း၊ သူ မြန်မာပြည်က မထွက်ခွာခင် သံတမန်တွေ၊ အဲန်ဂျီအို အကြီးအကဲတွေရှေ့မှာလည်း ဒီကိစ္စတွေအပေါ် သူ့ရဲ့အမြင် ဘယ်လိုရှိတယ်ဆိုတာကို ရှင်းရှင်းလင်းလင်း ပြောကြားခဲ့ကြောင်း Ms. Montas က ပြောပါတယ်၊၊



နယူးယောက်မြို့ ကုလသမဂ္ဂရုံးချုပ်မှာ မနေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာပဲ Ms. Montas က ကချင်ပြည်နယ် ဖားကန့်ဒေသ မြေပြိုမှုအတွက် ကုလသမဂ္ဂအနေနဲ့ အကူအညီပေးရေးလုပ်ငန်းတွေ လုပ်ဆောင်နိုင်ဖို့ အာဏာပိုင်တွေနဲ့ ညှိနှိုင်းဆောင်ရွက်နေတယ်လို့ ဆိုပါတယ်၊၊

ဇူလိုင်လ ၄ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ မိုးသည်းထန်ပြီး မြေပြိုမှုကြောင့် ကချင်ပြည်နယ်မြောက်ပိုင်း ဥရုမြစ်တလျောက်မှာ လူ ၂ဝ ကျော် သေဆုံးပြီး လူ ၇ဝဝ- ၈ဝဝ လောက် ထိခိုက်မှုရှိခဲ့တယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုရုံးရဲ့ ကနဦး စာရင်းတွေအရ သိရှိရကြောင်း၊ ကုလသမဂ္ဂနဲ့ အန်ဂျီအိုအဖွဲ့ အစည်းတွေက ဖားကန့်မြို့နယ်ကို သွားရောက်ပြီး ကူညီရေးလုပ်ငန်းတွေ ဆောင်ရွက်နေကြကြောင်းနဲ့ ဒုက္ခသည်တွေကို ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းတွေ အပါအဝင် နေရာ ငါးခုမှာ ယာယီ နေထိုင်စရာ စီစဉ်ပေးထားတယ်လို့ Ms. Montas က ပြောပါတယ်၊၊

ဒါ့ပြင် WFP ကုလသမဂ္ဂ စားနပ်ရိက္ခာအစီအစဉ်က အရေးပေါ် ရိက္ခာ ထောက်ပံ့ပေးသွားဖို့ စီစဉ်နေပြီး ယူနီဆက်အဖွဲ့ကလည်း လိုအပ်တဲ့ ဆေးဝါးနဲ့ ကျန်းမာရေးပစ္စည်း ကိရိယာတွေ ကူညီထောက်ပံ့နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ ပြောပါတယ်၊၊

ဖားကန့်ဒေသ မြေပြိုမှုကြောင့် တွင်းပိသေဆုံးတဲ့ ကျောက်တူးသမား အနည်းဆုံး ၃ဝ လောက်ရှိတယ်လို့ ဒေသခံတွေက ပြောပေမယ့် စစ်အစိုးရ အာဏာပိုင်တွေဘက်ကတော့ သေဆုံးသူ ၂၄ ဦးသာရှိတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်၊၊


source by :RFA

0 ယောက်ရဲ့ထင်မြင်ချက်: