6/17/2009

မြောက်ကိုရီးယားနှင့်မြန်မာ လျှို့ဝှက်ဆက်ဆံရေး ဖော်ထုတ်ရေးသား


RFA

ပြီးခဲ့တဲ့ ဇွန်လ ၉ ရက်နေ့က အမေရိကန် ပြည်ထောင်စုမှာ ထုတ်တဲ့ Yale Global မဂ္ဂဇင်းမှာ မြောက်ကိုရီးယားက မြန်မာ စစ်အစိုးရအတွက် မြေအောက်လိုဏ်တွေ တူးပေးခဲ့တယ်ဆိုတဲ့ အချက်ကို ဓာတ်ပုံ အထောက်အထားတွေနဲ့ ဆောင်းပါးရှင် Mr. Bertil Lintner က ရေးသားထားပါတယ်။

မြန်မာနိုင်ငံသို့ ၂ဝဝ၇ခုနှစ်က လာရောက်စဉ် မြောက်ကိုရီးယား ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး ကင်မ်ယုံအီလ် (အလယ်) ဧပြီ ၂၅ရက်နေ့က ရွှေတိဂုံစေတီသို့ သွားရောက် ကြည့်ရှုစဉ် မှတ်တမ်းပုံ ဖြစ်ပါသည်။ ရွှေတိဂုံစေတီ ခြေရင်းရှိ အာဇာနည်ကုန်းတွင် ၁၉၈၃ခုနှစ်က ဗုံးခွဲလုပ်ကြံမှု ဖြစ်ပွားခဲ့ပြီးနောက် နှစ်နိုင်ငံ သံအဆက်အသွယ် ဖြတ်တောက်ခဲ့သည်။ (Photo: AFP)

ဒီဆောင်းပါးမှာ မြန်မာစစ်အစိုးရနဲ့ မြောက်ကိုရီးယားအစိုးရတို့ရဲ့ လျှို့ဝှက်ဆက်ဆံရေးနဲ့ စစ်လက်နက်ပစ္စည်း အရောင်းအဝယ် ကိစ္စတွေကို အသေးစိတ် ဖော်ပြထားပါတယ်။

မြောက်ကိုရီးယား နယူးကလီးယားပြဿနာ နိုင်ငံတကာက အရေးထားလာတဲ့ အချိန်နဲ့ ကိုက်ပြီး မြန်မာနဲ့ မြောက်ကိုရီးယား လျှို့ဝှက်ဆက်ဆံရေး အသေးစိတ် လေ့လာထားတဲ့ ဆောင်းပါးတပုဒ်ကို မြန်မာ့အရေး က္ဆွမ်းကျင်သူတဦးဖြစ်တဲ့ ထိုင်းနိုင်ငံအခြေစိုက် သတင်းစာဆရာ Bertil Lintner က Tunnels, Guns and Kimchi ခေါင်းစဉ်နဲ့ မကြာခင်က ရေးသားခဲ့ပါတယ်။



ဒီဆောင်းပါးမှာ ၂ဝဝ၃ ခုနှစ်ကနေ ၂ဝဝ၆ ခုနှစ်အတွင်း ရိုက်ခဲ့တဲ့ မြောက်ကိုရီးယား ပညာရှင်တွေ မြေအောက်လိုဏ်တွေ ပျဉ်းမနား နေပြည်တော်မှာ ဆောက်လုပ်နေတဲ့ ဓာတ်ပုံတွေ အပါအဝင် မြောက်ကိုရီးယားနဲ့ မြန်မာလက်နက် အရောင်းအဝယ် ကိစ္စရပ်တွေကို အသေးစိတ် စုံစမ်းတင်ပြထားပါတယ်။

ဒီအကြောင်းတွေနဲ့ ဆက်စပ်ပြီး မစ္စတာလင့်တနာကို RFAက ဆက်သွယ် မေးမြန်းခဲ့ပါတယ်။ ဒီလိုမေးမြန်းရာမှာ မစ္စတာ လင့်တနာက မြေအောက်လိုဏ်အားလုံးဟာ စစ်အစိုးရရဲ့ ဗုံးခိုကျင်း မဟာဗျူဟာချည်းသက်သက် မဟုတ်ပါဘူးလို့ ဖြေပါတယ်။

စစ်အစိုးရက အစိုးရရုံးစိုက်ရာမြို့ကို ရန်ကုန်ကနေ နေပြည်တော်ကို ပြောင်းတဲ့ အခါ နေပြည်တော်တဝိုက် တောင်တွေမှာ မြေအောက်လိုဏ်တွေ အများအပြား ဖောက်တာ တွေ့ရပါတယ်။ အဲဒီက တချို့ကတော့ စစ်ရေး၊ နိုင်ငံရေးနဲ့ မဆိုင်လှပဲ ရေအားလျှပ်စစ်လို စီမံကိန်းတွေအတွက် ဆောက်တာတွေပါလို့ ဖြေသွားပါတယ်။

ဒါပေမဲ့ တချို့ မြေအောက်လိုဏ်တွေက ပိုပြီး သံသယရှိစရာ ကောင်းတာတွေ ရှိပါတယ်။ ဒီလိုဏ်တွေဟာ အစိုးရ ရုံးအဖွဲ့တချို့ကို မြေအောက်မှာ ထားဖို့ ရည်ရွယ်တာ တွေ့ရပါတယ်။ မြန်မာစစ်အစိုးရ ရေဒီယို၊ ရုပ်မြင်သံကြားနဲ့ ပြည်တွင်းသုံး အင်ထရာနက်တွေမှာပါ ဒီလိုဏ်တွေရဲ့ နေရာတွေကို မကြာခဏ ဖော်ပြတတ်ပါတယ်။ သူ့အဆက်အသွယ်တွေအရ ဒီလိုဏ်တွေဟာ မြေအောက် အစည်းအဝေး ခန်းမတွေ ဖြစ်ပြီး ထိပ်တန်းခေါင်းဆောင်တွေကို ပြည်ပလေကြောင်းရန်က ဖြစ်ဖြစ်၊ ပြည်တွင်း မတည်ငြိမ်မှုရန်ကဖြစ်ဖြစ် ကာကွယ်ဖို့ ရည်ရွယ်တယ်လို့ ယူဆကြပါတယ်လို့ မစ္စတာလင့်တနာက ပြောပါတယ်။

ဒီမြေအောက်လိုဏ်တူးတဲ့ မဟာဗျူဟာကိစ္စတွေကို မြန်မာအစိုးရရဲ့ အဓိက မဟာမိတ်တွေဖြစ်တဲ့ တရုတ်နဲ့ ရုရှနိုင်ငံတွေက အကူအညီမယူပဲ ဘာဖြစ်လို့ မြောက်ကိုရီးယားနိုင်ငံက ယူရသလဲ၊ မြန်မာ့အရေး လေ့လာသူတဦးအနေနဲ့ ဘာ့လို့ မြန်မာစစ်အစိုးရက မြောက်ကိုရီးယားကို ဦးစားပေးဆက်ဆံရသလဲ လေ့လာမိသလောက် ပြောပြပါလို့ RFAက မေးမြန်းတဲ့ အခါမှာ မစ္စတာဘာတေးလ် လင့်တနာက ခုလို ဖြေဆိုခဲ့ပါတယ်။

ဒီအချက်ကတော့ ပြောဖို့ခက်ပါတယ်။ ဒါပေမဲ့ သေချာတာကတော့ လိုဏ်ဂူနဲ့ မြေအောက် အဆောကအ်ဦ ဆိုင်ရာတွေ မှာ ကူညီဖို့ မြောက်ကိုရီးယားက မြေအောက် လိုဏ်ဖောက်လုပ်ရေး က္ဆွမ်းကျင်သူ ပညာရှင်တွေဟာ ၂ဝဝ၆ ခုနှစ် ဇွန်လမှာ နေပြည်တော်ကို ရောက်လာတယ်ဆိုတဲ့ အချက်ပါ။ ဒီနေရာမှာ ထောက်ပြချင်တာက မြောက်ရီးယားတွေဟာ မြေအောက်လိုဏ်ဖောက်တဲ့နေရာမှာ အထူး က္ဆွမ်းကျင်သူတွေ ဖြစ်ပါတယ်။ သူတို့နည်းပညာက အတော်လည်း အဆင့်မြင့်ပြီး သူတို့နိုင်ငံမှာလည်း မြေအောက် လိုဏ်တွေ အများကြီး ဆောက်ထားသူတွေ ဖြစ်ပါတယ်။ ဒါေ့ကြာင့် ဒီကိစ္စတွေမှာ မြန်မာစစ် ခေါင်းဆောင်တွေက မြောက်ကိုရီးယားကို အားထားတဲ့ သဘောရှိနိုင်ပါတယ်။

မစ္စတာလင့်တနာက ဆက်ပြီး ပြောရာမှာ ပြီးခဲ့တဲ့ ၁ဝ နှစ်တာကာလအတွင်း မြန်မာစစ်အစိုးရနဲ့ မြောက်ကိုရီးယားတို့ရဲ့ ဆက်ဆံရေးဟာ တစတစ တိုးတက်လာခဲ့တယ်လို့ ဆိုပါတယ်။ ဒီအထဲမှာ စစ်လက်နက် အရောင်းအဝယ်ကိစ္စတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

မြောက်ကိုရီးယားတွေက မြန်မာစစ်တပ်အတွက် ဥပမာ လက်နက်ကြီးတွေနဲ့ အမြောက်တွေ ရောင်းတာတွေ၊ ပခုံးထမ်း ဒုံးကျည်တွေ၊ လက်နက်ငယ်တွေကို ပံ့ပိုးတာတွေ လုပ်ခဲ့ပါတယ်။ ဒါ့အပြင်လည်း တခြားဆက်ဆံရေး တွေရှိပါတယ်။ အမျိုးအမည်မသိတဲ့ မြောက်ကိုရီးယားက သင်္ဘောတွေ မြန်မာပြည်ကို ရောက်လာတာ တွေရှိခဲ့သလို မြောက်ကိုရီးယားအစိုးရ သတင်းအေဂျင်စီ အင်တာနက်မှာ မြန်မာစစ်အစိုးရ အရာရှိကြီးတွေ မြောက်ကိုရီးယားကို ချစ်ကြည်ရေး အလည်ပတ်လာတဲ့ သတင်းတွေ မကြာခဏ ဖော်ပြတာတွေ ရှိပါတယ်။

ဒီချစ်ကြည်ရေးခရီးတွေက အကြောင်းမရှိပဲ မြန်မာပြည်ကိုလာတယ်ဆိုရင် ချစ်ကြည်ရေး သက်သက်တော့ မဟုတ်ပါဘူး၊ နောက်ကွယ်က လုပ်ငန်းတွေ ရှိပါတယ်။ ဒါပေမဲ့ ဘယ်လို ကိစ္စတွေ လုပ်ငန်းတွေဆိုတဲ့ သဘောသဘာဝကတော့ နားလည်ရခက်တဲ့ ကိစ္စတွေ ဖြစ်ပါတယ်လို့ မစ္စတာ လင့်တနာက ပြောသွားတာပါ။

ပြီးခဲ့တဲ့ အပတ်က အမေရိကန်အထက်လွှတ်တော် ကြားနာပွဲတခုမှာ မြန်မာနဲ့ မြောက်ကိုရီးယားဆက်ဆံရေးနဲ့ ပတ်သက်လို့ မေးခွန်းထုတ်တာတွေ ရှိပါတယ်။ သင်္ဘောတွေကိစ္စ၊ မြန်မာနိုင်ငံက နယူကလီယားကိစ္စတွေမှာ မြောက်ကိုရီးယား ပါဝင်ပတ်သက်မှု ရှိမရှိကိစ္စတွေပါ။ မြန်မာ့အရေး နှစ်ပေါင်းများစွာ လေ့လာ ရေးသားနေသူတဦး အနေနဲ့ မြောက်ကိုရီးယား မြန်မာဆက်ဆံရေးနဲ့ပတ်သက်လို့ ဘယ်လို သုံးသပ်မိပါသလဲဆိုတဲ့ မေးခွန်းကို မစ္စတာ လင့်တနာက ခုလို ဖြေပါတယ်။

ဒီအချက်က ဘောင်ဝင်တဲ့ မေးခွန်းတခု ဖြစ်ပါတယ်။ မြန်မာနိုင်ငံကို မြောက်ကိုရီးယားသင်္ဘောတွေ လာတယ်ဆိုတဲ့ အချက်က အကြီးစား စက်မှုပစ္စည်းတွေ လာပို့တယ်ဆိုတာ ပြောလို့ရနိုင်ပါတယ်။ မြန်မာ နယူးကလီယား ဖော်ထုတ်ရေးကိစ္စမှာ မြောက်ကိုရီးယား ပတ်သက်မလားဆိုတာကတော့ ယူဆချက်တရပ်ပါ။ ဒါပေမဲ့ အများကြီး ဖြစ်နိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ရုရှားက မြန်မာနိုင်ငံကို နယူးကလီယား နည်းပညာ လွှဲပေးဖို့ တွန့်ဆုတ်နေတဲ့ သဘောမှာ ရှိလို့ပါ။ တရုတ်ကလည်း ရုရှားလိုပဲ တွန့်ဆုတ်နေပါတယ်။ မြောက်ကိုရီးယား မြန်မာဆက်ဆံရေးဟာ တခြားကဏ္ဍတွေမှာလည်း အများကြီးရှိပါသေးတယ်၊

အဲဒါတွေကတော့ မြန်မာ့အရေးလေ့လာသူ ထိုင်းအခြေစိုက် သတင်းစာဆရာ မစ္စတာ ဘာတေးလ်လင့်တနာ ဖြေကြားသွားတာတွေပါ။

ဒီအကြောင်းတွေနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံအခြေစိုက် ဆောင်းပါးရှင် Mr. Bertil Lintner ကို RFA မှ ကိုကျော်မင်းထွန်းက ဆက်သွယ် မေးမြန်းထားပါတယ်။


မြောက်ကိုရီးယား-မြန်မာ လျှို့ဝှက်ဆက်ဆံရေး။ နားဆင်ရန်



0 ယောက်ရဲ့ထင်မြင်ချက်: