6/17/2009

ဒေဝူးကုမ္ပဏီအပေါ် ကန့်ကွက်မှုအား ကိုရီးယားအစိုးရ ပယ်ချ


RFA

မြန်မာနိုင်ငံရခိုင် ရွှေသဘာဝဓာတ်ငွေ့ ထုတ်လုပ်မှုမှာ လုပ်ကိုင်နေတဲ့ ဒေဝူးကုမ္ပဏီဟာ ကုမ္ပဏီတွေ လိုက်နာရမဲ့ စည်းမျဉ်းနဲ့ စည်းကမ်းတွေကို မလိုက်နာတဲ့အတွက် OECD လို့ခေါ်တဲ့ နိုင်ငံတကာ စီးပွားရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှု အဖွဲ့အစည်းအနေနဲ့ စစ်ဆေးပေးဖို့ ရွှေဂက်လှုပ်ရှားမှုအဖွဲ့နဲ့ ကမ္ဘာမြေအခွင့်အရေးအဖွဲ့တွေကနေ တောင်းဆိုလိုက်ပါတယ်။


မြန်မာနိုင်ငံတွင် ဒေဝူးကုမ္ပဏီက သဘာဝဓာတ်ငွေ့ ရှာဖွေ တူးဖော်ရေး လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်နေခြင်းကို ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့ရှိ တောင်ကိုရီးယား သံရုံးရှေ့တွင် ၂ဝဝ၆ခုနှစ် ဧပြီလ ၁၈ရက်နေ့က ကန့်ကွက် ဆန္ဒပြနေခြင်း ဖြစ်ပါသည်။ (Photo: AFP)

ဒေဝူးကုမ္ပဏီနဲ့ ပတ်သက်ပြီး တောင်ကိုရီးယားအစိုးရကို ပြီးခဲ့တဲ့ အောက်တိုဘာလ အတွင်းက ကန့်ကွက်ခဲ့ပေမဲ့၊ တောင်ကိုရီးယားအစိုးရက ပယ်ချခဲ့ပါတယ်။

ဒါကြောင့် တောင်ကိုရီးယားအစိုးရနဲ့ ဒေဝူးကုမ္ပဏီအနေနဲ့ နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့ အညီလိုက်နာ ဆောင်ရွက်ဖို့ ပျက်ကွက်တယ်လို့ ဒီအဖွဲ့အစည်းနှစ်ခုကနေ ဒီကနေ့ ဇွန်လ ၁၅ရက်မှာ ထုတ်ပြန် ပြောဆိုလိုက်တာ ဖြစ်ပါတယ်။




ဒီကိစ္စနဲ့ပတ်သက်ပြီး ရွှေသဘာဝ ဓာတ်ငွေ့လှုပ်ရှားမှုအဖွဲ့က တာဝန်ခံတဦးဖြစ်တဲ့ ကိုဝင်းအောင်က အခုလို ပြောပြပါတယ်။

ကိုဝင်းအောင်။ ။ 'ကျွန်တော်တို့ ဒီ ဒေဝူးကုမ္ပဏီ သဘာဝ ဓာတ်ငွေ့ တူးနေတာနဲ့ ပတ်သက်ပြီးတော့ ဖြစ်ပေါ်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေရယ်၊ ဖြစ်ပေါ်လာနိုင်တဲ့ ပိုက်လိုင်း တည်ဆောက်တဲ့နေရာမှာ ဖြစ်ပေါ်လာနိုင်တဲ့ဟာတွေပေါ့နော်၊ အဲဒါတွေ အကုန်လုံး ကျွန်တော်တို့က စုပြီးတော့ ဒီ ကိုရီးယား အစိုးရကို complaint တခု တက်တာပေါ့နော်။ ကျွန်တော်တို့ အဓိက တက်တာကတော့ ဒီ OECD နိုင်ငံတွေရဲ့ သူတို့ ရင်းနှီးမြှုပ်နှံမှုအပေါ်မှာ လိုက်နာရမဲ့ စည်းကမ်းချက်တွေပေါ့၊ အထူးသဖြင့်ကတော့။ အဲဒါကို မလိုက်နာဘူးဆိုတဲ့အနေနဲ့ သူတို့ကို တောင်းဆိုတော့ သူတို့က လောလောဆယ်ဆယ်ပေါ့နော်၊ ပယ်ချလိုက်တဲ့အပေါ်မှာ အဲလိုမျိုး OECD ပေါင်းစည်းထားတဲ့ အစိုးရတွေ အနေနဲ့ အဲလိုမျိုး မရှိသင့်ဘူးပေါ့နော်၊ အဲဒါကို ပိုပြီးတော့ အလေးအနက်ထားပြီးတော့ အရေးယူသင့်တဲ့အနေအထားကို ကျွန်တော်က ဒီ statement ထုတ်ရတာဖြစ်တယ်။'

ရခိုင်ပြည်နယ် ရွှေ သဘာဝဓာတ်ငွေ့ လုပ်ကွက်မှာ ရေနံတူးဖော်နေတဲ့ ဒေဝူးကုမ္ပဏီဟာ လောလောဆယ် စစ်အစိုးရက ကျူးလွန်နေတဲ့ အဓမ္မရွှေ့ပြောင်းမှုတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေမှာ တာဝန်မကင်းတာ၊ ဒါ့အပြင် သဘာဝပတ်ဝန်းကျင် ထိခိုက်နိုင်တာတွေကို ရှင်းရှင်းလင်းလင်း မထုတ်ပြန်တာ စတဲ့အချက်တွေကြောင့် ကန့်ကွက်ခဲ့တာလို့ ကိုဝင်းအောင်ကပဲ ဆက်လက်ပြောဆိုခဲ့ပါတယ်။

ကိုဝင်းအောင်။ ။ 'အထူးသဖြင့်ကတော့ ချိုးဖောက်တာကတော့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အပါအဝင် ဒီ ဒေသခံတွေနဲ့ ပူးပေါင်းဆောင်ရွက်မှု မရှိတာတွေရယ်၊ နောက်တခုက အဲဒီလို သဘာဝ ပတ်ဝန်းကျင်နဲ့ ပတ်သက်ပြီးတော့ ဖြစ်ပေါ်လာမဲ့ ဆိုးကျိုးတွေကို ကျွန်တော်တို့ environmental impact assessment လို့ ခေါ်တာပေါ့၊ အဲဒါကို အသေအချာ ထုတ်ပြန်မှု မရှိတာတွေရယ်၊ နောက် ဒီစီမံကိန်းနဲ့ ပတ်သက်ပြီးတော့ ဒေသခံအပါအဝင် တခြား မြန်မာနိုင်ငံ လူထု ဒေသတခုလုံးမှာရှိတဲ့ လူထုတွေနဲ့ ဆွေးနွေး တိုင်ပင်မှု မရှိတာရယ်၊ ပါဝင်ပတ်သက်မှု မရှိတာတွေ၊ အဲဒီအချက်တွေဟာဖြင့် ကျွန်တော့ရဲ့ ဒီ OECD guideline မှာ ပါရှိတဲ့ အချက်တွေကို ဒီရင်းနှီးမြှုပ်နှံနေတဲ့ ကုမ္ပဏီတွေရော၊ အစိုးရတွေရော၊ တိတိကျကျ လိုက်နာမှု မရှိဘူးဆိုတာ ကျွန်တော်တို့ ပိုပြီး သိသာထင်ရှားတာပေါ့နော။'

ရွေသဘာဝဓာတ်ငွေ့ကနေ ရတဲ့ ဓာတ်ငွေ့တွေကို ပိုက်လိုင်းနဲ့သွယ်ပြီး တရုတ်ပြည်ကို ရောင်းဖို့ ဒေဝူးကုမ္ပဏီဟာ စစ်အစိုးရနဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာလက သဘောတူခဲ့ပါတယ်။ ဒေဝူးကုမ္ပဏီ မြန်မာနိုင်ငံမှာ လုပ်ကိုင်နေတာဟာ နိုင်ငံတကာ စံချိန်စံညွှန်းတွေကို ချိုးဖောက်တယ်ဆိုတာ မဟုတ်မမှန်ဘူးလို့ ကိုရီးယားအစိုးရက ပယ်ချခဲ့တာပဲ ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ရွှေ သဘာဝဓာတ်ငွေ့ လှုပ်ရှားမှုအဖွဲ့ (Shwe Gas) မှ တာဝန်ရှိသူ တဦး ဖြစ်တဲ့ ကိုဝင်းအောင်ကို RFA မှ ကိုဇော်မိုးကျော်က ဆက်သွယ်မေးမြန်းထားပါတယ်။


ဆက်သွယ်မေးမြန်းချက်။




0 ယောက်ရဲ့ထင်မြင်ချက်: