6/23/2009

အန်အယ်လ်ဒီက စည်းရုံးရေး သတင်တန်းပေး၊ ကြံ့ဖွံ့က လက်တွေ့ စည်းရုံးရေးဆင်း

မင်းနိုင်သူ | လူထုအကြားစည်းရုံးရေးလုပ်ငန်းများ ကျယ်ကျယ် ပြန့်ပြန့် လုပ်ဆောင်နိုင်ရန်ရည်ရွယ်၍ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးတွင် ပါတီဝင်များ စွမ်းဆောင်ရည် မြှင့်တင်မှု သင်တန်း တရပ်ကို ယမန်နေ့က စတင် ပို့ချပေးနေ သကဲ့သို့ အစိုးရ အာဏာပိုင် များဘက်မှလည်း စည်းရုံးရေး ဆင်းလျက်ရှိသည်။

သင်တန်း ဖွင့်လှစ်ရခြင်းနှင့် စပ်လျဉ်း၍ ပါတီပြောခွင့်ရ ဦးအုံးကြိုင်က “ဒီလို သင်တန်းမျိုးကို အရင်ကတည်းက လုပ်ဖို့ စိတ်ကူးရှိပါတယ်။ ဒါပေမယ့် ဗဟိုအလုပ် အမှုဆောင်အဖွဲ့မှာ အခုမှ အင်အား ကောင်းလာလို့ လုပ်ဖြစ်သွားတယ်။ တိုင်းနှင့် ပြည်နယ် စုံညီ အစည်းအဝေး တုန်းက တိုင်းနဲ့ ပြည်နယ် စည်းရုံးရေး ကော်မတီ တွေကလည်း ပါတီရဲ့ စည်းရုံးရေး လုပ်ငန်းတွေ အရှိန်မြင့်ဖို့ တောင်းဆို သွားတာကြောင့် လည်းပါတယ်” ဟု ရှင်းပြသည်။

ယခုသင်တန်းသည် ပါတီသက်တမ်းတလျှောက်အတွင်း ပထမဆုံးအကြိမ် ဖွင့်လှစ်ခဲ့သည့်သင်တန်းဖြစ်ပြီး နောက်လများတွင်လည်း ဆက်လက်ဖွင့်လှစ်သွားရန် အစီအစဉ်ရှိကြောင်း သိရသည်။


အဆိုပါသင်တန်းကို (၂၂-၆-၂၀၀၉) မှ (၂၆-၆-၂၀၀၉) ရက်နေ့အထိ ပြုလုပ်သွားမည်ဖြစ်ကာ အဓိကအားဖြင့် အန်အယ်လ်ဒီသမိုင်း၊ ဒီမိုကရေစီနှင့် အယူအဆကွဲပြားခြားနားမှုများ၊ အန်အယ်လ်ဒီအမျိုးသမီးအဖွဲ့ လှုပ်ရှားမှုသမိုင်း၊ ခေတ်သစ်သိပ္ပံနည်းပညာများ လူ့အဖွဲ့အစည်းအပေါ် ဂယက်ရိုက်ခတ်မှု၊ တိုင်းပြည်စီးပွားရေး တည်ဆောက်မှု ပုံသဏ္ဌာန်များ စသည့် ဘာသာရပ်များကို သင်ကြားပို့ချသွားမည်ဖြစ်သည်။

သင်တန်းပို့ချပေးမည့်သူများမှာ ဦးခင်မောင်ဆွေ၊ ဦးအုံးကြိုင်၊ ဒေါက်တာဝင်းနိုင်၊ ဒေါက်တာသန်းငြိမ်း၊ ဦးဟံသာမြင့်၊ ဦးမျိုးမြင့်နှင့် ဒေါက်တာမေ၀င်းငြိမ်းတို့ ဖြစ်ကြသည်။

“ဆွေးနွေးပွဲ ပုံသဏ္ဌာန် ဆန်တဲ့ သင်တန်းလေးပါ။ တိုင်းနဲ့ပြည်နယ် အဖွဲ့ဝင်တွေက သူတို့ အတွေ့အကြုံ တွေကိုလည်း ပြန်လည် ပြောပြ ဆွေးနွေး ကြတာပေါ့လေ။ ဆရာဦးဝင်းတင် တို့လို လူကြီးတွေလည်း ၀င်ရောက် ဆွေးနွေး တာလေး တွေရှိပါမယ်” ဟု သင်တန်းမှူး ဦးအုံးကြိုင်က ပြောသည်။

စွမ်းဆောင်ရည်မြှင့် သင်တန်းသို့ တိုင်းနှင့်ပြည်နယ် (၁၂) ခုမှ လွှတ်တော် ကိုယ်စားလှယ်များ၊ စည်းရုံးရေး ကော်မတီ ၀င်များ၊ လူငယ် အဖွဲ့ဝင်များ ပါသည့် ပါတီဝင် (၃၄) ဦး တက်ရောက်လျက်ရှိသည်။

အန်အယ်လ်ဒီ ပါတီ အနေဖြင့် လူထု အကြား စည်းရုံးရေး လုပ်ငန်းများ လုပ်ဆောင် နိုင်ရန် သင်တန်းပေး နေဆဲ အချိန် တွင် အာဏာပိုင်များ ဘက်မှာမူ ၂၀၁၀ ရွေးကောက်ပွဲ အတွက် လူထုအကြား စည်းရုံးမှုများ ပြုလုပ်နေပြီဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

“နိုင်ငံရေးစကားဝိုင်းဆိုပြီး လာလုပ်သွားတယ်ဗျ။ ကြံ့ဖွံ့စည်းရုံးရေးမှူးတွေက ဦးဆောင်လုပ်သွားတာပါ။ အခုဆိုရင် အရင်အခြေအနေနဲ့ မတူတဲ့အကြောင်း၊ ဖွံ့ဖြိုးတိုးတက်နေပြီ ဖြစ်တဲ့ အကြောင်း၊ ဒီမိုကရေစီ စနစ်ဆီကိုလည်း သွားနေပြီဆိုတဲ့ အကြောင်းတွေ ပြောပြီး အခု ရပ်ကွက်နေ လူထု အနေနဲ့ ဘာတွေလိုအပ်နေသလဲ။ လိုအပ်တာတွေကို မြို့တော်ဝန်ကို တင်ပြပေးမယ်။ မြို့တော်ဝန်ကလည်း မြို့လူထုအတွက် တောက်လျှောက် လုပ်ပေးနေပါတယ်။ အဲဒါမျိုးတွေပြောတယ်ဗျာ။ မြို့တော်ဝန်ကို မဲပေးဖို့ဆိုတဲ့ သဘောမျိုးလာပြောကြတယ်” ဟု ရွှေပြည်သာမြို့နယ် နေသူတဦးက ပြောသည်။

ပြီးခဲ့သည့် တနင်္ဂနွေ၌လည်း ရွှေပြည်သာမြို့နယ် တ/၁၂ ရပ်ကွက်နှင့် တ/၁၃ ရပ်ကွက်တို့၌ နိုင်ငံရေးစကားဝိုင်း ဆိုကာ ကြံ့ဖွံ့စည်းရုံးရေးမှူးများက ရပ်ကွက်ရယကရုံးတွင် ရပ်မိရပ်ဖများကို ဆင့်ခေါ်ကာ စည်းရုံးရေးဆင်းသွားကြ ကြောင်း သိရသည်။

“နောက်ပြီး ရပ်ကွက်ထဲက ကြံ့ဖွံ့ထဲ မ၀င်ရသေးတဲ့လူရှိရင် ၀င်ဖို့ ပြောသွားတယ်။ အခုသူတို့လာတာက အကြိုသဘောမျိုးပါတဲ့။ နောက်အခေါက်တွေလည်း ပြန်လာဦးမယ်။ နိုင်ငံရေးဘောဂကျောင်းသားဆိုလား၊ ဘာလား အဲဒီအုပ်စုလည်း လာဦးမယ်တဲ့။ ရပ်ကွက်အတွက် လိုအပ်တာရှိရင် တောင်းပါလို့ပြောသွားတယ်” ဟု အထက်ပါ ရွှေပြည်သာမြို့ခံက ဆက်လက်ပြောသည်။

ထိုသို့ နိုင်ငံရေးစကားဝိုင်းဆိုသည့် ကြံ့ဖွံ့အသင်း၏ စည်းရုံးပွဲများကို အခြားသော မြို့နယ်များတွင်လည်း ပြုလုပ်နေပြီ ဖြစ်ကြောင်း သိရသည်။

ပြည်တွင်းသတင်းအယ်ဒီတာတဦးက “အဲဒါမျိုးတွေ တခြားမြို့နယ်တွေမှာလည်း လုပ်နေပြီလေ။ နိုင်ငံရေးစကားဝိုင်း ဆိုပြီး မယက၊ ရယကရုံးတွေမှာ ပေါ်တင်လုပ်တာပဲ။ တခြားပါတီတွေအတွက်ကိုတော့ ပါတီဖွဲ့စည်းခွင့်ဥပဒေတောင် ထုတ်မပေးသေးပေမယ့် သူတို့ကတော့ စည်းရုံးရေးဆင်းနေကြပြီ” ဟု ပြောသည်။

source by : ခေတ်ပြိုင်



0 ယောက်ရဲ့ထင်မြင်ချက်: