6/23/2009

လုပ်ငန်း လည်ပတ်ခြင်း မရှိသည့် ပြည်တွင်း ဂျာနယ်များ ထုတ်ဝေခွင့် သိမ်းမည်

NEJ | (၆) လကျော်ကြာ လုပ်ငန်း ရပ်နားထားသော ဆက်တိုက် ထုတ်ဝေနိုင်ခြင်း မရှိသည့် ပြည်တွင်း ဂျာနယ်များသည် ဇွန်လကုန် နောက်ဆုံးထား၍ လုပ်ငန်း ပြန်လည် လုပ်ကိုင်ရန် လျှောက်ထား ရမည်ဖြစ်ပြီး လျှောက်ထားခြင်း မပြုသည့် ဂျာနယ်များ ရှေ့လမှ စတင်ကာ ထုတ်ဝေခွင့် ဖျက်သိမ်းတော့မည် ဟု ပြန်ကြားရေး ဝန်ကြီးဌာနက ကြေညာသည်။

၂၀၀၉ ခု ဇွန်လ (၃၀) ရက် သတ်မှတ် ကာလအတွင်း လျှောက်လွှာ တင်ခြင်း မရှိသည့် ဂျာနယ်များအား လုပ်ထုံး လုပ်နည်း ဥပဒေအရ စာရင်းမှ ဖျက်သိမ်းမည်ဟု သိရသည်။

ပုံမှန်ပြန်လုပ်ချင်သော ဂျာနယ်များအနေဖြင့် ပြန်ကြားရေး ဝန်ကြီးဌာန လက်အောက်မှ ပုံနှိပ်ရေးနှင့် စာအုပ်ထုတ်ဝေ ရေးလုပ်ငန်း၊ စာပေစိစစ်နှင့် မှတ်ပုံတင် ဌာနသို့ လျှောက်လွှာ တင်ရမည်ဖြစ်သည်။


အပတ်စဉ်ထုတ် ပြည်တွင်း ဂျာနယ် တစောင်မှ မန်နေဂျာတဦးက “ကျနော့် အထင် ပြောရရင် (၆) လလောက်လုပ်ငန်း ပုံမှန်လည်ပတ်ဖို့ အားမရှိတော့တဲ့ ဂျာနယ်တွေ အများကြီးရှိပါတယ်။ အများစု ကလည်း ဆက်လုပ်တော့မှာ မဟုတ်ဘူးလို့ ယူဆရတယ်။ ဘာလို့လဲ ဆိုတော့ ဂျာနယ်တိုက် တတိုက်မှာ ဂျာနယ်တွေ အမည်အမျိုးမျိုးနဲ့ ထုတ်ဝေနေတာ များတယ်။ ဥပမာ ဒီဂျာနယ်က အဆင်မပြေတော့လို့ ရပ်နားထားတာ၊ အခြား နာမည်နဲ့ ဂျာနယ် နောက်တစောင် မဟုတ်ရင် နှစ်စောင်တော့ သူတို့တိုက်မှာ ရှိသေးတယ်လေ” ဟု ပြောသည်။

ပြည်တွင်း ဂျာနယ်များသည် ၂၀၀၈ ခု နာဂစ်မုန်တိုင်း ဝင်ရောက်ပြီး နောက်ပိုင်း စီးပွားရေး ကျဆင်း လာသည်နှင့် အမျှ အပတ်စဉ် ထုတ်ဝေ ဖြန့်ချိနိုင်ရန် ရုန်းကန် နေရကြောင်း၊ ထုတ်ဝေခွင့်လိုင်စင် ငှားရမ်းလုပ်ကိုင်သည့် ဂျာနယ် အများစုမှာလည်း ၂၀၀၈ ခုနှစ် ကုန်ပိုင်းတွင် လုပ်ငန်း ရပ်နားကြောင်း အဆိုပါ ဂျာနယ် မန်နေဂျာက ပြောသည်။

စာပေ စိစစ်ရေးနှင့် မှတ်ပုံတင်ဌာနတွင် ၂၀၀၈ ခုနှစ် ကုန်ပိုင်း အထိ တရားဝင် မှတ်ပုံတင် ထားသည့် ဂျာနယ်ပေါင်း (၁၈၇) စောင် ရှိကြောင်း ပြီးခဲ့သည့် သောကြာနေ့ထုတ် မြန်မာတိုင်း(မ်) တွင် ဖော်ပြသည်။

စစ်အစိုးရ ပြန်ကြားရေးဝန်ကြီးဌာနက ဂျာနယ်မဂ္ဂဇင်း ထုတ်ဝေခွင့် လိုင်စင်ချပေးရာတွင် တင်းကျပ်ထားသော်လည်း ၎င်းတို့နှင့် နီးစပ်သူများကိုမူ ထုတ်ဝေခွင့်များ ပေးထားသဖြင့် ဂျာနယ် လောကတွင် အမှန်တကယ် ထုတ်ဝေလိုသူ များက ထုတ်ဝေခွင့် ရရှိထားသူထံမှ တဆင့် ငှားရမ်း၊ ဝယ်ယူ၍ ထုတ်ဝေ နေကြသည်။

source by : ခေတ်ပြိုင်

0 ယောက်ရဲ့ထင်မြင်ချက်: