6/17/2009

ဘန်တောင်ယန်ဒုက္ခသည်စခန်း တွင် ဝမ်းရောဂါဖြစ်ပွား


ဝီရ /NEJ

ထိုင်း-မြန်မာနယ်စပ် စံခရဘူရီခရိုင် နယ်မြေမှ ဘန်တောင်ယန် (Ban Tong Yang) ကရင်ဒုက္ခသည်စခန်းတွင် ဝမ်းရောဂါ ကူးစက်ပြန့်ပွားခဲ့သဖြင့် လူ (၄) ဦး သေဆုံးခဲ့သည်။

ဝမ်းပျက်ရောဂါကြောင့် စခန်းထဲမှ ကလေးငယ် (၁) ဦး လွန်ခဲ့သည့်သောကြာနေ့က စတင်သေဆုံးခဲ့ပြီး ယနေ့ ဇွန်လ (၁၆) ရက်နေ့အထိ ကလေး (၄) ဦး သေဆုံးကာ အခြားဒုက္ခသည် (၃) ဦးကိုလည်း နီးစပ်ရာ ခရစ်ယာန်ဆေးရုံသို့ ပို့ဆောင်ထားရကြောင်း ထိုစခန်းတွင် ကျန်းမာရေးဆိုင်ရာ အကူအညီပေးနေသည့် အေအာစီ (American Relief Committee) မှ ကျန်းမာရေးဝန်ထမ်းတဦးက ပြောသည်။
သေဆုံးသွားသူများမှာ အသက် (၇) နှစ်အောက် ကလေးငယ်များ ဖြစ်ကြပြီး အစားအစာနှင့်သောက်ရေ မသန့်ရှင်းမှု ကြောင့် ဖြစ်၍ ယခုအခါ ထိုစခန်းအနီးတဝိုက်သို့ လာရောက်ရောင်းချနေသည့် ကားဈေးဆိုင်များကိုလည်း ကန့်သတ် ထားကြောင်း ယင်းဝန်ထမ်းက ပြောသည်။

“အခုဖြစ်တဲ့ ကလေးတွေက အန်လည်းအန်တယ်။ ဝမ်းလည်းသွားတယ်။ စဖြစ်တဲ့ကလေးကဆိုရင် ဝမ်းသွားတာ (၃) ခါလောက်ပဲ ရှိမယ်။ Dehydration လို ရောဂါလည်း မဟုတ်ဘူး။ အဲဒီကလေးက ဆေးရုံတောင် မရောက်လိုက်ဘူး။ လမ်းမှာပဲ ဆုံးသွားတယ်။ အခု စခန်းထဲက လူအားလုံးက ရေချက်သောက်ကြဖို့၊ အစားအစာ ဆိုရင်လည်း မှည့်လွန်တဲ့အသီးအရွက်တွေ မစားဖို့ ညွှန်ကြားမှုတွေ လုပ်နေပါတယ်။ လိုအပ်တဲ့အကူအညီ အားလုံးကိုလည်း ကျမတို့ပေးသွားပါမယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

အဆိုပါဝမ်းရောဂါဖြစ်ပွားသည့် ဘန်တောင်ယန် စခန်းသည် စံခရဘူရီမြို့မှ (၃၁) ကီလိုမီတာ ကွာဝေးပြီး ဒုက္ခသည်ပေါင်း (၄၃,၀၀၀) ကျော်ရှိသည်။






0 ယောက်ရဲ့ထင်မြင်ချက်: