6/17/2009

တွံတေးအဖွဲ့ချုပ်ဝင်များကို ထောင်ချလိုက်သည့်အပေါ် လူထုကမကျေနပ်၍ ဆန္ဒဖော်ထုတ်ပြသခဲ့


ဉာဏ်မောင်
ဧရာဝတီ

တွံတေးမြို့နယ်က ဝတ်ပြုဆုတောင်းသူများကို သာသနာတော်ညှိုးနွမ်းစေသည့် ပုဒ်မဖြင့် တရားစွဲဆိုခဲ့ပြီး ထောင်ဒဏ်ချမှတ်လိုက်သည်ကို မကျေနပ်သည့် မြို့ခံလူထုက ဆန္ဒထုတ်ဖော်ပြသခဲ့သည်။

ပြီးခဲ့သည့် ဧပြီလအတွင်းက ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် ဝတ်ပြုဆုတောင်းခဲ့ကြသည့် မြို့နယ်အဖွဲ့ချုပ် ဒုဥက္ကဌ ဦးချစ်ဖေနှင့် စည်းအဖွဲ့ဝင် ကိုအောင်စိုးဝေတို့အား အင်းစိန်တရားရုံးက ယနေ့ထောင်ဒဏ် ၁ နှစ်ခွဲ ချမှတ်လိုက်သည့်အတွက် မြို့ခံပြည်သူများက တွံတေးရဲစခန်းရှေ့တွင် ချီတက်ဆန္ဒထုတ်ဖော် ပြခဲ့ခြင်းဖြစ်သည်။

“အခု မြို့နယ်တရားသူကြီး ဦးအေးကိုကိုက ထောင်ဒဏ် ၁ နှစ်နဲ့ ၆ လ ချမှတ်လိုက်တယ်၊ အဲလိုလုပ်ချလိုက်လို့ ဇီးဖြူကုန်းနဲ့ တွံတေးက လူထုတွေက ဒီနေ့ကို ဆန္ဒတွေဖော်ထုတ်မယ်ဆိုပြီး ကားဂိတ်တွေမှာ အယောက် ၂၀ တဖွဲ့၊ ၁၀ ယောက်တဖွဲ့ အဲလိုတွေဖွဲ့ပြီး သွားစောင့်နေကြတယ်၊ ခဏနေတော့ ရဲတပ်ဖွဲ့က ကားတစီးမှာ လက်နက်ကိုင်ရဲတွေ စောင့်ကြပ်ပြီး ဦးချစ်ဖေနဲ့ ကိုအောင်စိုးဝေတို့ကို ခေါ်ထုတ်သွားတယ်” ဟု မြို့နယ်စည်းအဖွဲ့ တွဲဖက်အတွင်းရေးမှူးက ပြောသည်။

မြို့နယ်အဖွဲ့ချုပ်ဒုဥက္ကဌ ဦးချစ်ဖေနဲ့ ကိုအောင်စောဝေတို့ကို မည်သည့်အကျဉ်းထောင်သို့ ခေါ်ဆောင်သွားသည်ကို မသိရသေးကြောင်းနှင့် ၎င်းတို့ကို အာဏာပိုင်များဘက်က မဟုတ်မမှန် တရားစွဲထောင်ချခြင်းသာဖြစ်ကြောင်း ဆက်လက်ပြောသည်။

“သူတို့ကို မြို့နယ် ရဲတပ်ဖွဲ့ဝင်တွေနဲ့ ရယကဥက္ကဌ ဦးကျော်ရွှေရယ်၊ ကိုဝင်းမြင့်တို့က သာသနာတော် ညှိုးနွမ်းအောင်လုပ်တယ်ဆိုပြီး တရားစွဲတာ၊ အခုဆိုရင် ဇီးဖြူကုန်းရွာမှာ အဲဒီဘုရားကိုမသွားဖို့ ရယကတွေက ခြိမ်းခြောက်တာရှိတယ်” ဟု ၎င်းက ဆက်ပြောသည်။

ကျေးရွာဥက္ကဌက ရွာသားများကို ဘုရားသို့သွားပါက ဖမ်းပြီး တရားစွဲမည်ဖြစ်ကြောင်းနှင့် ထောက်ခံစာများလုပ်ပေးမည် မဟုတ်ကြောင်း ခြိမ်းခြောက်ပြောဆိုသဖြင့် ဒေါ်တရုတ်မဆိုသူက တွံတေးတရားရုံးတွင် တရားစွဲဆိုခဲ့သော်လည်း တစုံတရာ အရေးယူမှုမရှိကြောင်း ပြောသည်။

“ကိုချစ်ဖေတို့ ဘုရားသွားတာကျတော့ ဖမ်းဆီးထောင်ချတယ်၊ ရယကဥက္ကဌတွေ ဆယ်အိမ်မှူးတွေက အဲလိုခြိမ်းခြောက်တာကျတော့ ဘာမှမလုပ်ဘူး၊ အမှုဖွင့်တာကို တရားသူကြီးက အမှုမမြောက်ဘူးဆိုပြီး ပယ်ချလိုက်တာ” ဟု မြို့နယ်စည်းအဖွဲ့ တွဲဖက်အတွင်းရေးမှူးက ပြောသည်။

ထို့အပြင် တွံတေးမြို့နယ်အတွင်း အဖွဲ့ချုပ်ဝင်များက ယမန်နေ့က ဒေါ်အောင်ဆန်းစုကြည်ဓါတ်ပုံများ ဖြန့်ဝေခဲ့ရာ မလောက်ငှသဖြင့် အိမ်တိုင်ရာရောက် လာတောင်းသူများလဲရှိပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် လက်မှတ်ထိုးတောင်းဆိုမှုများကို ပြုလုပ်ကြောင်း ၎င်းက ပြောသည်။

“ဓါတ်ပုံ လာတောင်းတဲ့သူတွေက လိုလိုလားလားပဲ၊ လွတ်မြောက်ရေးတောင်းဆိုမှု လက်မှတ်ထိုးသွားကြတယ်၊ ဒီနေ့မှ စလုပ်လိုက်တာ အယောက် ၂၀၀ ကျော် လက်မှတ်ထိုးသွားပြီ” ဟု ဆက်လက်ပြောသည်။

စစ်အစိုးရအာဏာပိုင်များက နိုင်ငံရေးလှုပ်ရှားတက်ကြွသူများကို နည်းအမျိုးမျိုးဖြင့် ဖမ်းဆီးထောင်ချခြင်းများပြုလုပ်နေပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း နေအိမ်အကျယ်ချုပ် သက်တမ်းပြည့်၍ ပြန်လွှတ်ရမည့်အချိန်တွင် အမှုဆင် တရားစွဲဆိုမှု ပြုလုပ်ထားသည်။




0 ယောက်ရဲ့ထင်မြင်ချက်: