6/23/2009

သေနတ်သမားရန်က ရွာဥက္ကဌ လွတ်မြောက်ပြီး ဇနီးနှင့်သား ဓါးစာခံဖြစ်ခဲ့ရ


သျှမ်းသံတော်ဆင့်

သျှမ်းပြည်(မြောက်ပိုင်း) မူဆယ်မြို့နယ် မန့်ပိန်းကျေးရွာမှ ရယကဥက္ကဌ ဦးမော်ရီခမ်း၏ နေအိမ်သို့ အရပ်ဝတ် သေနတ်သမားများဝင်ရောက်လာကာ ၎င်း၏ ဇနီးနှင့် သားတို့အား သေနတ်ဖြင့်ပစ်ခတ်သွားကြောင်း စုံစမ်းသိရသည်။

ဇွန်လ (၁၉) ရက်နေ့က နမ့်ဖတ်ကာအနီးရှိ မန့်ပိန်းကျေးရွာဥက္ကဌ၏ နေအိမ်အတွင်းသို့ အရပ်ဝတ်သေနတ်သမား တစ်စုဝင်ရောက်ရာတွင် ဥက္ကဌက နေအိမ်မှ ထွက်ပြေးတိမ်းရှောင်သွားသဖြင့် အိမ်တွင်ကျန်ရှိသည့် ဇနီးသည် အသက်(၄၅) အရွယ် ဒေါ်ခမ်းလှနှင့် သားတို့အား သေနတ်ဖြင့်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သေနတ်သမားများ၏ ပစ်ခတ်မှုကြောင့် ဒေါ်ခမ်းလှနှင့် သားဖြစ်သူမှာ သေနတ်ဒဏ်ရာများပြင်းထန်စွာ ရရှိခဲ့ပြီး မူဆယ်ဆေးရုံတွင် ဆေးကုသမှုခံယူနေစဉ် ဇွန်လ (၂၁) ရက်နေ့က ရရှိထားသည့် သေနတ်ဒဏ်ရာဖြင့် ဒေါ်ခမ်းလှ သေဆုံးသွားခဲ့သည်။

သူတို့နှစ်ဦး မူဆယ်ဆေးရုံသို့ တက်ရောက်လာစဉ် (၂ဝ) ရက်နေ့က အခြေအနေကို ဆေးရုံဝန်ထမ်းနှင့်နီးစပ်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကို အခုလိုပြောပြသည်။



“ သေနတ်ပစ်ခံရတဲ့ လူနာနှစ်ဦးတော့ မူဆယ်ဆေးရုံမှာရောက်နေတယ် မနေ့ကပစ်ခတ်ခံခဲ့ရတယ် သားအမိနှစ် ယောက် အပစ်ခံခဲ့ရတာ အမေကတော့ နံကြားထဲကနေကျည်ဆံဝင်သွားတယ် ဒဏ်ရာကပြင်းထန်တယ် အခု
ခွဲစိတ်ခန်းထဲမှာ ခွဲစိတ်နေတုန်းပဲ သားကတော့ ပေါင်မှာမှန်တာ ” လို့ အဆိုပါ ဝန်ထမ်းနှင့်နီးစပ်သူက ပြောသည်။

ဖြစ်ပျက်ပုံကို ဒေသခံတစ်ဦးက “ သေနတ်ကိုင်ပြီးလာတဲ့သူတွေက ဥက္ကဌ ဦးမော်ရီခမ်းအိမ်ကိုလာပြီး သူနဲ့အရင် စကားပြောတယ် စကားပြောနေတုန်း အဲဒီလူကထွက်ပြေးသွားတော့ သူ့မိန်းမနဲ့သားကို တစ်ချက်စီပစ်သွားတာ ဖြစ်ဖြစ်ချင်းပဲ ဆေးရုံယူခဲ့တာ မနေ့ကတော့ ဒေါ်ခမ်းလှဆုံးသွားတယ် သူ့သားကတော့ ဆေးရုံက ဆင်းသွားပြီ” လို့ သူကပြောသည်။

ယခုလို ကျေးရွာရယကဥက္ကဌနေအိမ်အတွင်း ဝင်ရောက်ပစ်ခတ်သွားသည့် အရပ်ဝတ်လက်နက်ကိုင်များမှာ မည်သူမည်ဝါဖြစ်သည် မည်သည့်အတွက် ပစ်ခတ်သည်ဆိုသည်ကို စုံစမ်း၍ မရရှိခဲ့ပါ။




0 ယောက်ရဲ့ထင်မြင်ချက်: