6/20/2009

ဒေါ်စု မွေးနေ့ သံရုံးရှေ့ ဆန္ဒပြသူများ အဖမ်းခံရ


မုံပီး

နယူးဒေလီ (မဇ္ဈိမ)။ ။ ဒေါ်အောင်ဆန်းစုကြည်၏ ၆၄ နှစ်မြောက် မွေးနေ့ အထိမ်းအမှတ် ဆန္ဒပြပွဲအဖြစ် နယူးဒေလီရှိ မြန်မာသံရုံးရှေ့တွင် သွားရောက်ဆန္ဒပြသည့် တက်ကြွလှုပ်ရှားသူ မြန်မာ ၃၁ ဦးကို ဒေလီရဲများက ခေတ္တ ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် အိန္ဒိယနှင့် မြန်မာနိုင်ငံသား ဦးရေ ၂၇၄ဝဝ က လက်မှတ်ရေးထိုး တောင်းဆိုထားသည့် စာချွန်လွှာကို တက်ကြွလှုပ်ရှားသူများက မြန်မာသံရုံးသို့ ပေးအပ်ခဲ့သည်။

ဆန္ဒပြသူများက ဖယောင်းတိုင် ၆၄ တိုင် ထွန်းညှိခြင်း၊ ကိတ်မုန့် လှီးခြင်းနှင့် မွေးနေ့သီချင်း သီဆိုခြင်းကို သံရုံးရှေ့၌ ပြုလုပ်ကြကာ ဒေါ်အောင်ဆန်းစုကြည်အတွက် ရည်စူးကာ မွေးနေ့ပွဲလည်း ကျင်းပခဲ့သည်။ ''ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ပါစေ''၊ ''သက်တော်ရာကျော် ရှည်ပါစေ''၊ ''ပျော်ရွှင်သော မွေးနေ့ဖြစ်စေ'' အစရှိသည့် စာတန်းများ ရေးထားသည့် စာရွက်များကို ဖတ်ကြားကြသလို၊ ပိုစတာများကိုလည်း ကိုင်မြှောက်ခဲ့ကြသည်။

''ကျနော်တို့က ထောက်ခံလက်မှတ် ရေးထိုးထားတဲ့ စာချွန်လွှာကို သံရုံးကို ပေးလိုက်တယ်။ လက်မှတ် ကောက်ခံတဲ့ လှုပ်ရှားမှုကို မတ်လကတည်းက စတင်ခဲ့တာပါ။ ဒါတွေကို ကျနော်တို့ ဗီဒီယိုနဲ့ မှတ်တမ်းတင်ထားပါတယ်'' ဟု ချန်နကရာ ရဲစခန်း၌ ဖမ်းဆီးခံထားရစဉ် ဆန္ဒပြသူများထဲမှ ကိုဆလောင်းက မဇ္ဈိမကို ပြောပြသည်။


၁၅ မိနစ်ခန့်အကြာ ဆန္ဒပြနေစဉ် ချန်နကရာ ရဲများ ရောက်လာကာ သူတို့ကို ရဲစခန်းသို့ ခေါ်ဆောင်သွားခဲ့သည်။

''ကျနော်တို့ရဲ့ ရဲဆက်သွယ်ရေးဌာနကနေ အကြောင်းကြားလာပါတယ်။ သံရုံးရှေ့မှာ ဆန္ဒပြနေတဲ့အကြောင်း မြန်မာသံရုံးက အကြောင်းကြားလာတယ်လို့ ဆိုပါတယ်'' ဟု ချန်နကရာ ရဲစခန်းမှ အရာရှိတဦးက မဇ္ဈိမကို ပြောသည်။

''ကျနော်တို့ ဖမ်းဆီးထားတာ မြန်မာ ၃၁ ယောက်ပါ။ သူတို့က တားမြစ်ဧရိယာမှာ ဆန္ဒပြခဲ့တဲ့ သူတွေပါ။ သူတို့ကို စာရင်းသွင်းနေပါတယ်။ မကြာခင် ပြန်လွှတ်ပေးမှာပါ'' ဟု ရဲအရာရှိက ပြောသည်။

မြန်မာတက်ကြွလှုပ်ရှားသူများအား နာရီပိုင်းမျှ ဖမ်းဆီးထားပြီးနောက် ပြန်လွှတ်ပေးခဲ့သည်။

နယူးဒေလီရှိ မြန်မာသံရုံးရှေ့၌ ဆန္ဒပြပွဲသည် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်၏ ၆၄ နှစ်မြောက် အထိမ်းအမှတ် ကမ္ဘာတဝှမ်း လှုပ်ရှားမှုအနက် အစိတ်အပိုင်း တရပ်ဖြစ်ပြီး၊ ဒေါ်အောင်ဆန်းစုကြည်မှာ နာမည်ဆိုးဖြင့် ကျော်ကြားသည့် ရန်ကုန် အင်းစိန်ထောင်အတွင်းရှိ သီးခြားအဆောင်တခု၌ ရှိနေချိန်ဖြစ်သည်။

အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) – WLB ကလည်း နယူးဒေလီမြို့လယ်ရှိ ပါလီမန်လမ်းတွင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပွဲ အထိမ်းအမှတ်အဖြစ် သီးခြား ဆန္ဒပြပွဲတရပ် ကျင်းပခဲ့သေးသည်။

မြန်မာပြည် လွတ်မြောက်ရေးနှင့် ဒီမိုကရေစီ ရရှိရေးအတွက် တိုက်ပွဲဝင်နေသူ ဒေါ်အောင်ဆန်းစုကြည်၏ စွန့်လွှတ်မှုများအား သရုပ်ဖော် သင်္ကေတပြုထားသည့် အဝါရောင် အင်္ကျီများ ဝတ်ဆင်ထားသည့် အမျိုးသမီးနှင့် ကလေးငယ်များ အများစု ပါဝင်သည့် ဆန္ဒပြသူများက လမ်းမတလျှောက် ချီတက်ကာ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးရန် တောင်းဆိုခဲ့ကြသည်။

ဒေါ်အောင်ဆန်းစုကြည်သည လွန်ခဲ့သည့် ၁၉ နှစ်အတွင်း ၁၃ နှစ်ကျော် နေအိမ်အကျယ်ချုပ် ကျခံခဲ့ရပြီးနောက် ဖမ်းဆီးချုပ်နှောင်မှု သက်တမ်း ပြည့်ခါနီးတွင် အခြားသော ပြစ်မှုတခုဖြင့် အင်းစိန်ထောင်အတွင်း ချုပ်နှောင်ကာ တရားစွဲဆိုခဲ့နေရသည်။

တရားစွဲဆိုမှုနှင့် ပတ်သက်ပြီး တက်ကြွလှုပ်ရှားသူများ၊ နိုင်ငံ့ခေါင်းဆောင်များ အပါအဝင် ကမ္ဘာ့ခေါင်းဆောင်များ၊ ကုလသမဂ္ဂ၊ ရုပ်ရှင်သရုပ်ဆောင်များ၊ ထင်ရှားကျော်ကြားသူများနှင့် နိုဘယ်လ်ငြိမ်းချမ်းရေး ဆုရှင်များက မြန်မာစစ်အစိုးရကို ပြစ်တင်ရှုတ်ချကြသလို၊ စိုးရိမ်ပူပန်မှုများ ပြသခဲ့ကြသည်။

ယနေ့ ကျရောက်သည့် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့တွင် ကမ္ဘာတဝှမ်း၌ ဆန္ဒပြပွဲများ ကျင်းပကာ သူမကို ထောက်ခံကြောင်း ပြသရန် စည်းရုံးလှုံ့ဆော်သူများက ဆော်သြခဲ့ကြရာ၊ အမေရိကန် ပြည်ထောင်စု၊ ဥရောပနိုင်ငံများ၊ သြစတြေးလျား၊ နယူးဇီလန်၊ အိန္ဒိယ၊ ထိုင်းနိုင်ငံများ အပါအဝင် နိုင်ငံအများအပြား၌ အထိမ်းအမှတ်ပွဲများ ကျင်းပကြကာ ထိုင်ဝမ်တွင်လည်း သွေးစည်းညီညွတ်ရေး တေးဂီတပွဲတရပ် ကျင်းပမည်ဖြစ်သည်။

ထို့အပြင် ရန်ကုန်မြို့ရှိ အန်အယ်ဒီ ပါတီရုံးချုပ်၌လည်း သူမအတွက် မွေးနေ့ပွဲ အစီအစဉ်များ ပြုလုပ်ခဲ့ကြောင်း သိရသည်။




1 ယောက်ရဲ့ထင်မြင်ချက်:

ကဗျာဦး said...

မကြိုက်ရင်ဖျက်လို့ရတယ်
ကိုအလှတရား ဘလောက်မှာတွေ့လို့ရေးလိုက်တာ
ကိုအလှရေးထားတဲ့
၂၀ ရာစု Nuclear physics မပေါ်သေးမီအထိ ရုပ်ခိုင်မာမှုဝါဒ ဟာ လူကြိုက်များခဲ့ပါတယ်။

အဲဒီစာကြော င်းကိုတွေ့လို့
၂၁ ရာစုရောက်တာတောင် နအဖက စစ်အစိုးရက ခေတ်နောက်ပြန်တုံးလေ။တရုတ်အားကိုးတယ်
ရုပ်ဝါဒယုံကြည်တဲ့ ရုရှားးကို စစ်ဗိုလ်တွေလွှတ်ပြီးပညာသင်ခိုင်းတယ်
မြောက်ကိုရိးယားနဲ့ပေါင်းပြီးအနုမြူစက်ရုံထောင်ဖို့လုပ်နေတယ်

အမေရိကန်နဲ့ရန်ဖြစ်ပြီး တရုတ်ကိုအားကိုးပေါက်ဆိန်ရိုးနအဖ
ဟားးးးးးးးးးဟားးးးးးးးးဟားးးးးးးးးးး
နအဖကတကယ့်ကို ရုပ်ဝါဒသမားစစ်စစ်ပဲ
ဘုရားတရားလေးစားသယောင်ဟန်ဆောင်တယ်
ဘုရားတရားလေးစားသယောင်ဟန်ဆောင်တယ်
ဘုရားတရားလေးစားသယောင်ဟန်ဆောင်တယ်

21/6/09 2:59 PM