5/31/2009

ဓနုတ်ဘုရားပြို လူအများဒဏ်ရာရ


မျိုးသိဏ်း

ရန်ကုန် (မဇ္ဈိမ)။ ။ ဒလမြို့နယ်အတွင်း ပြန်လည်ပြုပြင် တည်ဆောက်ဆဲ ဓနုတ်ဘုရားကြီး ခေါ် ဥာဏ်တော် ပေ(၁၈၀)ခန့် စေတီတော်ကြီး စနေနေ့ မွန်းလွဲပိုင်းက ပြိုကျမှုကြောင့် ဧရာဝတီ ရေတပ်စခန်း ဌာနချုပ်မှ ရေတပ်သားများ အပါအဝင် ဒဏ်ရာရရှိသူ အများအပြား ရှိခဲ့သည်။

ဒလမှ လက်ခုပ်ကုန်းသို့ သွားသော ကားလမ်းပေါ်တွင်ရှိသော ဘုရားကြီး၏ ဌက်ပျောဖူးနှင့် ခေါင်းလောင်းတော် အပါအဝင် အချို့ အစိတ်အပိုင်းများအား ပြန်လည် ပြုပြင်နေဆဲတွင် ပြိုကျမှု ဖြစ်သည်။

ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနသို့ ရောက်ရှိလာသူ ဦးရေ (၃၀) ထက်မနည်းကြောင်း တာဝန်ကျ ဝန်ထမ်းများက ပြောသည်။ ဒလနှင့် တွံတေး ဆေးရုံများသို့ တင်ပို့ထားသော လူနာများ ရှိနေသည်။

“ဖြစ်တာက နေ့လည် နှစ်နာရီကျော်လောက်ဖြစ်တာ။ ကျနော်က ငြမ်းပေါ်ကို တက်တုန်းပဲ ရှိသေးတယ်။ အပေါ်က ဝုန်းကနဲ အသံကြားလို့ ကြည့်တော့ ငှက်ပျောဖူးနေရာကစပြီး ပြိုကျ လာတာ။ အမြန်ပြန်ဆင်းပြေးတာ ကံကောင်းလို့ လွတ်သွားတယ်။ ကျနော်တို့ ငါးယောက်အဖွဲ့မှာ တယောက်က အရေးပေါ် တင်ထားရတယ်။ ” ဟု အန္တရာယ်မှ ကင်းလွတ်လာသူ ဆေးသုတ်အဖွဲ့မှ လုပ်သားတဦးက ပြောသည်။

လွတ်မြောက်လာသူများ၏ ပြောကြားချက်အရ ဘုရားကြီး၏ ခေါင်းလောင်းတော်နေရာမှ စတင်ပြိုကျပြီးနောက် အချိန်ခဏမျှသာ ဆိုင်း၍ စေတီတော်ကြီး တခုလုံး ပြိုကျသွားကြောင်း သိရသည်။




0 ယောက်ရဲ့ထင်မြင်ချက်: