စစ်အစိုးရ၏ ဗုံးလက်သည် စွပ်စွဲချက် အတိုက်အခံများ ပယ်ချ
ဖနိဒါစစ်အစိုးရ ရုံးစိုက်ရာ နေပြည်တော်အနီးရှိ ပျဉ်းမနား ဘူတာကြီး၌ ဗုံးတလုံး တွေ့ရှိမှုတွင် လက်သည်မှာ နယ်စပ်အခြေစိုက် ဒီမိုကရေစီ လိုလားသော အတိုက်အခံများဟု စွပ်စွဲသည့်အပေါ် သက်ဆိုင်ရာ အဖွဲ့အစည်းများက ယတိပြတ် ငြင်းဆိုလိုက်သည်။
“ဒီနေ့ ကျနော်တို့က ကျောင်းသား တပ်မတော်ကို အကြမ်းဖက်အဖွဲ့အဖြစ် စွပ်စွဲတယ်။ အများပြည်သူများ ထိပ်လန့်အောင် ဖောက်ခွဲဖို့အတွက် လုပ်တယ်၊ ဒါတွေကို ဆောင်ရွက်နေတယ်လို့ စွပ်စွဲတယ်။ ဒါကြောင့် သတင်းစာမှာပါတဲ့ စွပ်စွဲချက်တွေကို ကျနော်တို့ ကျောင်းသား တပ်မတော်က အပြင်းအထန် ကန့်ကွက်ပါတယ်” ဟု ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး - ABSDF (မကဒတ) ဥက္ကဋ္ဌ ကိုသံခဲက ပြောသည်။
နအဖ စွပ်စွဲချက်သည် မဟုတ်မှန်ကြောင်းနှင့် ၎င်းတို့မှ ပြည်သူများအပေါ် အကြမ်းဖက် နည်းလမ်းများ မကျင့်သုံးကြောင်း FDB အတွင်းရေးမှူးချုပ် ဒေါက်တာနိုင်အောင်ကလည်း ပြောသည်။
“ကျနော်တို့ စဖွဲ့ကတည်းကိုက ရည်ရွယ်ချက်က ပြည်သူတွေကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အကြမ်းမဖက်တဲ့ နည်းနဲ့ ပြည်သူ့လှုပ်ရှားမှုတွေကို ကူညီမယ်၊ ဆောင်ရွက်မယ်၊ ပံ့ပိုးမယ်ဆိုတဲ့ အချက်ပဲ ရပ်တည်ခဲ့ကြတယ်။ အကြမ်းမဖက်တဲ့ လူထုလှုပ်ရှားမှု ပြောင်းသွားဖို့၊ တွန်းအားပေးသွားဖို့ ခံယူထားတာပါ။ ကျနော်တို့ FDB အနေနဲ့ ဒီအကြမ်းဖက်မှု လုပ်ဆောင်ချက်လည်း မရှိပါဘူး” ဟု သူက ဆိုသည်။
ယမန်နေ့ နံနက်ပိုင်းက နေပြည်တော် ပျဉ်းမနား ဘူတာကြီးတွင် နေပြည်တော်-ပျဉ်းမနား အမှတ် ၃၂ မီးရထား အထက်တန်းတွဲ အမှတ် (၅) အိမ်သာခေါင်းမိုးပေါ်တွင် ချိန်ကိုက်မိုင်းဗုံးတလုံး တွေ့ရှိသဖြင့် အကြမ်းဖက်သမားများ လုပ်ရပ်ဖြစ်ကြောင်း ယနေ့ထုတ် စစ်အစိုးရ သတင်းစာက ဆိုထားသည်။
ထို့အပြင် မြန်မာစစ်အစိုးရက နိုင်ငံတော် အကြမ်းဖက်အဖွဲ့အဖြစ် စွပ်စွဲကြေညာသည့် မကဒတ သည် ပြည်သူ့တိုက်ပွဲ မြှင့်တင်ရေး ကော်မတီ (Committee for Promoting People Activities - CPPA) ရှိသည်ဟု ရေးသားချက်ကိုလည်း မဟုတ်မှန်ကြောင်း ကိုသံခဲက ငြင်းဆိုသည်။
သတင်းစာထဲတွင် ရန်ကုန်မြို့ အင်းစိန်ဈေးတဝိုက်နှင့် အခြား လူစည်ကားရာ နေရာများတွင် နအဖ ဆန့်ကျင်ရေး ပိုစတာများ ကပ်ခြင်း၊ ၎င်းအား လာရောက်ခွာယူလျှင် ပေါက်ကွဲစေရန် ထောင်ခြောက်မိုင်းကပ်ခြင်း စသဖြင့် လုပ်ဆောင်သည့်အပြင် ဖောက်ခွဲဖျက်ဆီးရန် ဖောက်ခွဲရေးသမား ၂ ဦးအား ပြည်တွင်းသို့ စေလွှတ်ထားသည်ဟု ဆိုထားသေးသည်။
လက်ရှိအချိန်တွင် ပြည်သူထုထု၏ နေရာအနှံ့ တုံ့ပြန်မှုများသည် အသွင်အမျိုးမျိုးဖြင့် ရှိနေသဖြင့် အဆိုပါ ဖောက်ခွဲမှု၊ ခြိမ်းခြောက်မှုများ အားလုံးသည် နအဖ စစ်အစိုးရ၏ တာဝန်သာဖြစ်ကြောင်း ကိုသံခဲက ဆိုသည်။
“ဒီနေ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အဖက်ဖက်မှာ အကျပ်အတည်းတွေက ကျော်လွားနိုင်ဖို့ ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံး လွှတ်ပေးဖို့လိုတယ်။ တွေ့ဆုံဆွေးနွေးရေး အမြန်ဆုံး လုပ်ပေးဖို့ လိုတယ်။ ဒါမှသာလျှင် တိုင်းပြည်ရဲ့ အခြေအနေ အားလုံး လွတ်မြောက်နိုင်မယ်လို့ ယုံကြည်ပါတယ်” ဟု သူက ပြောသည်။
ဒေါက်တာနိုင်အောင်ကလည်း ''ကျနော်တို့လုပ်နေတဲ့ ကိစ္စကတော့ ဒေါ်စုကို ဒီလို မတရားဖမ်းဆီးနေတာဟာ သူတယောက် မဟုတ်ဘဲနဲ့ ဒီမိုကရေစီလှုပ်ရှားမှု တခုလုံးကို မတရားလုပ်ဆောင်တာ။ ဒေါ်အောင်ဆန်းစုကြည် နောက်မှာ ကျနော်တို့ မားမားမတ်မတ်ရှိတယ်။ စုစုစည်းစည်း၊ တတည်းတညွတ် ရှိတယ်ဆိုတာ အင်နဲ့အားနဲ့ ဆက်လက် ထုတ်ဖော်ပြဖို့အတွက် အစီအစဉ် ရှိတယ်'' ဟု ဆိုသည်။
ထို့အပြင် ဒေါ်စုအား မတရား အမှုဆင်ဖမ်းဆီးခြင်း၊ အပစ်ရပ် အဖွဲ့များအား လက်နက်ဖြုတ်ရန် လုပ်နေခြင်း၊ ပြည်ပအခြေစိုက် မြန်မာနိုင်ငံ ရှေ့နေများ ကောင်စီ - BLC အား မတရားအသင်း ကြေငြာခြင်းများသည် ပြည်သူများအား အထင်အမြင်မှား စေရန်နှင့် ၎င်းတို့အား နိုင်ငံတကာမှ ဂုဏ်သိက္ခာချရန် ရည်ရွယ်ချက်ဖြင့် နအဖ က လုပ်ဆောင်နေခြင်းသာ ဖြစ်ကြောင်း သူက ဆက်ပြောသည်။
(မဇ္ဈိမ)သတင်းမှ
0 ယောက်ရဲ့ထင်မြင်ချက်:
Post a Comment