မစ္စတာ ဂမ်ဘာရီနှင့် ဒေါ်အောင်ဆန်းစုကြည်၊ NLD ခေါင်းဆောင်များ တွေ့ဆုံ
မြန်မာနိုင်ငံမှာရောက်နေတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူး ကိုယ်စားလှယ် မစ္စတာ ဂမ်ဘာရီဟာ ဖေဖော်ဝါရီ ၂ရက် ဒီကနေ့ မနက်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ငါးဦးနဲ့ စိမ်းလဲ့ကန်သာ အစိုးရဧည့်ဂေဟာမှာ တွေ့ဆုံခဲ့ပါတယ်။

ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ အီဘရာဟင် ဂမ်ဘာရီ (ဝဲမှ ဒုတိယ) နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ ဖေဖော်ဝါရီ ၂ရက်နေ့က ရန်ကုန်မြို့၊ စိမ်းလဲ့ကန်သာ အစိုးရ ဧည့်ဂေဟာတွင် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ ရှေ့အလယ်မှ ပုဂ္ဂိုလ်မှာ NLD ပါတီ ဥက္ကဋ္ဌ ဦးအောင်ရွှေဖြစ်၍ ယာအစွန်မှာ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် ဖြစ်ပါသည်။ (Photo: AFP)
ဒါအပြင် မစ္စတာဂမ်ဘာရီဟာ ရှမ်းတိုင်းရင်းသား ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) နဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ ကိုယ်စားလှယ်တွေ၊ စစ်အစိုးရရဲ့ ဝန်ကြီးတချို့နဲ့ သီးခြားစီ တွေ့ဆုံခဲ့တယ်လို့ ရန်ကုန် ကုလသမဂ္ဂရုံး သတင်းနဲ့ ပြန်ကြားရေးအရာရှိ ဦးအေးဝင်းက RFA ကို ပြောပါတယ်။
ဦးအေးဝင်း။ ။ ' ဒီနေ့ မစ္စတာ ဂမ်ဘာရီက အမျိုးသား စီမံကိန်းနဲ့ စီးပွားရေး ဖွံ့ဖြိုးမှု ဝန်ကြီးဌာန ဝန်ကြီးနဲ့လည်း တွေ့တယ်၊ နောက်ပြီးတော့ စိုက်ပျိုးရေး ဝန်ကြီးနဲ့ တွေ့တယ်၊ နောက် NLD CEC အပါအဝင်ပေါ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တနာရီကျော် တွေ့တယ်၊ နောက်တခါ NUP (တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ) က ကိုယ်စားလှယ်တွေနဲ့လည်း တွေ့တယ်၊ နောက် SNLDက ကိုယ်စားလှယ်တွေနဲ့လည်း ပထမဦးဆုံးအကြိမ် တွေ့ပါတယ်ခင်ဗျ။ '
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နဲ့ မစ္စတာဂမ်ဘာရီတို့ အစည်းအဝေးမစခင် ၁၅ မိနစ်အလိုမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗဟိုအလုပ်အမှုဆောင် ငါးဦးတို့ သီးခြားတွေ့ဆုံခွင့် ရခဲ့တယ်လို့ အဖွဲ့ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ပြောပါတယ်။ အဲဒီအစည်းအဝေးမှာ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့လည်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ သဘောထားဖြစ်တဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရေး၊ ပြည်သူ့လွှတ်တော်ခေါ်ယူပေးရေး၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြန်လည်သုံးသပ်ရေးကော်မတီ ဖွဲ့စည်းရေးနဲ့ တွေ့ဆုံဆွေးနွေးရေး စတဲ့အချက် ၄ ချက်ကို သဘောတူ လက်ခံတယ်လို့ ဦးဥာဏ်ဝင်းက ပြောပါတယ်။
မစ္စတာဂမ်ဘာရီနဲ့ နှစ်နာရီကြာ တွေ့ဆုံတဲ့အခါမှာ မြန်မာ့နိုင်ငံရေး အပြောင်းအလဲ တိုးတက်ဖို့ လိုအပ်တဲ့အချက်တွေနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီးမွန်းရဲ့ နောက်တကြိမ် မြန်မာနိုင်ငံကိုလာမဲ့ ခရီးစဉ်နဲ့ ပတ်သက်ပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အမြင်သဘောထားကို မစ္စတာဂမ်ဘာရီက မေးခဲ့တယ်လို့လည်း ဦးဥာဏ်ဝင်းကပြောပါတယ်။
ဦးဉာဏ်ဝင်း။ ။ 'မစ္စတာ ဂမ်ဘာရီက ပြောတာက မစ္စတာ ဘန်ကီမွန်း ဗမာပြည် လာချင်ပါတယ်၊ အဲဒီတော့ ဗမာပြည်လာဖို့ သိသာထင်ရှားတဲ့ တိုးတက်မှုအနေနဲ့ NLDက ပြောနေတဲ့ အချက် ၄ချက်စလုံးကို ပြောတာလား၊ ဒါမှမဟုတ်ရင် ဘယ်အချက်ဆိုရင်တော့ ဒါ သိသာ ထင်ရှားတဲ့ ပြုပြင် ပြောင်းလဲမှုအဖြစ် မြင်မလဲဆိုတဲ့ မေးခွန်းကို မစ္စတာ ဂမ်ဘာရီက မေးတာပါ၊ အဲဒီတော့ NLDက ဖြေတာက နံပါတ် ၁ဖြစ်တဲ့ နိုင်ငံရေးအကျဉ်းသားများ အားလုံး လွှတ်ပေးရေးကို ဆောင်ရွက်လို့ရှိရင် ဒါဟာ သိသာ မြင်သာတဲ့ တိုးတက်မှုအဖြစ် မြင်လို့ရတယ် ဆိုတဲ့အကြောင်း ဆွေးနွေး ပြောကြားခဲ့ပါတယ်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နဲ့ မစ္စတာဂမ်ဘာရီတို့ တွေ့ဆုံပွဲမှာ ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင် အသစ်တွေ ဖြစ်တဲ့ ဦးဝင်းတင်နဲ့ ဦးခင်မောင်ဆွေတို့ကို အစိုးရအာဏာပိုင်တွေက တက်ရောက်ခွင့် မပေးတဲ့အပေါ် ဒေါ်အောင်ဆန်းစုကြည်က ဝေဖန် ပြောဆိုခဲ့တယ်လို့ ဦးဥာဏ်ဝင်းက ပြောပါတယ်။
ဦးဉာဏ်ဝင်း။ ။ ' ဒေါ်အောင်ဆန်းစုကြည်က မစ္စတာ ဂမ်ဘာရီကို ပြောတယ်၊ ဒီဥစ္စာဟာ NLDက CEC အဖွဲ့ဝင်၊ CEC အဖွဲ့ဝင် ဟုတ်မဟုတ်၊ ပါမပါ၊ ဒီလို ပါဖို့ကိစ္စ ဆုံးဖြတ်ဖို့ဟာ NLDသာ ဖြစ်တယ်၊ တခြားလူတွေက ဆုံးဖြတ်လို့ မရဘူးဆိုတာကို မစ္စတာ ဂမ်ဘာရီကို ဒေါ်အောင်ဆန်းစုကြည်က ပြောပြခဲ့တယ်။ '
မစ္စတာဂမ်ဘာရီဟာ မြန်မာနိုင်ငံကို ၄ ရက်ကြာ ခရီးစဉ်အဖြစ် စနေနေ့ကတည်းက ရောက်ရှိနေတာ ဖြစ်ပါတယ်။ မကြာခင်မှာလည်း ဧရာဝတီတိုင်းက နာဂစ်မုန်တိုင်းသင့် ပြည်သူတွေအတွက် ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေကို သွားရောက်ကြည့်ရှုမယ်လို့ သိရပါတယ်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် မစ္စတာဂမ်ဘာရီနဲ့ ဒေါ်အောင်ဆန်းစုကြည်၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင်တို့ တွေ့ဆုံခဲ့တာနဲ့ ပတ်သက်ပြီး အဖွဲ့ရဲ့ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းနဲ့ တွေ့ဆုံပွဲ တက်ရောက်ဖို့ တားဆီးခံခဲ့ရတဲ့ ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းတင်တို့ကို RFA မှ ဦးတင်အောင်ခိုင် ဆက်သွယ် မေးမြန်းထားပါတယ်။
အသံဖိုင်-ဦးဥာဏ်ဝင်းအားမေးမြန်းခန်း နားဆင်ရန်
RFA မှကူးယူပါသည်။

1 ယောက်ရဲ့ထင်မြင်ချက်:
ဖတ်သွားပါတယ်..
4/2/09 3:36 AMPost a Comment