ဥရောပဝန်ကြီးများ မြန်မာနိုင်ငံသို့ သွားရောက်လေ့လ
ဇန်နဝါရီလ ၂၁ ရက်နေ့က ဒိန်းမတ် နိုင်ငံခြားရေးဌာန ဖွံဖြိုးရေးဆိုင်ရာဝန်ကြီး လူလာတိုရာစ်နဲ့ အတူ နော်ဝေးနိုင်ငံခြားရေးဌာန ပတ်ဝန်းကျင်နဲ့ ဖွံဖြိုးရေးဆိုင်ရာဝန်ကြီး အီးရစ်ခ် ဆိုလ်ဟိမ်း တို့ မြန်မာနိုင်ငံကို သွားရောက်ခဲ့ပါတယ်။

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ဧရာမ ဓာတ်ပုံ ပိုစတာကြီးကို ပြင်သစ်နိုင်ငံ စထရာစ်ဘော့ဂ်မြို့ရှိ ဥရောပပါလီမန် အဆောက်အအုံပေါ်တွင် ၂ဝဝ၇ခုနှစ် အောက်တိုဘာ ၂၃ရက်နေ့က ချိတ်ဆွဲ ဂုဏ်ပြုထားပုံ ဖြစ်ပါသည်။ (Photo: AFP)
ဒီခရီးစဉ်ကြောင့် စစ်အစိုးရအပေါ် ဥရောပသမဂ္ဂရဲ့ ပိတ်ဆို့အရေးယူမှု သဘောထားတွေ ပြောင်းလဲသွားပြီးလားလို့ မေးခွန်းတွေ ထွက်ပေါ်လာပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး RFA က မအင်ကြင်းနိုင်ကနေ နော်ဝေး နိုင်ငံခြားရေးဌာနကို ဆက်သွယ် မေးမြန်းတင်ပြထားပါတယ်။
ဒီခရီးစဉ်ဟာ မြန်မာနိုင်ငံက လူသားချင်းစာနာကူညီမှု လုပ်ငန်းတွေကို သွားရောက် လေ့လာတာ ဖြစ်တယ်လို့ နော်ဝေးနိုင်ငံခြားရေးဌာနက ပြောပါတယ်။ နာဂစ်မုန်တိုင်းသင့် ပြည်သူတွေအတွက် ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးကိစ္စတွေမှာ ဒိန်းမတ်က အမေရိကန်ဒေါ်လာငွေ ၁ဝ သန်းကျော်နဲ့ နော်ဝေးက ၇ သန်းကျော် လှူဒါန်းထားတဲ့ နိုင်ငံတွေ ဖြစ်ပါတယ်။ ဒီခရီးစဉ်မှာ လူသားချင်း စာနာကူညီမှုကိစ္စ တခုတည်းမဟုတ်ပဲ ဖွံဖြိုးရေးဆိုင်ရာ အကူအညီတွေ ပါနေရင် စစ်အစိုးရကပဲ အသုံးချသွားမှာဖြစ်တယ်လို့ မြန်မာနိုင်ငံ အမျိုးသားကောင်စီ (NCUB) ရဲ့ ဥရောပသမဂ္ဂဆိုင်ရာ ကိုယ်စားလှယ် ဦးနွယ်အောင်က ပြောပါတယ်။
ဒါပေမဲ့ နော်ဝေးအစိုးရဘက်ကတော့ မြန်မာနိုင်ငံကို သူတို့ထောက်ပံ့တဲ့ငွေတွေဟာ ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ်နဲ့ အခြား NGO အဖွဲ့အစည်းတွေကတဆင့် ဖြစ်တယ်လို့ RFA ကို နော်ဝေး နိုင်ငံခြားရေးဌာနက အီးမေးလ်ကနေ ပြန်ကြားပါတယ်။ အခုခရီးစဉ်မှာ လူသားချင်းစာနာမှုလုပ်ငန်းတွေ လုပ်နေတဲ့ အဖွဲ့အစည်းတွေနဲ့ အဓိက တွေ့ဆုံခဲ့ပါတယ်လို့လည်း ဖော်ပြထားပါတယ်။ နောက်တခါ စစ်အစိုးရနဲ့ နော်ဝေးနိုင်ငံတို့အကြား ကူညီထောက်ပံ့ရေးကိစ္စတွေနဲ့ ပတ်သက်ပြီး နှစ်နိုင်ငံချင်း သဘောတူညီတဲ့ စာချုပ်တွေ မရှိဘူးလို့လည်း ရေးထားပါတယ်။
ဒိန်းမတ်နဲ့ နော်ဝေးဝန်ကြီးတွေရဲ့ ဒီခရီးစဉ်ဟာ လူသားချင်းစာနာမှု လုပ်ငန်းကိစ္စနဲ့ သွားတာဖြစ်တဲ့အတွက် စစ်အစိုးရအပေါ် ဒဏ်ခတ်အရေးယူထားတဲ့ ဥရောပသမဂ္ဂရဲ့ ဘုံသဘောတူညီချက်ကို ချိုးဖောက်တာ မဟုတ်ဘူးလို့ နော်ဝေး နိုင်ငံခြားရေးဌာနက တုံ့ပြန်ပါတယ်။
နာဂစ်မုန်တိုင်းသင့် ပြည်သူတွေနဲ့ ပတ်သက်ပြီး ၂ဝဝ၈ ဇွန်လမှာ ကျင်းပခဲ့တဲ့ အလှူရှင်နိုင်ငံများ အစည်းအဝေးတုန်းကဆိုရင် ဥရောပသမဂ္ဂက နိုင်ငံခြားရေးဝန်ကြီးတွေ မြန်မာနိုင်ငံကို လာတဲ့ ခရီးစဉ်ကိုလည်း နော်ဝေးနိုင်ငံခြားရေးဌာနက ထောက်ပြထားပါတယ်။
ဒါပေမဲ့ နိုင်ငံရေးအရ အပြောင်းအလဲတွေ ဖြစ်ပေါ်ဖို့ မြန်မာစစ်အစိုးရကို ဖိအားပေး တိုက်တွန်းထားတဲ့ အချက်တွေကိုတော့ နော်ဝေးနိုင်ငံက သဘောတူ လက်ခံတယ်လို့ ပြောပါတယ်။ မြန်မာနိုင်ငံ အမျိုးသားကောင်စီ (NCUB) ရဲ့ ဥရောပသမဂ္ဂဆိုင်ရာ ကိုယ်စားလှယ် ဦးနွယ်အောင်ကတော့ စစ်အစိုးရကျင်းပမဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေကြားမှာ အမြင်အမျိုးမျိုး ရှိလာတယ်လို့ ပြောပါတယ်။
ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ တောင်းဆိုချက်တွေကို လျစ်လျူပြုပြီး ရွေးကောက်ပွဲကို တဖက်သတ် အကောင်အထည်ဖော်ဖို့ ကြိုးစားနေတဲ့ စစ်အစိုးရအပေါ် ပြင်းထန်တဲ့ ဖိအားပေးမှုမျိုးတွေ ဝိုင်းဝန်း ဆောင်ရွက်သင့်တယ်လို့ မြန်မာ့အရေး လှုပ်ရှားနေသူတွေက သုံးသပ်နေကြပါတယ်။
RFA မှကူးယူပါသည်။

0 ယောက်ရဲ့ထင်မြင်ချက်:
Post a Comment