2/09/2009

အရိုက်ခံရတဲ့ ကျောင်းသားတွေကပဲ ရိုက်တဲ့ သူတွေကို ဝန်ချတောင်းပန်လိုက်ရ

ပြီးခဲ့တဲ့သတင်းပတ်က ရန်ကုန် ယဉ်ကျေးမှုတက္ကသိုလ်က ကျောင်းသားတချို့ကို ကျောင်းရှေ့မှာနေတဲ့ စွမ်းအားရှင်အဖွဲ့ဝင်ဦးဆောင်တဲ့ ရပ်ကွက်သားတချို့က အဆောင်တွေထိ ဝင်ရောက် ရိုက်နှက်တဲ့အမှုတခု ဖြစ်ပွါးခဲ့ပြီး၊ ပိုင်နက်ကျူးလွန် ဝင်ရိုက်တဲ့သူတွေကို သက်ဆိုင်ရာကအရေးယူတာ မရှိတဲ့အပြင် အရိုက်ခံရတဲ့ ကျောင်းသားတွေကပဲ ရိုက်တဲ့ သူတွေကို ဝန်ချတောင်းပန်လိုက်ရတဲ့ ဖြစ်ရပ်တခု RFA က စုံစမ်းသိရှိရပါတယ်။

ရန်ကုန်မြို့ရှိ တက္ကသိုလ်တခု၏ ဂိတ်ဝတွင် ဝတ်စုံပြာ လုံခြုံရေး ဝန်ထမ်းများ စောင့်ကြပ်နေပုံ ဖြစ်ပါသည်။ (Photo: AFP)
တောင်ဒဂုံမြို့နယ်မှာတည်ရှိတဲ့ ယဉ်ကျေးမှုတက္ကသိုလ်၊ ရွာသာကြီးဘက်မှာတည်ရှိတဲ့ စီးပွါးရေးတက္ကသိုလ်တို့က ကျောင်းသားတွေအတွက် ကျောင်းဆောင် သီးသန့်မရှိလို့ ကျောင်းနဲ့နီးတဲ့နေရာမှာ အခန်းတွေငှားပြီး အဆောင်အဖြစ်နေထိုင်ကြ ပါတယ်။ ဒါကြောင့် ကျောင်းသားတွေငှားနေတဲ့ ပြင်ပအဆောင်တွေက ရပ်ကွက်တွေကြား မှာရှိနေပါတယ်။

အဲဒီလိုနေကြရာမှာ လူငယ်ကျောင်းသားသဘာဝ ကျောင်းသူတွေစုဝေးနေထိုင်ရာ အဆောင်တွေရှေ့မှာ ဂီတာတီးသီချင်းဆိုလေ့ရှိကြပြီး၊ ပြီးခဲ့တဲ့အပတ်က ကျောင်းသားတစုက ကျောင်းသူတွေနေရာ ပြင်ပအဆောင်ရှေ့ဂီတာသွားတီးတော့ အောက်ထပ်မှာ ဖွင့်ထားတဲ့ Scorpion မုန့်ဆိုင်ပိုင်ရှင်က သူ့ဆိုင်ရှေ့မှာလာမတီးဖို့ ငေါက်ငန်းပြောဆို ရာကနေ ကျောင်းသားတွေနဲ့စကားများကြပါတယ်။ နောက်တော့ ကျောင်းသားတွေက ကိုယ်နေထိုင်ရာအဆောင်ကိုပြန်သွားကြပါတယ်။

အဲဒီနောက်မှာတော့ ရပ်ကွက်ထဲက ဦအောင်မင်းဆိုသူ ဦးဆောင်တဲ့အရပ်သားတချို့က လက်နက်တွေနဲ့ ကျောင်းသားတွေအဆောင်ကိုသွားဝိုင်းပြီး ကျောင်းသားတွေထွက်ခဲ့ဖို့ အော်ဟစ်ဆဲဆိုကြောင်း၊ နောက်တော့ ကျောင်းသားတွေမထွက်လို့ သူတို့နေထိုင်ရာ အခန်းပြတင်းပေါက်တွေကနေတဆင့်ဝင်ပြီး ကျောင်းသားတွေကို ရိုက်နှက်တယ်လို့ ကျောင်းသူတဦးက ပြောပါတယ်။

အဲဒီလို ဖြစ်ပြီး ၄ ရက်လောက်အကြာမှာ ယဉ်ကျေးမှုတက္ကသိုလ်ပါမောက္ခချုပ်က ကျောင်းသားတွေကို ဓမ္မာရုံမှာ စုဝေးဖို့ဆင့်ခေါ်တဲ့အတွက် ကျောင်းသားတွေသွားတဲ့အခါ အဲဒီဓမ္မာရုံမှာ ကျောင်းသားတွေကိုရိုက်နှက်သွားတဲ့သူတွေကို အရိုက်ခံရတဲ့ ကျောင်းသားတွေက အုန်းပွဲ၊ ငှက်ပျောပွဲနဲ့ ကန်တော့တောင်းပန်ခဲ့ရတယ်လို့ဆိုပါတယ်။ ဒီ့အတွက် ကျောင်းသားတွေအနေနဲ့ အရိုက်လဲခံရ၊ တောင်းလဲတောင်းပန်ရပြီး ရိုက်တဲ့သူတွေကို အရေးယူတာမရှိတဲ့အတွက် မကြေနပ်ကြပေမယ့် ဘယ်ကို တိုင်ကြားရမှန်းမသိဖြစ်နေတယ်လို့ စုံစမ်းသိရှိရပါတယ်။

RFA မှကူးယူပါသည်။

0 ယောက်ရဲ့ထင်မြင်ချက်: