2/05/2009

ဒေါ်အောင်ဆန်းစုကြည်က ဆက်ဆံရေးဝန်ကြီးနှင့် တွေ့ဆုံဖို့ ငြင်းဆိုကြောင်း စစ်အစိုးရ စွပ်စွဲ

နေအိမ်အကျယ်ချုပ် ထိန်းသိမ်းခံထားရတဲ့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်အစိုးရက ခန့်အပ်ထားတဲ့ ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်နဲ့ တွေ့ဆုံဖို့ ငြင်းဆိုခဲ့တယ်လို့ စစ်အစိုးရပိုင် မြန်မာ့ရုပ်မြင်သံကြားက ဖေဖော်ဝါရီ ၃ရက် အင်္ဂါနေ့က စွပ်စွဲကြေညာလိုက်ပါတယ်။

ကုလသမဂ္ဂ၏ တိုက်တွန်းချက်ကြောင့် မြန်မာစစ်အစိုးရက ၂ဝဝ၇ခုနှစ် အောက်တိုဘာလ ၈ရက်နေ့တွင် ဆက်ဆံရေးဝန်ကြီးအဖြစ် ခန့်အပ်ခဲ့သော ဦးအောင်ကြည်ကို ယခင်တချိန်က ဗိုလ်ချုပ် စစ်ဝတ်စုံဖြင့် သတင်းစာရှင်းလင်းပွဲတခုမှာ တွေ့ရသည့် မှတ်တမ်းဓာတ်ပုံ ဖြစ်ပါသည်။ (Photo: AFP)
စစ်အစိုးရနဲ့ အတိုက်အခံ ဒီမိုကရေစီအင်အားစုတွေအကြား တွေ့ဆုံဆွေးနွေးရေး ပေါ်ပေါက်အောင် ကြိုးပမ်းဖို့ မြန်မာနိုင်ငံကို ၄ရက်ကြာ လာရောက်တဲ့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ ဂမ်ဘာရီရဲ့ ခရီးစဉ်ပြီးဆုံးလို့ မြန်မာပြည်ကနေ ပြန်လည် ထွက်ခွာသွားပြီး နာရီပိုင်းအတွင်းမှာပဲ စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို အခုလို စွပ်စွဲလိုက်တာ ဖြစ်ပါတယ်။

ဒါ့ပြင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သူမရဲ့ NLD ပါတီဟာ တွေ့ဆုံ ဆွေးနွေးရေးအတွက် မဖြစ်နိုင်တဲ့ အခြေအနေတွေ ဖန်တီး တောင်းဆိုထားတယ်လို့ စစ်အစိုးရက စွပ်စွဲထားပါတယ်။

မစ္စတာဂမ်ဘာရီရဲ့ အရင်တခေါက် ခရီးစဉ်အပြီးမှာ ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံနိုင်ဖို့ စစ်အစိုးရဘက်က နှစ်ကြိမ် ကမ်းလှမ်းခဲ့ပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ဘက်က လက်မခံခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဆန်းက မစ္စတာ ဂမ်ဘာရီကို ဒီတခေါက်ခရီးစဉ်အတွင်း ပြောဆိုခဲ့တယ်လို့ မြန်မာ့ရုပ်မြင်သံကြားက ထုတ်လွှင့်သွားပါတယ်။

ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့အကြား နောက်ဆုံးအကြိမ် တွေ့ဆုံခဲ့တာဟာ ၂ဝဝ၈ ခုနှစ် ဇန်နဝါရီလက ဖြစ်ပြီး၊ အဲဒီတုန်းက တွေ့ဆုံဆွေးနွေးရေး ဖြစ်ထွန်းမှုအပေါ်မှာ ကျေနပ်မှုမရှိခဲ့ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။

မစ္စတာ ဂမ်ဘာရီဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဖေဖော်ဝါရီ ၂ရက် ပြီးခဲ့တဲ့တနင်္လာနေ့က တွေ့ဆုံခဲ့ပါတယ်။ မစ္စတာ ဂမ်ဘာရီနဲ့ တွေ့ဆုံခဲ့ရာမှာ တွေဆုံဆွေးနွေးရေးနဲ့ ပတ်သက်ပြီး တိုးတက်မှု ရလဒ် တစုံတရာ မရှိခဲ့တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ စိတ်ပျက်ခဲ့ရကြောင်း၊ တွေ့ဆုံပွဲအပြီးမှာ NLD ပါတီက ပြောကြားပါတယ်။

ဒါ့ပြင် နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးပြီး၊ ၁၉၉ဝ ခုနှစ်ရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ်ပြုမယ်ဆိုမှ တွေ့ဆုံဆွေးနွေးနိုင်မယ်လို့ NLD ပါတီက ထပ်လောင်း ပြောကြားခဲ့ပါတယ်။

ဒါပေမဲ့ စစ်အစိုးရ ပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဆန်းကတော့ NLD ပါတီရဲ့ တောင်းဆိုချက်ဟာ လက်တွေ့မကျဘူးလို့ စွပ်စွဲပြောဆိုပါတယ်။ အမှန်တရားကို မျက်ကွယ်ပြုပြီး မဖြစ်နိုင်တာတွေကို တောင်းဆိုနေတဲ့အတွက် တွေ့ဆုံဆွေးနွေးရေး မဖြစ်မြောက်နိုင်ဘူးလို့ ဗိုလ်မှူးချုပ် ကျော်ဆန်းက ပြောပါတယ်။

RFA မှကူးယူပါသည်။

2 ယောက်ရဲ့ထင်မြင်ချက်:

လင်းထက် said...

သတင်းလေးတွေ ဖတ်သွားပါတယ်

5/2/09 1:54 AM
ဒေါင်းမင်း said...

ဖက်သွားပါတယ်အကိုရေ

5/2/09 2:21 AM