1/20/2009

မလေးရှားအရာရှိများ လူကုန်ကူးမှုမှာ ပါမပါ အမေရိကန် စုံစမ်း

မြန်မာနိုင်ငံသားတွေ အပါအဝင် နိုင်ငံရပ်ခြားက ရွှေ့ပြောင်းဝင်ရောက် လာသူတွေဆီကငွေညှစ်ပြီး လူကုန်ကူးသူတွေနဲ့ ဆက်စပ်လုပ်ကိုင်နေတယ်လို့ မလေးရှားနိုင်ငံက အရာရှိတွေ အစွပ်စွဲခံရတဲ့ ကိစ္စ ဟုတ်မဟုတ်ဆိုတာကို အမေရိကန် အထက်လွတ်တော်က စုံစမ်းစစ်ဆေးနေပါတယ်။

မလေးရှားကို ရောက်ရှိလာသူ အများစုဟာ စစ်အစိုးရအုပ်ချုပ်တဲ့မြန်မာနိုင်ငံက လူတွေ ဖြစ်ကြပြီး တချို့လည်း အခြားနိုင်ငံတွေကဖြစ်ကြပါတယ်။မလေးရှားနဲ့ ထိုင်းနယ်စပ်က အစိုးရတာဝန်ရှိသူတွေဟာ ဒီလူတွေဆီးက ခြိမ်းခြောက်ငွေတောင်း၊ငွေမရရင် လူကုန်ကူးသူတွေ လက်ကိုရောင်းစားတယ် ဆိုတဲ့ သတင်းတွေ မကြာခဏ ကြားကြရပါတယ်။

ဒီလိုမြန်မာ နိုင်ငံသားတွေ မလေးရှားနိုင်ငံမှာ ရောင်းစားခံရတဲ့ သတင်းတွေကို RFA ကမကြာခဏ ထုတ်လွှင့်ဖူးပါတယ်။

မလေးရှားနိုင်ငံကို ပြောင်းရွှေ့လာကြတဲ့မြန်မာနိုင်ငံသားတွေနဲ့ အခြားနိုင်ငံသားတွေကို မလေးရှား အစိုးရ တာဝန်ရှိသူတွေ က ခြိမ်းခြောက်ငွေတောင်းတဲ့သတင်းနဲ့ရောင်းစားတဲ့ သတင်းတွေကို အမေရိကန် အထက်လွှတ်တော် နိုင်ငံခြားရေးရာ ဆက်ဆံရေးကော်မတီ ဝန်ထမ်းတွေက သုံးသပ်နေကြတယ်လို့ ကော်မတီအဖွဲ့ဝင် တယောက်က ပြောပါတယ်။

၁၉၉၅ ခုနှစ်ကစပြီးမြန်မာနိုင်ငံက ဒုကသည် လေးသောင်းလောက် အမေရိကန်မှာ အခြေချနေထိုင်နေပြီး ဒီထဲက လူတော်တော်များများဟာ မလေးရှားကတဆင့် ရောက်လာကြတာပါ။

အမေရိကန် အထက်လွှတ်တော် နိုင်ငံခြားရေးရာ ဆက်ဆံ ရေးကော်မတီဝင် တချို့ဟာ မလေးရှားနဲ့ ထိုင်း နယ်စပ်တွေ ကို သွားရောက်ကြပြီး စုံစမ်း စစ်ရေးလုပ်ငန်း တစိတ်တဒေသနဲ့ သတင်းအချက်အလက်တွေကို စုဆောင်းရယူကြပါတယ်။

ကြားသိရတဲ့ သတင်း အချက်အလက်တွေ အားလုံးမှန်ကန်ပြီး၊ မလေးရှားနိုင်ငံကို ဝင်ရောက်သွားတဲ့ မြန်မာပြည်သားတွေကို မကြာသေးခင်နှစ်တွေက ထိုင်း-မလေး နယ်စပ်ကို ခေါ်ဆောင်သွားဖွယ် ရှိတယ် လို့ အထက်လွှတ်တော် နိုင်ငံခြားရေးရာ ဆက်ဆံရေးကော်မတီ အဖွဲ့ဝင်တွေ ကပြောပါတယ်။

RFA သတင်းဌာနမှ ဖြစ်ပါတယ်။


ကျွန်တော်ဒီသတင်းကိုဖတ်ရင်း အော် အမေရိကန်က စုံစမ်းတဲ့ အဖွဲ့တွေ ဟာ ကျွန်တော်တို့ဒီမှာ လက်ရှိဖြစ် ပျက်နေတာတွေကို သေချာမှ သိရှိနိုင်ပါမလားလို့တွေးမိပါတယ်။
ဒါဟာ နယ်စပ် ကို အကြောင်းအမျိုးမျိုး နဲ့ ရောက်ရှိသွားတဲ့ ရွှေပြောင်း အလုပ်သမားတွေ ရဲ့ ဒုက္ခဘဝ တစ်စိတ်တဒေသပါပဲ။

ကျွန်တော်သိရ သလောက်နဲ့ ကိုယ်တိုင် ကြုံတွေ့ ရတဲ့ သူငယ်ချင်းတွေ ပြောပြတာတွေ ကို ဖြည့်စွတ်ချင်ပါတယ်။

ကျွန်တော်တို့ မလေးရှားမှာ တရားမဝင်နိုင်ငံခြားသား အလုပ်သမားတွေကို ဟိုး အရင်ကတော့ ရဲတွေကဖမ်းစီး အရေးယူတာ ရှိပါတယ်။ခုနောက်ပိုင်းမှာ ဒီကိစ္စတွေကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် (Rela)ရဲလ်လား လို့ခေါ်တဲ့ အရပ်ဘက်လူတွေ နဲ့ ဖွဲ့စည်းထားတဲ့အဖွဲ့ (ကျွန်တော်တို့ နိုင်ငံက ကြက်ဖွတ်တို့ ရမ်းကားရှင်တို့ လို့ပေါ့) ဒါပေမယ့် သူတို့ ကိုယ့်ပြည်သူတွေကို ဒုက္ခ မပေးပါဘူး။အဲဒီ အဖွဲ့ ကတော့တရားမဝင်နိုင်ငံခြားသား အလုပ်သမားတွေကိုဖမ်းဆီးရေးနှင့်နိုင်ငံတော်ကပြုလုပ်တဲ့ပွဲလမ်းသဘင်တွေမှာလည်း လုံခြုံရေးတာဝန်တွေ ယူရသူတွေပါ။

အပေါ်အောက် ရေညှိစိမ်းရောင်တူညီဝတ်စုံတွေနဲ့ ၊ ရထားဘူတာ၊ ကားဂိတ်တွေနဲ့ သဘောင်္ဆိပ်တွေမှာဆိုရင်
နှစ်ယောက်တစ်အုပ်စုသုံးယောက်တစ်အုပ်စုအဖွဲ့သုံးလေးဖွဲ့လောက်အမြဲတမ်းရှိပြီးလာလာသမျှ နိုင်ငံခြားသား မှန်သမျှကိုကျီးကန်းတောင်းမှောက် မသင်္ကာတဲ့မျက်လုံးတွေနဲ့ ချောင်းနေတဲ့ချောင်းနေတာပါပဲ။

မသင်္ကာဘူးထင်ရင်အတင်းခေါ်ပြီးစစ်ဆေးတော့တာပါပဲ။နောက်တခုက ဒီမှာခေါ်တာ အော်ပရာစီတယ် ဆိုတာ။အဲဒါကတော့ဆောက်လုပ်ရေးဆိုက်တွေ၊နိုင်ငံခြားသားများတဲ့အလုပ်ရုံတွေ၊ နိုင်ငံခြားသားတွေ အများဆုံးနေတဲ့ တိုက်ခန်းတွေမှာ စောစောကရဲလ်လား၊လူဝန်မှုကြီးကြပ်ရေး၊ ရဲ ၊ မီးသတ် …စတဲ့အဖွဲ့ပေါင်းစုံပါတဲ့ လူအင်အားအများကြီးနဲ့ နိုင်ငံခြားသားမှန်သမျှကို ဝိုင်းဖမ်းတယ်။အဲဒီမှာတခါစစ်တယ်။

ကံကောင်းရင်အဲဒီမှာတင် တရားဝင်စာရွတ်စာတန်းရှိသူတွေကတော့ အဆင်ပြေစွာလွတ်ပါတယ်။ အဲဒီမှာအစစ်ခံရတဲ့နိုင်ငံခြားသား ကစကားမကျွမ်းကျင်လို့မပြေမလည် ဖြစ်ပြီ ဆိုရင်တော့တရားဝင် စာရွတ်စာတန်းပဲရှိရှိ ကားပေါ်တင်ပြီးရဲစခန်း ကိုခေါ်သွားတယ် ဟိုကိုရောက်မှပဲရှင်းပေတော့။

အမှန်စာရွက်စာတန်းရှိလို့ကိုယ့် သဌေးကလိုက်ပြီး အာမခံပေးမယ်ဆိုရင်တော့ပြန်လွှတ်ပေးပါတယ်။ အမှန်ဖြစ်နေပြီး သဌေး(သို့)အေးဂျင့် ကလိုက်ရှင်းမပေးရင်တော့တရားဝင်စာရွက်စာတမ်းမရှိ တဲ့သူနဲ့ အမှု အတူတူဖြစ်သွားပါတယ်။အမှန်ဖြစ်နေရသားနဲ့ မလည်ဝယ်လို့ဒုက္ခ ရောက် ဘဝ ပျက်ရသူတွေဒုနဲ့ဒေးပါ။ ဘာတစ်ခုမှအထောက်အထားမရှိရင်တော့ရှင်းပါတယ်။
ရဲစခန်းရောက်တာနဲ့အချုပ်ထဲဝင်ပေတော့။ အချုပ်ထဲမှာတစ်ပတ်နှစ်ပတ်နေပြီးရင်တော့တရားရုံးမှာ စစ်ဆေး ပြီး အမိန့်ချ တယ်။အမှုအကြီးအသေး၊ တရားရုံး ကိုလိုက်ပြီးတယောက်နဲ့တယောက်ထောင်ကျတာ ၊ကြိမ်ဒဏ်ချတာမတူပါဘူး။ ပြီးရင် ထောင်ကျတဲ့သူတွေကို သွားရမယ့်ထောင်ကိုပို့ ပါတယ်။ ထောင်ကျရက်စေ့တဲ့နေ့ထိထောင်ထဲမှာနေပြီးလွတ်ခါနီးမှကန့်ကိုပြောင်းနေ (ကန့်ကတော့ထောင်ကလွှတ်ပြီး နယ်စပ်ကို ပို့မယ့်သူတွေစုထားတဲ့နေရာ)၊ရပါတယ်။ ထိုင်းနယ်စပ် ကိုသွားပို့မယ့်ကားတစီးပြည့်ပြီဆိုရင်လွတ်ရက်စေ့တဲ့သူတွေကိုတင်ပြီးမလေးရှားနဲ့ ထိုင်းနယ်စပ်မှာရှိတဲ့ တရားမဝင် နိုင်ငံခြားသားအလုပ်သမားတွေစွန့်ပစ်တဲ့နေရာကိုပို့လိုက်ပါတယ်။

စွန့်ပစ်တဲ့နေရာရောက်ပြီဆိုရင်တော့ကဲ့မင်းတို့လွတ်ပြီးမြန်မာပြည်ပြန်တော့ဆို လွှတ်ပေးတယ် မထင်ပါနဲ့။ ဒီဘက်ကခေါ်သွားတဲ့အာဏာပိုင်အဖွဲ့စည်းကပုဂ္ဂိုလ်တွေက ထိုင်းဖက်ကထိုင်းရဲတွေလက်ထဲရောင်းလိုက်တယ်။
ထိုင်းရဲတွေ ရှိမနေရင်လည်း နယ်စပ်မှာ ကျင်လည်ကျက်စားနေတဲ့ပွဲစားခေါ်လူ မောင်ခို ပို့လူတွေက စောင့်ဝယ်ပါတယ်။ထိုင်ရဲက လက်ခံယူထားရင် လည်း အဲဒီ ပွဲစားတွေကိုပဲ ပြန်ရောင်းစားတာပါပဲ။

ပွဲစားလက်ထဲရောက်တာနဲ့ တောတွင်းတနေရာမှာ လူစုထားတယ် ။မြန်မာပြည် ပြန်မယ်လူ နဲ့ မလေးရှားပြန် တက်မယ့် လူ တွေကိုခွဲလိုက်ပါတယ်။နောက် ဖုန်းပေးဆက်ပြီးတော့ကိုယ့် အိမ်(သို့)ကိုယ့်ကို ကူညီမယ့်သူကို ပိုက်ဆံတောင်းခိုင်းပါတယ်။ပိုက်ဆံ ကို ဘယ်ကိုလွှဲပေးရမယ်ဆိုတာ ကိုလည်းတခါတည်း ပြောခိုင်းပါတယ်။
သူတို့ တောင်းတဲ့ပိုက်ဆံ ရပြီဆိုရင်တော့ ကိုယ့် လိုရာ သွားချင်ရာ ခရီး ကို တဆင့်ပြီးတဆင့် ပို့ပေးပါတယ်။ဖုန်း ဆက်လို့လည်း မရဘူး နောက်ထပ် ပေးဆက်ပါတယ် ။အဆက်အသွယ်ရတဲ့ အထိဆိုပါတော့။

အဲ အဆက်အသွယ်လည်း မရဘူး ကူညီမယ့်သူ လည်းမရှိဘူးဆိုရင်တော့ တပတ်နှစ်ပတ် စောင့်ကြည့်တယ်။လုံးဝ ကူညီသူ မရှိတောရင်းတော့ ထိုင်း ငါးဖမ်းစက်လှေတွေကို ရောင်းစားတော့တာပါပဲ။

(နောက် အချိန်ရမယ်ဆိုရင် ငါးဖမ်းစက်လှေရောက်ရတဲ့အနာဂတ်မဲ့သူတွေ အကြောင်းပို့စ် တခုရေးပါမယ်)။
အဲ ဒီနယ်စပ်မှာ သူတို့စကားနားမထောင်လို့ဘဲဖြစ်ဖြစ်(နားမလည်တာ) ၊စက်လှေရောင်းလို့ မရတဲ့လူ(အလုပ်ကြမ်းမလုပ်နိုင်ဘူးထင်သူ)၊ ထွက်ပြေးဖို့ ကြိုးစားတဲ့သူ၊ ကြောင်တောင်တောင် အူကြောင်ကြောင်လုပ်နေရင်တော့ တခါတည်း တောင်ခါးပန်းခေါ်သွားပြီး သေနတ်နဲ့ ပစ် ကိစ္စတုံးပြစ်လိုက်တာပါပဲ။ဒါကြောင့်မလေးရှားကို လာပြီးအလုပ်လုပ်ရင်း ပျောက်ဆုံးသွားတဲ့သူ..အဆက်အသွယ် မရတဲ့သူတွေ ရှိနေကြပါတယ်။

နောက်တခု တချို့ကတော့ဒုက္ခ သည်လျှောက်ပြီး တတိယနိုင်ငံ ကိုသွားကြပါတယ်။တချို့ကြတော့ အိမ်ထောင်တွေ့ကျ သားသမီးတွေရနေကြပါတယ်။ဒါကြောင့် အဆက်အသွယ်မလုပ်ကြတော့ပါဘူး။ နယ်စပ်မှာ ကျင်လည်ကျက်စားနေသူတွေ အားလုံးဟာ လက်နက် ကိုယ်စီ ကိုင်ဆောင်ကြပါတယ်။
ထိုင်းရဲ တို့ မလေးရဲတို့ ကလည်း သိပေမယ့် မသိချင်ဟန် စောင်နေကြတာပါ။

အပိုင်း(၂) ဆက်ရေးပါမယ်။
စောင့်ဖတ်ပေးပါ ခင်ဗျာ။ကျေးဇူးတင်ပါတယ်။



2 ယောက်ရဲ့ထင်မြင်ချက်:

Anonymous said...

စိတ်ညစ်စရာတွေ ဖတ်သွားတယ်ဗျာ ကျနော်တို့
တွေ ဒီဘ၀ကဘယ်တော့များမှ ကျွတ်ပါ့မလဲမသိဘူးနော်

20/1/09 6:50 AM
တက်လူငယ် said...

စာတွေကောင်းတယ်။ နောက်ထပ် ဖတ်ရဖို့ ဆက်မျှော်နေဦးမယ်။

27/1/09 11:06 AM