5/15/2012

အစိုးရ ငြိမ်းချမ်းရေးအဖွဲ့များတွင် သမ္မတနှင့် ဒုသမ္မတ ဦးဆောင်မည်


ဖနိဒါ | တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန်အတွက် သမ္မတ ဦးသိန်းစိန်နှင့် ဒုသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းတို့ ဦးဆောင်၍ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့များ ဖွဲ့စည်းလိုက်ကြောင်း ငြိမ်းချမ်းရေး အကျိုးဆောင်များထံမှ သိရသည်။

သမ္မတ ဦးသိန်းစိန်က ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီအဖွဲ့တွင် ဥက္ကဋ္ဌ အဖြစ် တာဝန်ယူကာ
ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီတွင် ဒေါက်တာ စိုင်းမောက်ခမ်းက ဥက္ကဋ္ဌအဖြစ် တာဝန်ယူမည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်ဟု ငြိမ်းချမ်းရေး အကျိုးဆောင်များထံမှ သိရသည်။

“စာထုတ်ပြန်ထားပြီးပြီ။ နှစ်ခုစလုံး မေလ ၃ ရက်နေ့မှာ ထုတ်ထားတယ်” ဟု ကချင်လွတ်လပ်ရေးအဖွဲ့ KIO နှင့် အစိုးရအကြား အကျိုးဆောင်ပေးနေသူ ဦးဆန်အောင်က ပြောသည်။



တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန်အတွက် သမ္မတ ဦးသိန်းစိန်နှင့် ဒုသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းတို့ ဦးဆောင်၍ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့များ ဖွဲ့စည်း (ဓါတ်ပုံ မဇ္ဈိမ)

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီ အဖွဲ့ဝင် ၁၂ ဦးတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ ပြည်ထဲရေးဝန်ကြီး၊ ဒုတိယဝန်ကြီး၊ သမ္မတရုံးမှ ညွန်ကြားရေးမှူးချုပ် ဦးမင်းဇော် စသူတို့ ပါဝင်ကြောင်း သိရသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီတွင် ပြည်နယ်နှင့်တိုင်း ဝန်ကြီးချုပ်များ၊ စစ်ဌာနချုပ် တိုင်းမှူးများ အပါအဝင် စုစုပေါင်း ၅၂ ဦးဖြင့် ဖွဲ့စည်းထားကြောင်း သိရသည်။

“တိုင်းနဲ့ ပြည်နယ် ဝန်ကြီးချုပ်တွေ ပါတယ်။ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်က တိုင်းမှူးတွေ ပါတယ်” ဟု ဦးဆန်အောင် က မဇ္ဈိမကို ပြောသည်။

သို့သော် ယခင် ငြိမ်းချမ်းရေးအဖွဲ့တွင် ပါဝင်ဦးဆောင်သော တောင်သာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းမှာ အဖွဲ့သစ်တွင် မပါဝင်တော့ကြောင့် ဦးအောင်သောင်း ကိုယ်တိုင် ပြောဆိုခဲ့ပြီး ဖြစ်သည်။

ယခင် ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့အနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၁ ဖွဲ့နှင့် အပစ်အခတ် ရပ်ဆိုင်းရေး သဘောတူညီမှု ရရှိထားသော်လည်း KIO နှင့်မူ သဘောတူညီမှု မရသေးပေ။

ဦးအောင်သောင်း ဦးဆောင်သည့် ၁၁ ဦးပါ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့တွင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခက်ထိန်နန်က အဖွဲ့သစ်တွင်း မပါဝင်တော့ဘူးဟု ယူဆကြောင်း မဇ္စျိမကို ပြောသည်။

“သမ္မတတွေ၊ ဝန်ကြီးချုပ်တွေ၊ ပြည်ထောင်စု ဝန်ကြီးတွေ တော်တော်များများ ပါလာမယ်။ ဒီတခါ ကျနော် ပါမပါတော့ မသိဘူး။ ခုထိ အကြောင်းမကြားလာဘူးဆိုတော့ ပြောင်းလိုက်ပြီ ထင်တယ်”ဟု သူက ဆက်ပြောသည်။

ပန်ဝါမြို့နယ်ခွဲ ဒေသတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့သဖြင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဇခုန်တိန်ယိမ်းသည် ယခု ငြိမ်းချမ်းရေးအဖွဲ့သစ်တွင် ပါဝင်လာနိုင်မည်ဟု ယူဆကြောင်း သူက မဇ္စျိမကို ပြောသည်။

တနင်္လာနေ့တွင် ချင်းအမျိုးသားတပ်ဦး CNF မှ တွဲဘက် အထွေထွေ အတွင်းရေးမှူးချုပ် ဆလိုင်းရွှေခါး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးအဖွဲ့ ခေါင်းဆောင် ဦးအောင်မင်း ဦးဆောင်သော အဖွဲ့တို့ ဟားခါးမြို့တွင် ဒုတိယအကြိမ် တွေ့ဆုံပြီးနောက် အပစ်အခတ် ရပ်စဲရေး အပါအဝင် အချက် ၁၆ ချက်ကို သဘောတူ လက်မှတ် ရေးထိုးခဲ့ကြသည်။

နယ်မြေသတ်မှတ်ရေး၊ ဆက်ဆံရေးရုံးများ တည်ဆောက် အတည်ပြုခြင်း၊ နိုင်ငံခြားသား ခံယူထားသည့် ချင်းအမျိုးသားများ မြန်မာပြည်သို့ ပြန်လာရေး၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ဖွံ့ဖြိုးရေး လုပ်ကိုင်ခြင်း စသည့် အချက်များအပါအဝင် အချက် ၁၆ ချက်ကို ဟားခါးမြို့ ပြည်နယ်ရိပ်သာတွင် နှစ်ဘက်သဘောတူ လက်မှတ်ရေးထိုး ခဲ့သည်ဟု ငြိမ်းချမ်းရေး အကျိုးဆောင် ဦးလှမောင်ရွှေက မဇ္စျိမကို ပြောသည်။

သမ္မတ ဦးသိန်းစိန်က ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရန်အတွက် လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့များနှင့် ပြီးခဲ့သည့် ၂ဝ၁၁ ခုနှစ် စက်တင်ဘာလက စတင်၍ တဖွဲ့ချင်း သီးခြားစီ လိုက်လံ တွေ့ဆုံခဲ့ရာ CNF အဖွဲ့ အပြင် ဝ အဖွဲ့၊ KNU၊ SSA-N၊ SSA-S၊ MNSP၊ DKBA၊ KNPP တို့နှင့် အပစ်အခတ် ရပ်စဲရေး သဘောတူ လက်မှတ်
ရေးထားခဲ့ပြီး ဖြစ်သည်။

source by :မဇ္စျိမ

0 ယောက်ရဲ့ထင်မြင်ချက်: