1/08/2012

မလေးငယ် ဆိုသော မလေးရှားရောက် အမျိုးသမီးငယ် တစ်ဦးမှ အိတ်ဖွင့်ပေးစာ..။

မလေးငယ် ဆိုသော မလေးရှားရောက် အမျိုးသမီးငယ် တစ်ဦးမှ အိတ်ဖွင့်ပေးစာ..။
(ကြည်ဝါထွန်း)

အစ်ကိုတို့ရေ အစ်ကိုတို့ကို ညီမအနေနဲ့ ဆက်သွယ် ပြောချင်တာလေး နည်းနည်း ရှိပေမဲ့ ဘယ်လို ဆက်သွယ်ရမှန်း မသိလို့ အင်တာနက် ပေါ်ကပဲ အိတ်ဖွင့် ပေးစာ အနေနဲ့ ပို့လိုက်ပါတယ်ရှင်။ ပြောချင်တာတွေ များတော့ စာက နည်းနည်း ရှည်သွားလို့ သည်းခံပြီး အဆုံးထိ ဖတ်ပေး စေချင်ပါတယ်နော်။ ညီမက ပီနန်မှာ အလုပ်လုပ်နေတဲ့ မြန်မာ မိန်းကလေး တစ်ယောက်ပါ။ အစ်ကိုတို့ အကြောင်းကို ညီမ စသိတာတော့ နည်းနည်း ကြာပါပြီ။ ညီမ သူငယ်ချင်း တစ်ယောက်က ညီမကို ပြောပြလို့ပါ။ သူပြောပြတာကတော့ မလေးရှားမှာ တခြား နိုင်ငံသား တွေနဲ့ တွဲပြီး အခြေအနေ ဆိုးနေတဲ့ မိန်းကလေးတွေ မရှိရအောင် ရည်ရွယ်ချက် တူတဲ့ လူတွေ စုပြီး အဖွဲ့ဖွဲ့ပြီး လုပ်ဆောင် မယ်တဲ့။ သူ ပြောတာ ကြားတော့ ညီမလေး ဝမ်းသာ လိုက်တာ။ သူ့ကိုတောင် ပြောလိုက် သေးတယ်။ ဖြစ်သင့်တာ ကြာပြီလို့။ ဟုတ်ပါတယ်။ မလေးရှားမှာ မြန်မာ မိန်းကလေးတချို့ဟာ တခြား နိုင်ငံသားတွေနဲ့ အပျော် သဘောတွဲပြီး အခြေအနေ ဆိုးနေတာ ကြာပါပြီ။

ညီမ မလေးရှားကို စရောက်တည်းက မြန်မာ မိန်းကလေး တွေနဲ့ ပတ်သက်ပြီး အဆို နှစ်ခု ကြားရပါတယ်။ တစ်ခု ကတော့ ဖုန်းတစ်လုံး ဝယ်ပေးရင် မြန်မာ မိန်းကလေး တစ်ယောက် ရပြီတဲ့။ နောက် တစ်ခုကတော့ မြန်မာ ယောင်္ကျားလေး တွေက ပြောတာပါ။ မြန်မာနိုင်ငံ ပြန်ရောက်လို့ မိန်းမ ယူမယ် ကြံရင် မလေးရှားကို ရောက်ဖူးတဲ့ မိန်းမ ဆိုရင်တော့ ဝေးဝေး ရှောင်မယ်တဲ့။ ညီမလေ အဲ့စကားတွေ ကြားရတော့ တော်တော် စိတ်မကောင်းပါဘူး။

အစ်ကိုတို့ သတင်းကို အဲ့ဒီနေ့မှာ ကြားလိုက် ရတော့ ညီမ တော်တော် ပျော်မိတယ်။ ညီမ ကိုယ်တိုင်လဲ အပြင်တွေ ဘာတွေ သွားရင် မြန်မာ မိန်းကလေးတွေ လူမျိုးခြား ယောက်ျားလေး တွေနဲ့ တွဲနေတာ မြင်ရင် မချိအောင် နာမိသူပါ။ ဒါတောင် ညီမက အပြင်ကို သိပ်မထွက်ပါဘူး။ မထွက်မဖြစ် လကုန် အိမ်ကို ပိုက်ဆံပို့တဲ့ အချိန်ရယ် ချက်ဖို့ ပြုတ်ဖို့ ဈေးမသွား မဖြစ် ကိုယ်တိုင် သွားရမယ့် အချိန်ရယ်။ ဒီ နှစ်ချိန်လောက်ပဲ အပြင် ထွက်တာပါ။ ဒါတောင် ညီမ ထွက်တိုင်း မိန်းကလေး တွေကို တခြား လူမျိုးတွေနဲ့ တွဲပြီး မကြာမကြာမြင်နေရပါတယ်။ အဲ့တော့ အစ်ကိုတို့ သတင်းလေး ကြားတော့ ညီမ အရမ်း ဝမ်းသာတယ်။ အစ်ကိုတို့ သူတို့ကို ဘယ်လို ကူညီမလဲ။ ဘယ်လို လုပ်ဆောင်မလဲ။

ညီမ အမြဲ နားစွင့် နေပါတယ်။ ဒါပေမဲ့ ညီမ ကိုယ်တိုင်ကလဲ အပြင် သိပ်မထွက် လို့လားတော့ မသိ။ အစ်ကိုတို့ အဖွဲ့ရဲ့ သတင်းကို မျက်ခြေ ပျက်သွားခဲ့တာ ကြာရောပေါ့။ ဟိုရက်ပိုင်း ကလေးကမှ အစ်ကိုတို့ အင်တာနက် ပေါ်ကို တင်လိုက်တဲ့ ဗီဒီယိုလေးကြောင့် အစ်ကိုတို့ လုပ်ဆောင် နေတာတွေကို ညီမ သေချာ သိခဲ့ရပါတယ်။

ဒီနေရာမှာ အစ်ကိုတို့ကို ရှင်းပြချင် တာလေး နှစ်ခု ရှိပါတယ် အစ်ကိုရေ။ ပထမ ရှင်းပြချင်တာ ကတော့ မလေးရှားက မြန်မာ မိန်းကလေးတိုင်း မပျက်စီးပါဘူး ဆိုတဲ့ အချက်ပါပဲ။ အစ်ကို တို့ရေ ညီမ ဖတ်မိဖူးတာလေး တစ်ခု ရှိပါတယ်။ မန္တလေးမြို့က မစိုးရိမ် ကျောင်းတိုက်ကြီးကို လှူခဲ့တဲ့ဒါယိကာ အကြောင်းပါ။ တစ်နေ့ အဲ့ဒီ ဒါယိကာ အိမ်ကို သူ့မိတ်ဆွေ တစ်ယောက်က ရောက်လာပြီး “ဟေ့ကောင် မင်းကတော့ မစားရက် မသောက်ရက်နဲ့ စုပြီး ကျောင်းတိုက်ကြီး လှူထားတာကွာ။ အခုပဲ မင်းလှူထားတဲ့ ကျောင်းကို ငါရောက်ခဲ့တော့ ဘုန်းကြီးတွေ သင်္ကန်း ခါးတောင်း ကျိုက်ပြီး ခြင်းခတ် နေတယ်။ ဘယ်မြင်လို့မှ မကောင်းကွာ” ဆိုပြီး လာပြောသတဲ့။ အဲ့ဒါနဲ့ အဲ့ဒီ ဒါကာ ကလည်း “ဟုတ်လား လာ ကျောင်းသွား ရအောင်ကွာ” ဆိုပြီး သူ့ သူငယ်ချင်းနဲ့ အတူ နှစ်ယောက် ကျောင်းကို သွားကြသတဲ့။ ကျောင်း ရောက်တော့ သူ့သူငယ်ချင်း ပြောတဲ့ အတိုင်းပေါ့လေ။ ကျောင်းဝင်း ထဲမှာ ဘုန်းကြီးတွေ ခြင်းခတ် နေတာကို တွေ့သတဲ့။ အဲ့ဒါနဲ့ပဲ ဒါယိကာလည်း သူ့သူငယ်ချင်းကို “လာ ကျောင်းတိုက်ပေါ် ခဏတက်ဦး” ဆိုပြီး ကျောင်းပေါ် ခေါ်သွားတယ်။ ကျောင်းပေါ် ရောက်တော့ ကျောင်းပေါ်မှာ စာအံတဲ့ ကိုရင်တွေ စာသင်တဲ့ ဘုန်းတော်ကြီးတွေ တရား ထိုင်နေတဲ့ ဘုန်းတော်ကြီးတွေ အစ ရှိသဖြင့်ပေါ့။ ဘုန်းကြီးတွေ ကိုရင်တွေကို တွေ့သတဲ့။ အဲ့ဒီ အခါ ဒါယိကာက သူ့သူငယ်ချင်းဖက်ကို လှည့်ပြီး “ ခြင်းခတ်နေတဲ့ဘုန်းကြီး ဘယ်နှစ်ပါးရှိသလဲလို့” မေးလိုက်ပါတယ်။ သူ့သူငယ်ချင်း ကလဲ “ မင်းမတွေ့ဘူးလား ဘုန်းကြီး ငါးပါး ခြင်းခတ်နေတာ။” ဒါယိကာက ထပ်ပြီးတော့ “ဟော့ဒီ ကျောင်းပေါ်မှာ စာအံ စာချနေတဲ့ ဘုန်းကြီးတွေ ကိုရင်တွေ ဘယ်နှစ်ပါး ရှိမယ် ထင်သလဲ ” လို့ ထပ်မေး လိုက်ပါတယ်။ သူ့သူငယ်ချင်းလဲ “ဟာ ဒါကတော့ အများကြီးပဲပေါ့။” အဲ့ဒီ အခါ ဒါယိကာက “ အေး ဟုတ်တယ် မင်းအပြင်မှာ ခြင်းခတ် နေတာကိုပဲ မြင်တာ ကိုးကွ။ အထဲလည်း ဝင်ကြည့်ပါဦး” လို့ပြောသတဲ့။ အစ်ကိုတို့ရေ အဲ့လိုပါပဲ။ မလေးရှားမှာ အစ်ကိုတို့တွေ အပြင်မှာ တွေ့နေရတဲ့ မိန်းကလေးတွေရဲ့ အရိပ်အကဲကို ကြည့်ပြီးတော့ မလေးရှားက မြန်မာမတွေ မကောင်းဘူး။ ယောက်ျားတွေနဲ့ ပလူး နေလိုက်တာ။ မြင်လို့မှ မကောင်း။ -ါလုံးလုံး ဖြစ်နေပြီလို့ ဝါးလုံးရှည်ကြီးနဲ့ သိမ်းမရမ်းကြပါနဲ့။ စက်ရုံတွေ အလုပ်ရုံတွေထဲမှာ ရိုးရိုးသားသား နေပြီး ကြိုးကြိုး စားစားနဲ့ မိဘတွေကို လုပ်ကျွေး နေကြတဲ့ မိန်းမကောင်းလေးတွေ တစ်ပုံကြီး ရှိပါတယ်။

ဒုတိယ ရှင်းပြချင်တာ ကတော့ မလေးရှားကိုရောက်နေတဲ့ မြန်မာ မိန်းကလေး တော်တော်များများရဲ့ ဘဝပေး အခြေအနေပါ။ မလေးရှားကို လာပြီး အလုပ်လုပ်နေတဲ့ မြန်မာ မိန်းကလေးတော်တော် များများဟာ မြန်မာ နိုင်ငံရဲ့ အခြေခံ လူတန်းစား တစ်နေ့လုပ် တစ်နေ့စား အသိုင်းအဝိုင်းတွေက လာတာ များပါတယ်။ မြန်မာနိုင်ငံမှာ ပိုက်ဆံ အလယ် အလတ် အဆင့်ရှိတဲ့ လူတွေတောင် မလေးရှားကို မလာပါဘူး။ သူတို့တွေ နိုင်ငံခြားကို ထွက်ရင် စင်္ကာပူလောက်ကို အနိမ့်ဆုံး ထွက်တတ် ပါတယ်။ ပြီးတော့ မလေးရှားကို လာတဲ့ မိန်းကလေး တွေရဲ့ ရှစ်ဆယ် ရာခိုင်နှုန်းလောက်ဟာ ပိုက်ဆံ ချေးပြီးလာတာ များပါတယ်။ အဲ့ဒီလိုပဲ လာတဲ့ မိန်းကလေးတွေရဲ့ငါးဆယ် ရာခိုင်နှုန်းလောက်ဟာ လက်မထပ် ရသေးတဲ့ မိဘ အုပ်ထိန်းမှု အောက်မှာ ရှိနေသေးတဲ့ မိန်းမပျိုလေးတွေ များပါတယ်။ လာတဲ့ အချိန်မှာတော့ မျှော်လင့်ချက်တွေ တစ်နင့် တစ်ပိုးကြီးနဲ့ပေါ့။ ပွဲစားတွေရဲ့ မစားရ ဝမခန်း ပြောလုံးတွေကြောင့်လည်း ပါတာပေါ့လေ။ အဲ တကယ် ရောက်ပြီဆိုတဲ့ အချိန်မှာတော့ ………………….။

မလေးရှားမှာ အလုပ်လုပ်တဲ့ မြန်မာ မိန်းကလေး တော်တော် များများရဲ့ အခြေခံ လစာကို တွက်ရင် မလေးငွေ ရင်းဂစ် ၇၅၀ ပေါ့။ တချို့တွေဆို တစ်နေ့ကို ရင်းဂစ် ၂၀ ကျော် လောက်နဲ့ တစ်လမှ ၆၀၀ ကျော်လောက်ပဲ ရကြပါတယ်။ အမျိုးမျိုးပေါ့လေ။ ဒါပေမဲ့ ပျမ်းမျှ တွက်လိုက်မယ် ၇၅၀ ပဲထား။ (တစ်ထောင်ကျော် ထွက်နေတဲ့ လူတွေလည်း ရှိပါတယ်။ ဒါက ရောက်ပြီး သုံးနှစ်လောက်ကြာ လုပ်ငန်း အတွေ့အကြုံရှိ စကားပြောလေး တက်လာတဲ့ အချိန်မှပါ။ ) ရောက်စ ၂လ လောက်မှာ ဘယ်လိုမှ ပိုက်ဆံ မပို့နိုင်ပါဘူး။ ဒီမှာ စားဖို့ အိုးလေးခွက်လေးတွေ လိုတဲ့ ပစ္စည်းလေးတွေ ဝယ်ရတာကို။ ကဲ ပိုက်ဆံပို့ပြီ ဆိုတော့ ။ ရတဲ့ လခက ၇၅၀။ ထမင်းဖိုးက ၁၅၀ ထား။ အိမ်ကို ဖုန်းဆက်ဖို့နဲ့ ဆပ်ပြာ သွားတိုက်တံ တခြား ဝယ်စရာ တိုလီ မှုတ်စလေးတွေက ၁၀၀ ပဲ ထားဦး။ ဒါအနည်းဆုံးနှုန်းကို တွက်ပြ နေတာပါနော်။ အဲ့ဒီမှာတင် ၂၅၀ ကုန်ပြီ။ အိမ် အတွက် ၅၀၀ ပေါ့။ ငွေဈေးက ၂၅၀ ဈေး။ အဲ့တော့ အိမ်ကို ပို့တဲ့ ပိုက်ဆံက တစ်လကို မြန်မာငွေ ၁၂၅၀၀၀။

အဲ့ဒီမှာ အရေးကြီးတာက နောက်မှာ ကျန်ခဲ့တဲ့ မြန်မာနိုင်ငံက လူတွေရဲ့ အခြေအနေပဲ။ ချေးထားတဲ့ ပိုက်ဆံကလည်း အတိုးက တက်နေ။ ဒါလေးကို ကျေဖို့ အမြန် ဆပ်နေတဲ့ အချိန်မှာ အိမ်က လူတွေက တစ်ခြား ပိုက်ဆံ ဝင်ငွေ ရှိရဲ့လား။ကိုယ့် တစ်ယောက်တည်း ဆီကပဲ မျှော်ကိုး နေရတဲ့လူတွေလား။ အဲ့ဒီ အခြေအနေတွေပေါ် မူတည်ပြီး မိန်းကလေးတွေ ခမျာ အဆင်ပြေသလို လှုပ်ရှား နေရတာတွေ ညီမ တွေ့နေရတယ်။ ညီမလေ သူတို့ကို အရမ်း သနားပါတယ်။ သူတို့ လုပ်ချင်လို့ လုပ်နေကြတာ မဟုတ်ပါဘူး။ တခါတလေ ကျရင် ဘယ်လိုမှ လွန်ဆန်လို့မရတဲ့ ဘဝတွေ ရှိတတ်ကြတယ် အစ်ကိုရေ။ မလုပ်ချင်ပေမဲ့လည်း မဖြစ်ချင် ပေမဲ့လည်း ကိုယ့်မိဘအတွက် ကိုယ့်ညီအစ်ကို မောင်နှမတွေ အတွက် …………………..။

အစ်ကိုတို့ရေ တော်တော် များများက ပြောပါတယ် မြန်မာ နိုင်ငံမှာ ထမင်းငတ်လို့ သေတဲ့မသာ မရှိဘူးတဲ့။ ဟုတ်ပါတယ် ထောက်ခံပါတယ်။ ဒါပေမဲ့ ဆင်းရဲလို့ ဆေးကုဖို့ ပိုက်ဆံ ငါးသောင်းလောက် မရှိလို့ သေတဲ့ မသာတွေ ရှိပါတယ် အစ်ကိုတို့ရေ။ ပိုက်ဆံ ငါးသောင်းဆိုတော့ မလေးငွေ ၂၀၀ ပေါ့နော်။ အစ်ကိုတို့ရေ အစ်ကိုတို့ အင်တာနက်ပေါ်မှာ တင်ထားတဲ့ အခွေမှာ မိန်းကလေးကို အစ်ကိုတို့ ပြောဆို ဆုံးမနေတဲ့ စကားတွေ ညီမ ကြားခဲ့ရပါတယ်။ အဲ့ဒီ အထဲမှာ တစ်ခုက နင်တို့ ရုပ်ရည်လေးနဲ့ဆို မြန်မာ နိုင်ငံမှာ လင်ကောင်းကောင်း ရှာယူလို့ ရပါတယ်တဲ့။ ဟုတ်ပါတယ် အစ်ကိုရေ။ မိန်းကလေးတွေ အတွက်က ယောက်ျား ကောင်းကောင်း တစ်ယောက်ရှာယူ လိုက်ရင် သူ့အတွက် ပူစရာ မလိုပါဘူး။ ယောက်ျားက ရှာကျွေးမှာ ပေါ့နော့။ ဒါပေမဲ့ အဲ့ဒီ ယောက်ျားက သူ့မိန်းမကိုပဲ ရှာကျွေးမှာလေ။ သူ့မိန်းမ နောက်က မိဘတွေကိုတော့ ရှာကျွေးဖို့ သထာမယ် မထင်ပါဘူး အစ်ကိုတို့ရေ။ ဒါကညီမ ပြောပြချင်တဲ့ မလေးရှားက မိန်းကလေး တော်တော် များများရဲ့ ဘဝပေး အခြေအနေပါ။ အစ်ကို တို့ရေ သိတတ် နားလည်တဲ့ လူကြီး မပြောနဲ့ ငယ်ရွယ်စဉ် ကလေး ဘဝမှာတောင် မိဘတွေက သားလေးကြီး လာရင် လူကောင်း လုပ်မှာလား လူဆိုး လုပ်မှာလား ဆိုရင် လူကောင်း လုပ်မယ်လို့ ဖြေခဲ့ကြ လူကောင်း လုပ်ချင်ခဲ့ကြတာချည်းပါပဲ။ တခါတရံမှာ ရှင်းပြလို့ မရနိုင်တဲ့ အခြေအနေတွေကြောင့် လူတော်တော် များများဟာ လူဆိုးတွေ ဖြစ်ကြ ရတယ်။ အစ်ကို တို့ရေ အစ်ကို တို့ရော ဘဝမှာ မလုပ်ချင်ပေမဲ့ မတတ်သာလို့ မဖြစ်သာလို့ ကြိတ်မှိတ် လုပ်နေရတဲ့ အဖြစ်မျိုးတွေ မကြုံခဲ့ဖူးဘူးလားဟင်။ မကြုံခဲ့ဖူး ဆိုရင်တော့ အစ်ကို တို့ဟာ တော်တော် ကံကောင်းတဲ့ လူတွေပါပဲ။ ညီမတောင် အခု ဖြစ်နိုင်ရင် မလေးရှားမှာ အလုပ် မလုပ်ချင်ပါဘူး။ မြန်မာပြည် ပြန်ပြီး ကိုယ့်မိဘတွေနဲ့ပဲ ပျော်ပျော် ရွှင်ရွှင် လွတ်လွတ် လပ်လပ် နေချင်ပါတယ် အစ်ကိုတို့ရေ။ မလေးရှားမှာ အလုပ် လုပ်ရတာ အနည်းနဲ့ အများ အခက်အခဲတွေ ရှိနေတာ ဖိနှိပ်မှုတွေ ရှိနေတာကို အစ်ကိုတို့လဲ မလေးရှားမှာ နေနေတဲ့ လူတွေပဲ ဆိုတော့ သိမှာပါ အစ်ကိုရေ။ ဒါတောင် ညီမက တချို့သော မိန်းကလေး တွေလို မိသားစုမှာ တစ်ဦးတည်း ပိုက်ဆံရှာသူမဟုတ်ခဲ့ပါဘူး အစ်ကိုရေ။ မြန်မာ ပြည်ကနေ မလေးရှားကို လာဖို့ ပြင်ရတည်းက သတင်းတွေ ကလည်း ကြားနေတော့ ငါ ကံဆိုး လိုက်တာ မသွားချင် ပေမယ့်လည်း သွားရဦးမယ် ငါ တော်တော် ကံဆိုးတာပဲလို့ ထင်နေခဲ့ သမျှ ဒီက တချို့သော မြန်မာ မိန်းကလေး တွေရဲ့ ဘဝကို အသိမှာ ငါ တော်တော် ကံကောင်း သေးတာပဲလို့ ကိုယ့်ကိုယ်ကို အားပေး မိပါတယ်။ အခုချိန်ထိလည်း ညီမက ပိုက်ဆံကို ရိုးရိုး သားသား နည်းနဲ့ပဲ ကိုယ့်လုပ်အားနဲ့ ကိုယ် ရှာဖွေ နေနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အစ်ကိုတို့က ပျက်စီးနေပါတယ် ဆိုတဲ့ မြန်မာ မိန်းကလေးတွေရဲ့ဘဝကိုလည်း ညီမ စာနာနားလည်ပေး နိုင်ပါတယ်။ နင်တို့တွေကြောင့် ငါတို့တွေပါ ရောပြီး နာမည်ပျက်နေရတာလို့ လက်ညိုး မထိုးရက်ခဲ့ပါဘူး။ သူတို့နေရာမှာ ငါသာဆိုရင်ရောဆိုတဲ့ အတွေးနဲ့တင် ညီမအပြစ်တင်ဖို့ မဝံ့ရဲခဲ့ပါဘူး။ အစ်ကိုတို့ရေ အစ်ကိုတို့ရဲ့ မွန်မြတ်တဲ့ စိတ်ဓါတ်နဲ့ ရည်ရွယ်ချက်ကို ညီမ လေးစားမိပါတယ်။ ဒါပေမဲ့ အစ်ကိုတို့ရေ လုပ်ရပ်တွေက မှားနေလားလို့။ အစ်ကိုတို့တင်ထားတဲ့ အခွေထဲက မိန်းကလေးတွေရော ဘယ်လိုဖြစ်သွားလဲဟင်။ သူတို့တွေရှက်ပြီး မြန်မာပြည် ပြန်ကုန်ကြပြီလား။ ဒါဆိုရင် တော်သေးတာပေါ့။ မဟုတ်ဘဲနဲ့ ပေါက်တဲ့ နဖူး မထူးပါဘူး အခု ဆိုရင် ငါတို့အကြောင်းတွေ အကုန်သိကုန်ပြီဆိုပြီး အဲ့ဒီ နီပေါတွေဆီ အပြီးလိုက်သွားတာမျိုး ဘဝကို ဖြစ်သလို ရေစုန်မျှော လိုက်တာမျိုး ဒါမှ မဟုတ် ရှက်ပြီး ကိုယ့်ကိုယ်ကို အဆုံး စီရင် သွားတာမျိုး ဆိုရင်တော့ ……………………..။

အစ်ကိုတို့ရေ မလုပ်ကြပါနဲ့။ သနားပါတယ်။ ဝဋ်ဆိုတာ လည်တက်တယ်လေ။ တစ်ချိန်မှာ အစ်ကိုတို့မှာ သမီးလေးများ ရလာခဲ့လို့ အဲ့လိုများ ဖြစ်သွားကြရင်…………… ။ အစ်ကိုတို့ရေ စိတ်မဆိုးဘူး ဆိုရင် မေးခွန်း တစ်ခုလောက် မေးချင်ပါတယ်။ အစ်ကိုတို့ ညီမ အရင်းလေးတွေ ဆိုရင်ရော အဲ့လို လုပ်မှာပဲလားဟင်။ အစ်ကိုတို့က ဖြေရင်ဖြေလိမ့်မယ်။ ညီမ အရင်း ဆိုရင်လည်း ရိုက်နှက် ဆုံးမသင့်ရင် ဆုံးမရမှာပဲ။ ဒါမှ မဟုတ် ငါ့ညီမသာဆို အစောထဲက ငါ ကိုယ်တိုင်သတ် ပစ်လိုက်ပြီ အစ ရှိသဖြင့်ပေါ့။ ညီမ သိချင်တာက အဲ့ဒါတွေ မဟုတ်ပါဘူး။ အစ်ကိုတို့ ညီမ အရင်းလေးတွေ ဆိုရင်ရော အဲ့လို ဖြစ်ခဲ့လို့ ရိုက်နှက် ဆုံးမမယ် ဆိုရင် အဲ့လိုပဲ တစိမ်း ယောက်ျားလေး အပေါင်းအသင်းတွေ ခေါ်ပြီးတော့ တစ်ယောက် တစ်ချက်စီ ချောင်ပိတ်ပြီး ဝိုင်းရိုက်ကြမှာလား။ ရိုက်ရက်ကြမှာလား။ ညီမလေး မနေ့က အစ်ကိုတို့ တင်ထားတာကို ကြည့်ပြီးတော့ မျက်ရည်တောင် ကျပါတယ်။ ငါ့ညီမလေးသာ ဆိုရင် ဆိုတဲ့ အတွေးနဲ့လေ။ အစ်ကိုတို့ရေ ဖတ်ခဲ့ဖူးတာလေး တစ်ခု ထပ်ပြောပြချင် ပါတယ်။ စာကလည်း ရှည်နေပြီဆိုတော့ အတိုချုံးလေးပဲ ပြောလိုက်တော့မယ်နော်။ တစ်ခါက ရွာတစ်ရွာမှာ ပြည့်တန်ဆာအလုပ်လုပ်တဲ့ မိန်းမတစ်ယောက်ကို ရွာသူ ရွာသားတွေက ခဲနဲ့ ဝိုင်းပေါက်ကြသတဲ့။ အဲ့ဒီ အချိန်မှာ ဂျီးဇက် ရောက်လာပြီး ဘာဖြစ်တာလဲလို့ မေးတော့ ဒီမိန်းမက ပြည့်တန်ဆာ အလုပ်လုပ်တဲ့ အတွက် ဝိုင်း အပြစ်ပေး နေကြတာပေါ့။ ဂျီးဇက်က မလုပ်ပါနဲ့လို့ တားပေမယ့် မရပါဘူး။ အပြစ် ရှိရင်တော့ အပြစ်ပေး ရမှာပဲလို့ ပြောပြီး ခဲနဲ့ ထပ်ပေါက်ကြသတဲ့။ အဲ့ဒါနဲ့ ဂျီးဇက်က စကား တစ်ခွန်း ထပ်ပြော လိုက်ပါတယ်။ အဲ့ဒီ စကား အဆုံးမှာတော့ အဲ့ဒီ အမျိုးသမီးဆီကို ခဲတစ်လုံးမှ မရောက်လာတော့ဘူးတဲ့။ ဂျီးဇက် ဘာပြောလိုက်လဲ ဆိုတော့ သင်တို့ ကိုယ့်ကိုယ်ကို ပြန်သုံးသပ်ကြပါဦး။ သင်တို့ဟာ ဘဝမှာ အပြစ် ကင်းခဲ့တဲ့ လူတွေ အပြစ် မလုပ်ခဲ့ဖူးတဲ့ လူတွေ ဆိုတာ သေချာရင်တော့ ဒီမိန်းကလေးကို ခဲနဲ့ ဆက်ပေါက်ကြပါတဲ့။ အစ်ကို တို့ရေ အစ်ကို တို့လည်း ကိုယ့်ကိုယ်ကို ပြန်သုံးသပ် ကြပါဦး။ စာကလည်း ရှည်သွားပြီ ဖြစ်တဲ့ အတွက် ဒီမှာပဲ အဆုံး သတ်လိုက် ပါတော့မယ်။ အစ်ကိုတို့ရဲ့ မွန်မြတ်တဲ့ စိတ်ဓါတ်နဲ့ ရည်ရွယ်ချက်ကို မှန်ကန်တဲ့ လုပ်ရပ်နဲ့ အကောင်အထည် ဖေါ်နိုင်ပါစေလို့ ညီမက ဆန္ဒပြု လိုက်ပါတယ်။

ရေးသားသူ= မလေးငယ်
၃.၁.၂၀၁၂

0 ယောက်ရဲ့ထင်မြင်ချက်: