11/18/2011

ခြေစုံပစ်ထောက်ခံရမယ့် အချိန် (ဆောင်းပါးရှင် ဝေမော်)

ခြေစုံပစ်ထောက်ခံရမယ့် အချိန်
  (ဆောင်းပါးရှင် ဝေမော်)
by Wai Maw (Facebook) on Tuesday, November 15, 2011 at 8:26pm

ကိုဇာဂနာ လိုင်းကြောင်သွားပြီ။ ဒေါ်အောင်ဆန်းစုကြည် အသုံးချခံနေရပြီလို့ ရေးနေပြောနေတာတွေ မြင်ရကြားရတော့ တကယ့်ကို စိတ်မကောင်းဖြစ်စရာပါ..။ အညှာတာမဲ့ဆုံး အသုံးအနှုန်းကတော့ NLD ပါတီမှတ်ပုံတင်ရင် ဒေါ်အောင်ဆန်းစုကြည် နွားဖြစ်သွားမယ် ဆိုတဲ့ ဒေါက်တာခင်စိန်ရဲ့ ရေးသားချက်ပါပဲ။ သူတို့ဘာကြောင့်များ ဒီလောက်ပြင်းထန် နေကြတာလဲ။ ဒီထက်ပိုပြီး လက်တွေ့ကျတဲ့ နည်းလမ်းကို လက်ဆုပ် လက်ကိုင်ရှိနေကြပြီလား။

ကိုယ်ခံယူထားတာနဲ့ မကိုက်ညီလို့ ဆန့်ကျင်တာဆိုရင်တော့ ကိုယ့်ဒေါသနဲ့ ကိုယ်ပေါ့လေ။ မြန်မာ့နိုင်ငံရေးမှာ အဆုံးအဖြတ်ပေးမယ့် အချိုးအကွေ့တစ်ခု ရောက်ပြီဆိုရင် ကွဲကြပြဲကြနဲ့ ဒိုင်စားခံရတာတွေလည်း များလှပါပြီ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကိုဇာဂနာ နှစ်ဦးစလုံးက ရိုးသားဖြူစင်တယ်။ ပြည်သူလူထုအတွက် စွန့်လွှတ် အနစ်နာခံမှုတွေကလည်း အများကြီး။ ဒီတော့ ပြည်သူလူထုကလည်း သူတို့နှစ်ဦးကို ယုံကြည်တယ်။ ထောက်ခံတယ်။ သူတို့ဘေးမှာ ၀န်းရံပေးဖို့လည်း အဆင်သင့်ပါပဲ။

အရှိန်သြဇာအရရော ဂုဏ်သိက္ခာအရပါ အားကြီးသူတွေဆိုတော့ ဆင်သွားရင် လမ်းဖြစ်တာပေါ့ဗျာ။ သူတို့ဘာပဲ လုပ်လုပ် လှုပ်ခတ်မှုကြီးမားမှာပဲ။ ဒေါ်စုနဲ့ အစိုးရခေါင်းဆောင်တွေ ဆွေးနွေးနေတယ်။ ဒေါ်စုကို ထောက်ခံ ၀န်းရံတယ်ဆိုတာနဲ့ အစိုးရကို ထောက်ခံတယ်ဆိုပြီး ကောက်ချက်ဆွဲလို့မရပါဘူး။ အစိုးရနဲ့ဒေါ်စု တွေ့ဆုံဆွေးနွေးရာမှာ ဒေါ်စုဘက်က ပြည်သူလူထုရှိတယ်။ အဲဒီပြည်သူလူထုက ပြောင်းလဲမှုကို ဦးတည်နေပါတယ်ဆိုတဲ့ ခြေလှမ်းတွေကို ထောက်ခံကြိုဆိုတာ။ နောက်ပြန်ဆုတ်သွားမှာကို မလိုလားဘူး။ အစိုးရဘက်က တိုးတက်မှု အရွေ့တစ်ခုကို ဖော်ဆောင် မပေးနိုင်ဘူးဆိုရင် အစိုးရကို တွန်းရွှေ့ပစ်ဖို့ ဒေါ်စုမှာ အားရှိတယ်ဆိုတာကို လက်တွေ့မြင်အောင် ပြထားဖို့ပါပဲ။
ဒီနေရာမှာ ကိုဇာဂနာလို ပြည်သူချစ်တဲ့ အနုပညာသမား တစ်ယောက် ပါဝင်အားဖြည့်လာတော့ အင်အားက အတိုင်းထက်အလွန် ဖြစ်သွားတာပေါ့ဗျာ..။ ကျနော်ကတော့ သူတို့နှစ်ယောက်လုံးကို အပြည့်အ၀ထောက်ခံပါတယ်။ ဖြစ်နိုင်ရင် သူတို့ကို ထောက်ခံတယ်ဆိုတဲ့ အသံက အစိုးရ ခေါင်းဆောင်တွေရဲ့ နားဝမှာ မိုးကြိုးပစ်သလို ဆောင့်ဝင်သွားအောင် လုပ်ပစ်ကြရမှာ။  ထောက်ခံတယ် ဆိုတာက အပေးအယူလုပ်ပြီး စေ့စပ်ညှိနှိုင်း ဆောင်ရွက်နိုင်ဖို့ မီးစိမ်းပြတဲ့ သဘောပဲရှိတာ။ အရှုံးပေးတာ နည်းနည်းလေးမှ မဟုတ်ဘူး။

ခုချိန်မှာ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေ၊ အင်အားစုကြီးတွေ၊ အဖွဲ့အစည်းကြီးတွေက မြန်မာပြည်အရေးကို အလေးထား အာရုံစိုက်နေချိန် ဖြစ်သလို အစိုးရဖက်ကလည်း ရှေ့ခရီးဆက်ဖို့ အခက်တွေ့နေချိန်။ သူတို့ကိုထွက် ပေါက်ပေးနိုင်မယ့် အင်အားကြီး မိတ်ဖက်ကို အမိဖမ်းဖို့ကြိုးစားနေချိန်၊ ဒီအချိန်မှာ အပြောင်းအလဲ တစ်ခုကို ရွေ့ဖို့လမ်းဆုံလမ်းခွကို ရောက်လာတဲ့အချိန်ဖြစ်နေတာပါ။ 

အကောင်းဘက်ကိုဦးတည်နိုင်မလား အဆိုးဘက်ကို ပြန်ကျမလား တွန်းအားပေါ်မှာ မူတည်ပါလိမ့်မယ်။ အာရပ်ကမ္ဘာနဲ့ အရှေ့အလယ်ပိုင်းပြဿနာတွေမှာ အမေရိကန်နဲ့တရုတ် ရေရှည်ဘယ်သူ့ကို အဓိက အားထား နိုင်သလဲ ဆိုတဲ့အဖြေ ရှင်းရှင်းကြီးပေါ်လွင်သွားပါပြီ။ မြန်မာပြည်အရေးမှာတော့ အာရပ်နွေဦးနဲ့ ကွဲပြားတဲ့ ကကွက်ဆန်းတစ်ခု.. အစိုးရနဲ့ အတိုက်အခံ ပူးတွဲချန်ပီယံ ဆွတ်ခူးနိုင်ဖို့ Super power တွေက ပြင်ဆင် ဆောင်ရွက်နေပါတယ်။ ကျနော်ယုံကြည်တာကတော့ အစိုးရနောက်မှာ စစ်တပ်ရှိတယ်ဆိုတာ မသေချာပါဘူး။ ဒါပေမယ့် ဒေါ်စု ခေါင်း ဆောင်မှုနောက်မှာ ပြည်သူလူထုရှိနေတာကတော့ အသေအချာပါပဲ။ ဒေါ်စုနဲ့ပြည်သူလူထု တစ်သားတည်း ရှိနေတဲ့အားက စစ်တန်းလျားကို လှုပ်နှိုးမှာလည်း အသေအချာပါပဲ။

ဒီပွဲမှာ အစိုးရဖက်က ကလီကမာလုပ် လာရင် စစ်တပ်ထဲမှာကို အဖြူအမဲ ကွဲပြားရတော့မယ့် အခြေအနေပါ။ သူနေအိမ်အကျယ်ချုပ်က ပြန်လည်လွတ်မြောက်လာတဲ့ ၁ နှစ်ပြည့် သတင်းစာရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က “ပျော့ပြောင်းတဲ့ နည်းလမ်းဆိုတာ ပျော့ညံ့မှု မဟုတ်ဘူး” လို့ပြောသွားတာ သတိပြုစရာပါ။ ပျော့ပြောင်းပေမယ့် ခိုင်မာတောင့်တင်းတဲ့ သံမဏိကြိုးလို စိတ်ဓာတ်ပိုင်ရှင်တွေအတွက် သမိုင်းစာမျက်နှာတွေ ဘယ်တော့မှ မကုန်နိုင်ပါ။ အသင့်တော်ဆုံး နည်းလမ်းကို ရွေးချယ်လျှောက်လှမ်းနေတဲ့ ဒေါ်စုကို ယုံကြည်ပါတယ်။ မြန်မာပြည်ရဲ့ နယ်လ်ဆင် မင်ဒဲလား ဖြစ်စေချင်ပါတယ်။ 

ဒေါ်အောင်ဆန်းစုကြည် အောင်မြင်ပါစေ….

ဝေမော်
၁၅ နိုဝင်ဘာ ၂၀၁၁

0 ယောက်ရဲ့ထင်မြင်ချက်: