9/16/2011

ငြိမ်းချမ်းရေး သဘောတူညီချက်များကို UWSA ရှင်းလင်း

ဖနိဒါ | ဗဟိုအစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့များနှင့် ဝ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် ခေါင်းဆောင်များက ငြိမ်းချမ်းရေးသဘောတူညီမှုကို အကြောင်းကို အောက်ခြေတပ်များသို့ ရှင်းလင်းပြောကြားမှုမှာ သောကြာနေ့တွင် ပြီးဆုံးသွားသည်။

အာဏာရ ကြံ့ခိုင်ရေးပါတီ အတွင်းရေးမှူး (၁) ဦးအောင်သောင်း၊ အတွင်းရေးမှူး (၂) ဦးသိန်းဇော်တို့ ဦးဆောင်ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်အချို့ လိုက်ပါလျက် ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်း ဝ အထူးဒေသ (၂) UWSA
ခေါင်းဆောင်များနှင့် စက်တင်ဘာ ၆ ရက်နေ့က ကျိုင်းတုံမြို့တွင် ဆွေးနွေးရာ အပစ်ခတ်ရပ်စဲရန်၊ ဆက်ဆံရေးရုံး
များ ထူထောင်ရန်၊ ဝ နယ်ဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် ဆွေးနွေးသွားကြရန်နှင့် နှစ်ဘက်တပ်များ နယ်ကျော်
ဖြတ်သန်းလျှင် ခွင့်ပြုချက်ရယူရန်တို့ သဘောတူညီမှုရခဲ့သည်။
UWSAတပ်ဖွဲ့ဝင်များ(imag; mongloi.org)
 အဆိုပါ သဘောတူညီမှုများနှင့် ပတ်သက်၍ UWSA ဌာနချုပ်တည်ရှိရာ ရှမ်းပြည်(မြောက်ပိုင်း) ပန်းဆန်းမြို့၌
မြို့နယ်၊ ခရိုင်နှင့် တပ်မဟာအရာရှိများ ၁၃ဝ ကျော်ကို နှစ်ရက်ကြာ ရှင်းလင်းပွဲလုပ်ခဲ့ခြင်းဖြစ်သည်။

“ကျနော်တို့မှာ အောက်ခြေ ဝန်ထမ်းတွေက အထက်က ဦးဆောင်တာကိုဘဲ သဘောတူပါတယ်”ဟု အမည်မဖော်လို
သော ဝ တပ်မှူးက မဇ္စျိမကို ပြောသည်။

မြန်မာအစိုးရဘက်က ဦးသိန်းဇော်၊ ဦးအောင်သောင်းတို့နှင့် အတူ ရှမ်းပြည်နယ် ငြိမ်းချမ်းရေး အဖွဲ့ခေါင်းဆောင်
ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနဝန်ကြီး ဗိုလ်မှူးကြီးအောင်သူ၊ ပြည်နယ် ဥပဒေချုပ် ဦးမောင်မောင်၊ တြိဂံဒေသတိုင်း စစ်ဌာနချုပ်မှ ဒုဗိုလ်မှူးကြီး ဇော်ထွန်းမြင့်၊ နယ်စပ်ဒေသဖွံ့ဖြိုးရေး ဦးစီးဌာမှ ဖွဲ့ဖြိုးရေးမှူး ဦးအောင်ကျော်မြင့်နှင့် ဝ အဖွဲ့မှ နိုင်ငံခြားရေးအရာရှိ ဦးကျောက်ကွမ်းအမ်း၊ ဘဏ္ဍာရေးနှင့် စီးပွားရေး တာဝန်ခံ ဦးပေါက်ယူလျန်၊ ပြောခွင့်ရပုဂ္ဂိုလ် ဦးအောင်မြင့်တို့ ဆွေးနွေးခဲ့ကြခြင်း ဖြစ်သော်လည်း စက်တင်ဘာ ၉ ရက်နေ့ ထုတ် နိုင်ငံပိုင် မြန်မာ့အလင်းသတင်းစာတွင် ဦးသိန်းဇော်နှင့် ဦးအောင်သောင်းတို့ အမည်များကို ချန်လှပ်ထားခဲ့
သည်။

သမ္မတ ဦးသိန်းစိန်က လက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် ငြိမ်းချမ်းရေး ဆွေးနွေးလိုပါက သက်ဆိုင်ရာ
ပြည်နယ်အဆင့် အစိုးရနှင့် ဆွေးနွေးရန် ကြေငြာခဲ့ပြီးနောက် ရက် ၂ဝ အကြာတွင် UWSA အဖွဲ့နှင့် ငြိမ်းချမ်းရေး သဘောတူလက်မှတ် ရေးထိုးခဲ့မှု ပထမဆုံး ပေါ်ထွက်လာခြင်း ဖြစ်သည်။

အစိုးရဘက်မှ ငြိမ်းချမ်းရေး ဆွေးနွေးမှုကို ဦးဆောင်သူတဦးဖြစ်သော ဦးသိန်းဇော်မှာ စက်တင်ဘာ ၅ ရက်နေ့က
နေပြည်တော်တွင် ကျင်းပလျက်ရှိသော ပြည်ထောင်စု လွှတ်တော်က အတည်ပြုပေးလိုက်သည့် တိုင်းရင်းသား
ရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှုကော်မတီ ဥက္ကဋ္ဌလည်း ဖြစ်သည်။

ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေး တိုက်နေကြသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ဝင်များ၏ တပ်များကို အစိုးရ စစ်တပ်အောက်သွတ်သွင်းမည့် နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရေးကို ၂ဝ၁ဝ ရွေးကောက်ပွဲ မတိုင်ခင် ကတည်းက မြန်မာအစိုးရက ကြိုးပမ်းနေခဲ့သော်လည်း အင်အား နှစ်သောင်းကျော်ရှိ ဝ အဖွဲ့နှင့် ဆွေးနွေးမှုတွင် ထည့်သွင်းပြောဆိုသွားခြင်းမရှိတော့ပေ။

အစိုးရ ကိုယ်စားလှယ်များနှင့် ဝ ခေါင်းဆောင်များ ဆက်လက် ဆွေးနွေးရန်အတွက် နေရာ၊ အချိန်ကိုမူ မသတ်မှတ်ရသေးပေ။

အလားတူ UWAS ရုံးများ ဖွင့်လစ်တော့မည် ဖြစ်၍ UWSA နယ်မြေအတွင်း မြန်မာအစိုးရဘက်မှ ပညာရေး၊ ကျန်းမာရေး၊ သစ်တော၊ ကြေးနန်း၊ စိုက်ပျိုးရေး စသည့် ဌာနဆိုင်ရာဝန်ထမ်းများ ဝ ထိန်းချုပ်နယ်မြေ အတွင်းသို့
ပြန်လည် ဝင်ရောက်လာမည်ကို ဝ အောက်ခြေတပ်များကို အသိပေးထားသည်။ ယမန်နှစ် ဧပြီလတွင် NGO များနှင့် အစိုးရဝန်ထမ်းများကို ဝ ထိန်းချုပ်နယ်မြေမှ ထွက်ခွာရန် ထိုစဉ်က စစ်အစိုးရမှ ညွှန်ကြားချက် ထုတ်ပြန်ခဲ့သည်။

ယခင်က ရန်ကုန်၊ မန္တလေး၊ ကျိုင်းတုံ၊ တာချီလိတ်၊ မူဆယ်၊ လားရှိုး၊ တန့်ယန်း စသည့်မြို့များတွင် UWSA ရုံးများ ဖွင့်လစ်ခဲ့သော်လည်း နယ်ခြားစောင့်တပ် ပြောင်းရေး တင်းမာမှုစတင်သော ၂ဝ၁ဝ ခုနှစ် စက်တင်ဘာလမှစ၍ ဆက်ဆံရေးရုံးများ ပိတ်သွားခဲ့သည်။

မူးယစ်ဆေးဝါးထုတ်လုပ်မှုနှင့် တွဲ၍ နာမည်ဆိုးထွက်သော UWSA မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၂ ဖွဲ့
ပေါင်းဖွဲ့ထားသည့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC တွင် ပါဝင်ခြင်းမရှိသည့် အဖွဲ့တခုဖြစ်သည်။

သို့သော် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ကမူ တဖွဲ့ချင်းထုတ် ဖိတ်ခေါ်မှုကို “သပ်လျိုဖြိုခွဲ”မှုဟု ဆိုကာ လက်မခံဘဲ အဖွဲ့တခုလုံးအနေဖြင့် ပြည်ထောင်စု အစိုးရဖွဲ့စည်းမည့် ငြိမ်းချမ်းရေး
ဖော်ဆောင်ရေးအဖွဲ့တို့အကြား တိုက်ရိုက် ဆွေးနွေးလိုသည်ဟု ပြီးခဲ့သည့် သြဂုတ်လ ၂၈ ရက်နေ့က သမ္မတ ဦးသိန်းစိန်၏ ပြောကြားချက်ကို တုံ့ပြန်ထားသည်။

“သူတို့ရဲ့ ပထဝီ အနေအထားအရ တချို့ ကိစ္စတွေမှာ အခြေအနေ မတူဘူး။ အဲဒီမတူတဲ့အပေါ်မှာ တဘက်မှာ ကျနော်တို့ UNFC ခတ်ကျဲကျဲနေတဲ့ သဘော။ သူတို့က တရုတ်ရဲ့ သဘောထား အပေါ်မှာ အများကြီး မူတည်
နေရတယ်လေ။ အဲဒီအနေအထားနဲ့ ကိုက်ညီအောင် သူတို့ နေရတဲ့ သဘောဘဲ”ဟု UNFC အဖွဲ့တွင်းရေးမှူး
နိုင်ဟံသာ က မဇ္စျိမကို ပြောသည်။

ဝ နှင့်တွေ့ဆုံမှုအပြီး နောက်တရက်ဖြစ်သော စက်တင်ဘာ ၇ ရက်နေ့တွင် UNFC တွင်ပါဝင်ခြင်းမရှိသည့် အခြား
အဖွဲ့ တခုဖြစ်သည့် မိုင်းလားခေါ် ရှမ်းပြည်အရှေ့ပိုင်းရှိ အထူးဒေသ (၄) အဖွဲ့ခေါင်းဆောင်များနှင့်လည်း အစိုးရ ကိုယ်စားလှယ်အဖွဲ့က တွေ့ဆုံဆွေးနွေးပြီး ဝ ကဲ့သို့ပင် သဘောတူညီချက်ရရှိခဲ့သည်။

အင်အား ၃ ထောင်ကျော်ရှိ မိုင်းလားအဖွဲ့မှ ဒုဥက္ကဋ္ဌ ဦးစံပေ့၊ အထွေထွေ အတွင်းရေးမှူး ဦးအိုက်ရှဲန်လာ၊ ဒုစစ်ဦးစီးမှူး ဦးလမ်းအောင်၊ ဆက်ဆံရေးမှူး ဦးဇင်ခမ်းနော်တို့တက် ဆွေးနွေးမှုတွင် ပါဝင်သည်ဟု တရုတ်-မြန်မာနယ်စပ်
မြန်မာ့အရေး လေ့လာသူ ဦးအောင်ကျော်ဇော်က ပြောသည်။

“အခုလို ဝ နဲ့ မိုင်းလားကို ဆွဲခေါ်လို့ ရတဲ့အပေါ်မှာ သူတို့ (အစိုးရ) အတွက် အမြတ်ထွက်သွားတာပေါ့။ ဒါကိုလည်း မီးမောင်းထိုးပြီးတော့ အများမြင်သာအောင် ထုတ်ပြန်ပြီးတော့ UNFC ရဲ့ ရပ်တည်မှုကို ငြင်းပယ်လိုက်တာဘဲ”ဟု
နိုင်ဟံသာက ပြောသည်။

source by :မဇ္ဈိမ

0 ယောက်ရဲ့ထင်မြင်ချက်: