ဧရာဝတီ ကို ကာကွယ်ကြစို့
(၁) ကွယ်လွန်သွားသော မြစ်ကြီးများ
မြစ်ကြီးတစင်းရဲ့ အဓိက ရှင်သန်မှုက ခရီးမိုင်ပေါင်းများစွာ၊ တောင်တန်းတွေ၊ တောအုပ်တွေ၊ ရှိုမြောင်တွေ၊ လွင်ပြင်တွေ၊ မြို့ရွာတွေ၊ အကွေ့အကောက် ထောင်ပေါင်းများစွာကို ဖြတ်သန်း စီးဆင်းပြီး ပင်လယ် (သို့မဟုတ်) သမုဒ္ဒရာထံ ပေါင်းစပ် ခိုလှုံရခြင်းပါ။
ပင်လယ်ထံ ရောက်အောင်မစီးဆင်းနိုင်တော့တဲ့ မြစ်ကြီးတွေကို သေဆုံးတယ်လို့ သတ်မှတ် ကြပါတယ်။ မြစ်ကြီးသေဆုံးသလို မြစ်ကိုအမှီပြုရှင်သန်ကြတဲ့ ပြည်သူများရဲ့ ဘဝရပ်တည်မှုတွေလဲ အကြီးအကျယ် ပျက်ဆီးကြရ တာပါ။ သဘာဝတရားကြောင့်ဖြစ်စေ၊ လူတို့ရဲ့ ဖန်တီးမှုကြောင့်ဖြစ်စေ လူ့သမိုင်းတလျှောက်မှာ သေဆုံးခဲ့ရတဲ့ မြစ်ကြီး တွေ အများကြီး ရှိခဲ့ပါတယ်။ လူ့ပယောဂကြောင့် သေဆုံးခဲ့ရတဲ့ ထင်ရှားတဲ့ မြစ်ကြီးတစင်းကတော့ တရုတ်ပြည်က မြစ် ဝါမြစ်ကြီး (Yellow River) ပဲ ဖြစ်ပါတယ်။
တရုတ်ပြည်ရဲ့ အဓိကမြစ်ကြီး သုံးစင်း (ယန်ဇီ၊ မဲခေါင် နဲ့ မြစ်ဝါ) ထဲက မြစ်ဝါမြစ်ကြီးကို တရုတ်ပြည်ရဲ့ မိခင်မြစ်ကြီးလို့ သတ်မှက်တင်စားကြပါတယ်။ နှစ်ပေါင်း ၂၀၀၀ ကျော်သက်တမ်းရှိခဲ့ပြီး တရုတ်ပြည်မြောက်ပိုင်း တိဘက်ဒေသက ရေခဲ တောင်များဆီက အစပြု၊ တရုတ်ပြည်ကြီး တခုလုံးကို မိုင်ပေါင်း ၃၄၀၀ ကျော်ဖြတ်သန်းပြီး ဘိုဟိုင်းပင်လယ် (The Bo Hai Sea) ထံ စီးဝင်ခဲ့တာပါ။
တရုတ်နိုင်ငံသားတွေအတွက် ဒီမြစ်ကြီးဟာ အီဂျစ်နိုင်ငံက နိုင်းမြစ်ကြီးလိုပါပဲ၊ ယဉ်ကျေးမှု တို့ မွေးဖွားရှင်သန်ရာ၊ နှစ်ပေါင်းထောင်ချီတည်တံ့ခဲ့တဲ့ အောင်မြင်မှုများရဲ့ အထိမ်းအမှတ်၊ ကြောက်ရွံ့ပြီး ခန့်ငြားရတဲ့ သဘာဝအင်အားစုကြီး၊ ဖြစ်ခဲ့ပါတယ်။ အခုတော့ အဲဒီ မြစ်ဝါမြစ်ကြီးဟာ သေဆုံးနေပါပြီ၊ လူတွေဖန်တီးတဲ့ အညစ်အ ကြေးတွေ စွန်းထင်း၊ အမှိုက်သရိုက်တွေပြည့်နှက်၊ မြောက်များလှစွာသော ဆည်ကြီးများ၊ ရေကာတာကြီးများရဲ့ လည်မျို ညှစ် အနိုင်ကျင့်ခံရမှုတွေနဲ့ သူ့ရေဟာ အရင်လိုမသန့်ရှင်းတော့၊ သူ့ရေစီးဟာအရင်လို မတည်ညိမ်တော့၊ သူ့ရေပမာဏ ဟာ အရင်လိုမများပြားတော့၊ သူ့ရဲ့ ခရီးဟာလဲ ပင်လယ်ဆီ မရောက်နိုင်တော့။
ဒီနေ့မှာတော့ သေဆုံးနေတဲ့ မြစ်ဝါမြစ် ကြီးဟာ တရုတ်ပြည်ရဲ့ သဘာဝပါတ်ဝန်းကျင် ထိန်းသိမ်းရေး ဂရုမစိုက်မှုကို အထင်အရှားပြသတဲ့ အမှတ်အသားတခု အဖြစ်နဲ့သာ ရပ်တည်နေရပါပြီ၊ တရုတ်ပြည်သူများနဲ့ ကမ္ဘာတဝှမ်းက တာဝန်သိအဖွဲ့အစည်းများ၊ အစိုးရများက အပြင်းအ ထန် ထောက်ပြဝေဘန်ကြလို့ အလန့်တကြားနိုးထလာတဲ့ တရုတ်အစိုးရက မြစ်ဝါမြစ်ပြန်လည်ထူထောင်ရေး စီမံကိန်း တွေ စတင်ဆောင်ရွက်နေပေမည့် အလွန်ကိုပဲ နောက်ကျခဲ့ပါပြီ။
ကျနော်တို့ရဲ့ ဧရာဝတီမြစ်ကြီးလဲ မြစ်ဝါမြစ်ကြီးလို ပင်လယ်ဆီမရောက်နိုင်တော့တဲ့ ဘဝမျိုး ကြုံရလောက်အောင်ကိုပဲ အနိုင်ကျင့်ခံနေရပါပြီ၊ ကချင်ပြည်နယ်က မေခ၊ မလိခ မြစ်ဆုံဒေသမှာ တရုတ်အစိုးရပိုင် ကုမ္ပဏီများက ဆောက်လုပ် နေတဲ့ မြစ်ဆုံဆည်စီမံကိန်းကြီး ပြီးသွားခဲ့ရင် ယူနန်ပြည်နယ်ကြီး လျှပ်စစ်ဓာတ်အားတွေ အလုံအလောက်ရပြီး စီးပွား ရေး ပိုမိုတိုးတက်၊ မြန်မာစစ်ဗိုလ်တွေနဲ့ အလိုတော်ရိစီးပွားရေးသမားတွေ အကျိုးအမြတ်ဖြစ်ထွန်းပြီး ဧရာဝတီမြစ်ကြီး ကတော့ ကွယ်လွန်သွားတဲ့ မြစ်များစာရင်းထဲ နောက်တိုးဝင်ရောက်၊ မြန်မာပြည်သူတွေကတော့ လက်ရှိဆင်းရဲနွမ်းပါးမှု ထက် အဆပေါင်းများစွာနိမ့်ကျပြီး ကုန်းကောက်စရာမရှိလောက်အောင်ကို ဆင်းရဲကြ၊ ပျက်ဆီးကြရမှာပါ။ ဧရာဝတီကို မြစ်ဝါမြစ်လို ဘဝမျိုးမရောက်အောင် ကျနော်တို့ အချိန်မီ ကာကွယ်ကြဖို့ အရေးတကြီး လိုအပ်နေပါပြီ၊
(၂) ဆည်၊ ရေကာတာ၊ ရေလှောင်တမံ
စကားလုံး သုံးလုံးကွဲနေပေမည့် အဓိပ္ပာယ်ကအတူတူပါပဲ၊ မြစ်ကိုဖြတ်ပြီး မြစ်ရေစီးကို ဟန့်တားဖို့ တည်ဆောက်ထားတဲ့ နံရံကြီးတခုပါ။ အဲဒီနံရံကြီးနဲ့ မြစ်ရေစီးကိုတားပြီး အဲဒီမြစ်ရေတွေကို စုဆောင်းဖို့ရေလှောင်ကန် (Reservoir) ခေါ်တဲ့ လူလုပ်ရေကန်ကြီး (Artificial Lake) တခုကို ဆက်စပ်တည်ဆောက်ရပါတယ်။ အဲဒီလို မြစ်ရေစီးကို ဆည် (သို့) ရေကာ တာ (Dam) နဲ့ ဟန့်တား၊ မြစ်ထဲကရေတွေကို ရေလှောင်ကန် (Reservoir) ထဲမှာ စုဆောင်းပြီး ရေလှောင်ကန်နံဘေး မှာကပ်လျှက်တည်ဆောက်ထားတဲ့ ရေအားလျှပ်စစ်ဓာတ်ထုတ်လုပ်ရေး တာဘိုင် (Turbine) ကြီးများနဲ့ လျှပ်စစ်ဓာတ် ထုတ်လုပ်ပြီး သွယ်တန်းထားတဲ့ မဟာဓာတ်အားလိုင်းများနဲ့ အလိုရှိတဲ့နေရာကို ပို့ဆောင်ပါတယ်။ ဒီမြစ်ဆုံဆည်ကရ မည့် လျှပ်စစ်ဓာတ်အား အားလုံးနီးပါးကို တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်ကို တင်ပို့မှာပါ။ ရေကာတာမှာ ရေတံခါးကြီးများရှိ ပါတယ်။ တာဘိုင်များထဲ ရေတွေ ဖြတ်သန်းပြီး လျှပ်စစ်ဓာတ်အားထုတ်ပြီးတဲ့အခါ အဲဒီ ရေတံခါးကြီးများကတဆင့် မြစ် ထဲကို မလိုအပ်တော့တဲ့ရေတွေ ပြန်ထုတ်ပေးမှာပါ။ ဒီတော့ မြစ်အထက်က ကျလာတဲ့ ရေကို ရေကာတာကြီးနဲ့ ပိတ်ဆို့ ဟန့်တား၊ ရေလှောင်ကန်ကြီးထဲမှာ လိုအပ်တဲ့ ပမာဏရတဲ့အထိ စုဆောင်း၊ လိုအပ်တဲ့ပမာဏရတော့မှ အဲဒီရေတွေကို လျှပ်စစ်ဓာတ်အားထုတ်မည့် တာဘိုင်ကြီးတွေကို ဖြတ်သန်း၊ ပြီးတော့မှ မလိုအပ်တော့တဲ့ရေတွေကို ရေတံခါးကြီးများ ကတဆင့် မြစ်ရဲ့ အောက်ပိုင်းဆီကို ပြန်လည် ထုတ်လွှတ်ပေးမှာပါ။ ဒါဟာဖြင့် ရေအားလျှပ်စစ်ဓာတ်ထုတ်မည့် ဆည် စီမံကိန်းတခုရဲ့ ယေဘုယျလုပ်ငန်းစဉ်ပါ။
ဒီတော့ လျှပ်စစ်ဓာတ်အား များများထုတ်ချင်တာနဲ့အမျှ၊ စုဆောင်းရမဲ့ ရေပမာဏက ပိုပြီးများ ပြား၊ ရေကာတာကြီးက ပိုပြီး မြင့်မား၊ ရေလှောင်ကန်ကြီးရဲ့အကျယ်အဝန်းကပိုပြီး ကြီးမားကျယ်ပြန့်၊ အဲဒီရေကာတာကြီး ဆောက်လုပ်ဖို့အတွက် ဆည်ဆောက်လုပ်မည့် နေရာက ဖယ်ရှားပေးရမည့် လူထုရဲ့ ပေးဆပ်ရမှုက ပိုပြီးများပြားပြီး မြစ်အောက်ပိုင်းက လူထုရဲ့ ခံစားနာကျင်ရမှု၊ ဆုံးရှုံးမှုတွေကလဲ ပိုပြီး ကြီးမားနက်ရှိုင်းပါလိမ့်မယ်။ အခု မြစ်ဆုံဆည် ကိစ္စကို ကြည့်မယ်ဆိုရင် ရေ အားလျှပ်စစ် ကီလိုဝတ် ၃ သန်း ၆ သိန်း ကနေ ၆ သန်း (3.6 million kw-6 million kw) နှစ်စဉ် ထုတ်လုပ်ဖို့ မျှော်လင့် ထားတာမို့ ဆည်ကြီးရဲ့ အလျားနဲ့ အမြင့်က အင်မတန် ကြီးမားပါတယ်။ အလျား ပေ ၅၀၀၊ အမြင့် ပေ ၅၀၀ ဆိုတာ အ ထပ် ၄၉ ထပ် အဆောက်အအုံတခုလောက် မြင့်ပါတယ်။ ပြီးတော့ ရေလှောင်ကန်ကြီးရဲ့ ဧရိယာအကျယ်အဝန်းကလဲ ၂၉၅ ဒဿမ ၈ စတုရန်းမိုင် ဆိုတော့ ဧရိယာစတုရန်းမိုင် ၂၃၁ ဒဿမ ၂ ရှိတဲ့ မဟာရန်ကုန်မြို့တော်ထက်လဲကြီး၊ ဧရိယာစတုရန်းမိုင် ၂၆၈ ရှိတဲ့ စင်္ကာပူမြို့ကြီးထက်လဲ ကြီးပြီး၊ အမေရိကန်ပြည်ထောင်စုက ဧရိယာစတုရန်းမိုင် ၃၀၁ ရှိတဲ့ နယူးယောက်မြို့တော်ကြီးလောက်ကို ကျယ်ဝန်းလှပါတယ်။
ဒီလောက်ကြီးမားတဲ့ ရေလှောင်ကန်ကြီးကို ဆောက်ဖို့ မြစ်ဆုံဒေသတဝိုက်က ကျေးရွာပေါင်း ၄၇ ရွာ ရွှေ့ပြောင်းပေးရမှာဖြစ်ပြီး ကချင်လူမျိုး ၂၀၀၀၀ ကျော် သူတို့ရဲ့ ဇာတိမြေ၊ သူတို့ရဲ့ ဘိုးစဉ်ဘောင်ဆက်က အမွေအနှစ်တွေကို ဆုံးရှုံးကြရမှာပါ။ ပိုပြီးကြီးမားတဲ့ ဆုံးရှုံးမှုကတော့ ရေအောက်ရောက် သွားတော့မည့် အမြဲစိမ်းသစ်တောကြီးတွေ၊ တောင်တန်းတွေ ၊လွင်ပြင်တွေနဲ့ ကချင်လူမျိုးများ အမွန်အမြတ် တန်ဘိုး ထားကြတဲ့ ဖခင်နဂါးကြီးနဲ့ သား နဂါးနှစ်ကောင် မွေးဖွားရာ၊ ပျော်မြူးရာ မြစ်ဆုံဒေသကို ဆုံးရှုံးရမှာပါ။ ဒီဆုံးရှုံးမှုတွေကို ဘယ်လို လျော်ကြေးနဲ့မှ အစားထိုးလို့မရနိုင်ပါ။
(၃) မြစ်အောက်ပိုင်းမှ ဆုံးရှုံးမှုများ
ပိုပြီးရှင်းအောင် အမှတ်စဉ်ထိုးပြီး ပြောပြချင်ပါတယ်။
(က) အလျား ပေ ၅၀၀၊ အမြင့်ပေ ၅၀၀ ရှိတဲ့ ရေကာတာကြီးက မေခနဲ့ မလိခ မြစ်ကြီး နှစ်စင်းက စီးဆင်းလာတဲ့ရေတွေ ကို ပိတ်ဆို့ဟန့်တားပြီး နယူးယောက်မြို့ကြီး လောက် ကျယ်ပြန့်ပြီး ၆၆ ထပ် အဆောက်အအုံတခုလောက်မြင့် (ပေ ၉၅၀) တဲ့ ရေလှောင်ကန်ကြီးထဲမှာ အရင်သိမ်းဆည်းထားလိုက်မှာပါ။ ဒါကြောင့်မို့ ဧရာဝတီမြစ်ကြီးရဲ့ ပင်မအစဟာ မေခ နဲ့ မလိခမဟုတ်တော့ပါ။ မြစ်ဆုံဆည်ကြီး ဖြစ်သွားပါပြီ၊ မြစ်ဆုံဆည်ကြီးက ရေလွှတ်ပေးမှသာ ဧရာဝတီ ဆက်လက်စီး ဆင်းနိုင်မှာပါ။
(ခ) အဲဒီ ရေလှောင်ကန်ကြီးထဲမှာ လိုအပ်တဲ့ ရေပမာဏရဖို့ အချိန်အတော်ကြာ စုဆောင်းရမှာပါ။ အချို့ ဆည်ကြီးတွေ မှာ ရေကာတာအပြည့် ရေစုချိန် တနှစ်ကနေ တနှစ်ခွဲ ကြာပါတယ်။ ရေလှောင်ကန်ကြီး ရေစုနေတဲ့အချိန်မှာ ဧရာဝတီမြစ်ကြီးထဲ ရေစီးမှာ မဟုတ်ပါ။
(ဂ) ရေလှောင်ကန်ထဲမှာ ရေပြည့်ပြီးတဲ့နောက် လျှပ်စစ်ဓာတ်အားထုတ်လုပ်ပြီး မလိုတော့တဲ့ ရေကို ရေတံခါးကြီးများက တဆင့် ဧရာဝတီမြစ်ထဲ ထုတ်လွှတ်မှာ ဖြစ်ပါတယ်။ ဧရာဝတီ ပြန်လည်စီးဆင်းနိုင်ပါလိမ့်မယ်။ ဒါပေမည့် ရေတွေက ညစ် ပတ်ပြီး မသန့်ရှင်းတော့ပါ။
(ဃ) ရေကာတာက ထုတ်လွှတ်တဲ့ ရေက မသန့်ရှင်းတော့လို့ အဲဒီရေ (Polluted Water) ကို သောက်သုံးကြရမည့် လူတွေ၊ တိရိစ္ဆာန်တွေအတွက် ရောဂါဘယတွေ ရစေပါတယ်။ ရေလှောင်ကန်ကြီးကိုယ်တိုင်က ခြင်လို ငှက်ဖျား စတဲ့ ရောဂါဘယဖြန့်ဝေတတ်တဲ့ ပိုးမွှားတွေ စုဝေးပွားများရာ ဒေသကြီးဖြစ်လာပြီး ပါတ်ဝန်းကျင်လူထုရဲ့ ကျန်းမာရေးကို အကြီးအကျယ် ထိခိုက်စေနိုင်ပါတယ်။
(င) မေခ နဲ့ မလိခ မြစ်များက စီးဆင်းလာတဲ့ ရေဟာ နုံးများ၊ သဲများကိုပါသယ်ဆောင်လာခဲ့ပြီး အဲဒီ နုံးတွေ၊ သဲတွေ (Sediment) က ဧရာဝတီမြစ်ကြောင်းတလျှောက် မြစ်ညာပိုင်းမှာ မြေဩဇာအင်မတန်ကောင်းတဲ့ နုံးတင်မြေနုတွေ ဖန် တီးပေးပြီး မြန်မာနိုင်ငံရဲ့ စိုက်ပျိုးရေးလုပ်ငန်းကို အကြီးအကျယ် ထောက်ပံ့နေတာတာပါ။ ဆည်ကြီး ပြီးသွားရင်တော့ အဲဒီ နုံးတွေဟာ ရေလှောင်ကန်ကြီးရဲ့ အောက်ခြေမှာပဲ အနည်ထိုင်ကျန်ရစ်ခဲ့ပြီး မြစ်အောက်ပိုင်းကို ဘယ်လိုမှ ရောက် မှာမဟုတ်တော့ပါ။ နုံးတင်မြေနုပါးရှားသွားမည့် မြစ်ဝကျွန်းပေါ်မှာ စိုက်ပျိုးရေးလုပ်ငန်းတွေ ထိခိုက်ပါလိမ့်မယ်။
(စ) ဆည်ကြီးကပဲ မြစ်အတွင်း ငါးအပါအဝင် ရေနေသတ္တဝါ များရဲ့ မြစ်ဖျားကနေ မြစ်ကြောင်းတလျှောက် ရွှေ့ပြောင်း သွားလာမှုကို ပိတ်ဆို့ဟန့်တားလိုက်ပါလိမ့်မယ်။ ငါးမျိုးဆက်တုံးမှု၊ အရေအတွက်ရှားပါးမှုတွေက ရေလုပ်ငန်းလုပ်ကိုင် သူများကို အကြီးအကျယ် ထိခိုက်ပါလိမ့်မယ်။
(ဆ) မြစ်ရေပမာဏနဲ့ ရေစီးကို ဆည်ကြီးက ထိန်းချုပ်လိုက်ပြီမို့လို့ မြစ်အတွင်း သင်္ဘောများ၊ မော်တော်များ၊ လှေများနဲ့ ခရီးသွားလာမှုဟာ ပိုပြီးခက်ခဲလာပါလိမ့်မယ်။ မြန်မာနိုင်ငံရဲ့ မြို့ပေါင်း၊ ရွာပေါင်းများစွာ၊ ဆိပ်ကမ်းပေါင်းများစွာဟာ ဧရာဝတီ မြစ်ကြောင်းတလျှောက် ဝဲ၊ယာ တဘက်တချက်မှာ တည်ရှိနေကြပြီး ခရီးသွားလာရေး နဲ့ ကုန်စည်စီးဆင်းမှု အတွက် ဒီမြစ်ကြီးကို မြန်မာနိုင်ငံရဲ့ လူဦးရေ ၆၀%က အားကိုးနေရတာပါ။ ရေနည်းသွားတဲ့ မြစ်ကြီးအတွင်း၊ ရေတိမ် သွားတဲ့ မြစ်ကြီးအတွင်း၊ ရေစီးနည်းပြီး မမှန်တဲ့ မြစ်ကြီးအတွင်းမှာ သင်္ဘောများ၊ မော်တော်များ၊ လှေများ မိုးရာသီက လွဲရင် ကျန်တဲ့အချိန်တွေမှာ သွားလာနိုင်မှာ မဟုတ်တော့ပါ။
(ဈ) ရေစီးနှေးပြီး ရေပမာဏနဲသွားတဲ့ မြစ်ကြီးရဲ့ ကမ်းပါးတဖက်တချက်က မြစ်ရေကိုအမှီပြုပြီးပေါက်နေတဲ့ ဒီရောက် တောတွေ ပျက်စီးကုန်ပါလိမ့်မယ်။ ဒီရောက်တောတွေ မရှိတော့တဲ့အတွက် ကမ်းပါးတွေ ပြိုကျပြီး ဧရာဝတီ မြစ်နဲ့ မြစ် လက်တက်များအတွင်းမှာ သောင်ထွန်းပြီး အဲဒီ မြေပမာဏက ရေပမာဏထက် ပိုများလာပါလိမ့်မယ်။ ရေနည်းသွားတဲ့ မြစ်ကြီးနဲ့ ဒီရောက်တောတွေ ပျက်သုံးမှုက ဧရာဝတီမြစ်ဝှမ်းဒေသကို ခြောက်သွေ့ဇုံအဖြစ် အသွင်ပြောင်းလိုက်ပါလိမ့် မယ်။
(ည) တခါတရံ မိုးအပြင်းအထန် နဲ့ အဆက်မပြတ်ရွာသွန်းတဲ့ အခါ ဆည်ထဲမှာ ရေပမာဏက ဆည်က ထိန်းထားနိုင်တာ ထတ် အဆမတန်ပိုများလာတတ်ပါတယ်။ အဲဒီအခါမှာ ရေအင်အားကြောင့် ဆည်ပြိုကျမှာကို ရှောင်တဲ့အနေနဲ့ ဆည် ရေတံခါးတွေကို ဖွင့်ပြီး ရေတွေ ရုတ်တရက် ထုတ်ပစ်တတ်ကြပါတယ်။ အဲဒီ အရေးပေါ်ရေထုတ်မှုက ဧရာဝတီမြစ်ထဲကို တောင်ကျချောင်းရေတွေ ဒလဟော အရှိန်အဟုန်ကြီးမားစွာ စီးဆင်းလာသလိုမျိုး ဖြစ်ပါလိမ့်မယ်။ မြစ်ထဲမှာလဲ ကမ်းပြို ထားလို့ သောင်တွေက ကမ်းပါးထက်ပိုမြင့်နေတဲ့ အချိန်၊ ကမ်းပါးမှာလဲ ဒီရောက်တောတွေ မရှိတော့တဲ့ အချိန်မှာ ဒီ ရေစီးဆင်းမှုက မြစ်နဲ့ မလှမ်းမကမ်းက မြို့ရွာများကို ရေလွှမ်းမိုးတဲ့ အထိ ဖြစ်နိုင်ပါတယ်။ ကချင်ပြည်နယ်အတွင်းက မြို့ကြီးများ အားလုံးနီးပါး ဒီရုတ်တရက်ရေလွှမ်းမိုးမှုဒဏ်ကို မကြာခဏ ခံစားကြရမှာပါ။
(ဋ) မြန်မာနိုင်ငံမှာ ခြောက်သွေ့တဲ့အချိန်၊ နွေရာသီ (ဖေဖော်ဝါရီ လ ကနေ မေ လအတွင်း) ဆည်ထဲမှာလဲ ရေနည်းမှာမို့ ဆည်က ရေပြန်ထုတ်တာလဲ အလွန်နည်းပြီး ဧရာဝတီမြစ်အတွင်း ရေစီးဆင်းမှု မရှိသလောက်ဖြစ်တော့မှာပါ။ အဲဒီအ ချိန်မှာ ဧရာဝတီမြစ် စီးဝင်ရမည့် ဘင်္ဂလားပင်လယ် (Andaman Sea) က ရေတွေက ဧရာဝတီမြစ်ဘက်ကို ပြန်လည်စီး ဝင်ပြီး ဧရာဝတီမြစ်ဝကျွန်းပေါ်တခုလုံး ဆားငံရေတွေ လွှမ်းသွားပါလိမ့်မယ်။ နွေကုန်လို့ မိုးရာသီ စပါးစိုက်ပျိုးရမည့် အ ချိန်မှာ ဆားငံရေလွှမ်းပြီး ပျက်ဆီးနေတဲ့ လယ်မြေတွေက မြန်မာနိုင်ငံ လယ်သမားထုကြီးရဲ့ အကျိုးစီးပွားကို အကြီးအ ကျယ်ထိခိုက်မှာ ဖြစ်သလို မြန်မာတနိုင်ငံလုံး ဆန်စပါးရှားပါးမှု၊ စားနပ်ရိက္ခာမလုံလောက်မှုများ ဖြစ်ပေါ်ပါလိမ့်မယ်။
အထက်မှာတင်ပြထားတာတွေနဲ့ သဘာဝပါတ်ဝန်းကျင် ပျက်ဆီးမှု၊ ရာသီဥတုဖောက်ပြန်မှု၊ ရှားပါးသစ်ပင်များ၊ ပန်းများ၊ ရေနေသတ္တဝါများ၊ ငှက်မျိုးစုများ မျိုးတုန်းပျောက်ကွယ်မှု၊ တွေပေါင်းစပ်လိုက်မယ်ဆိုရင် တရုတ်အစိုးရရဲ့ ဧရာဝတီမြစ် ဖျားမှာ မြစ်ဆုံဆည် တည်ဆောက်ခြင်းဟာ မြန်မာပြည်သူ သန်းပေါင်းများစွာကို စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ အ သက်ရှင်သန်ရေး၊ စားနပ်ရိက္ခာဖူလုံရေး၊ နိုင်ငံရေး အဘက်ဘက်က အတိုင်းအဆမရှိပျက်စီးစေမှာပါ။ သူတို့ရဲ့ နိုင်ငံမှာ မြစ်ဝါမြစ်ကြီး သေဆုံးသွားတဲ့ သာဓက အထင်အရှားရှိရက်နဲ့ ကျနော်တို့နိုင်ငံက မိခင်မြစ်ကြီးကို သတ်ဖို့ကြိုးစားနေတာ ဟာ တရုတ်အစိုးရက မြန်မာပြည်သူများကို တိုက်ရိုက်ဖိနှိပ်စော်ကားနေတာလို့ ကျနော် ယူဆပါတယ်။ တရုတ်အစိုးရနဲ့ ပူးပေါင်းပြီး မြန်မာပြည်သူများကို လူ့အခွင့်အရေးချိုးဖောက်နေတဲ့၊ မြန်မာနိုင်ငံရဲ့ မိခင်မြစ်ကြီးကို သတ်ဖြတ်နေတဲ့ မြန် မာစစ်ခေါင်းဆောင်တွေကိုလဲ အလွန်အံ့ဩမိပါတယ်။ တကယ်တော့ သူတို့တွေလဲ မျိုးရိုးစဉ်ဆက် ဧရာဝတီနဲ့ ကြီးပြင်းပြီး ဧရာဝတီရဲ့ စောင့်ရှောက်မှုကို ခံယူခဲ့ကြရသူတွေပါ။ ဧရာဝတီဟာ ကျနော်တို့ အားလုံးရဲ့ အမေ ဖြစ်သလို့ သူတို့ရဲ့ အမေလဲ ဖြစ်ပါတယ်။ ဧရာဝတီရဲ့ကျေးဇူးတွေ သူတို့အပေါ်မှာလဲ အများကြီးရှိပါတယ်။
(၄) ဆင်းရဲနွမ်းပါးမှု လျှော့ချရေး
ဦးသိန်းစိန် ကြံ့ဖွံ့သမ္မတဖြစ်လာပြီးတဲ့နောက် မြန်မာနိုင်ငံတွင်းမှာ ကျယ်ကျယ်ပြန့်ပြန့် ပြောဆိုလာကြတာကတော့ “ဆင်း ရဲနွမ်းပါးမှုလျှော့ချရေးနဲ့ ပပျောက်ရေး” ပါပဲ၊ ဦးသိန်းစိန် ကဦးဆောင်ပြီး ဆွေးနွေးပွဲတွေ၊ စာတမ်းဖတ်ပွဲတွေ အကြီးအ ကျယ်ပြုလုပ်နေကြတာပါ။ ဦးသိန်းစိန်ရဲ့ စီးပွားရေးအကြံပေးအဖွဲ့ခေါင်းဆောင် ဒေါက်တာဦးမြင့်ကလဲ၂၀၁၁ ခုနှစ် မေ လ ၂၀-၂၁၊ နေပြည်တော်မှာကျင်းပတဲ့ “ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု ပပျောက်ရေး အလုပ်ရုံ ဆွေးနွေး ပွဲ” မှာ “မြန်မာနိုင်ငံတွင် ဆင်းရဲနွမ်းပါးမှု လျှော့ချရေး၊ ရှေ့ဆက် ဆောင်ရွက်ရန်များ” ဆိုတဲ့ စာတမ်းတစောင်တင်သွင်း ခဲ့ပါတယ်။ သူ့ရဲ့ စာပိုဒ်ပေါင်း ၉၇ ပုဒ်ရှိတဲ့ စာတမ်းမှာ စာပိုဒ် အမှတ် ၅၇ ကနေ ၈၇ အထိ စာပိုဒ်ပေါင်း ၃၀ နဲ့ မြန်မာနိုင်ငံ ရဲ့ လယ်ယာစိုက်ပျိုးရေး ကဏ္ဍကို ဦးစားပေး တင်ပြသွားတာတွေ့ရပါတယ်။
သူ့ရဲ့ တင်ပြချက်တွေကတော့ လယ်ယာ ကဏ္ဍကို မြှင့်တင်ခြင်းဟာ ဆင်းရဲနွမ်းပါးမှုပပျောက်ရေးအတွက် အဓိကကျကြောင်း အစချီပြီး ဆန်စပါးစိုက်ပျိုး ထုတ် လုပ်မှုကို ပြည်တွင်းဖူလုံရုံမက ပြည်ပကို တိုးမြှင့်တင်ပို့ရောင်းချနိုင်ဖို့၊ ကမ္ဘာပေါ်မှာ အဓိက ဆန်စပါးစိုက်ပျိုး ထုတ်လုပ် ရောင်းချတဲ့ နိုင်ငံအဆင့်ကို အရောက်လှမ်းဖို့၊ အဲဒီအတွက် အစိုးရ ရဲ့မူဝါဒချမှတ်မှု၊ ဝန်ကြီးဌာနများရဲ့ အကောင်အ ထည်ဖော်မှု၊ လယ်သမားများနဲ့ ပုဂ္ဂလိက ကုမ္ပဏီများရဲ့ အခန်းကဏ္ဍ၊ တိကျမှန်ကန်တဲ့ စာရင်းဇယားများပြုစုမှု၊ လယ် သမားများကို အခွင့်အရေးအကောင်းဆုံးဖန်တီးပေးဖို့ နဲ့ ဈေးကွက်အသစ်တွေ ရှာဖွေဖို့၊ မြေယာပိုင်ဆိုင်မှုတွေကို ပြင် ဆင်ဖို့ စသဖြင့် အကြံပြုထားတာတွေ့ရပါတယ်။ အခြား စီးပွားရေး အကြံပေးများကလဲ စာတမ်းတွေတင်ကြ၊ ဆွေးနွေး ကြပါတယ်။ ဒါပေမည့် သူတို့ရဲ့ စာတမ်းတွေက ဦးမြင့် ရဲ့စာတမ်းလို လူထုကြားထဲရောက်မလာတဲ့အတွက် ဘာတွေ အကြံပြုတယ်ဆိုတာ မသိနိုင်ပါ။
ဒါပေမည့်လဲ ဒေါက်တာဦးမြင့်ရဲ့ စာတမ်းမှာ ဧရာဝတီမြစ်ကြီး ရဲ့ အရေးကြီးမှုအကြောင်း တလုံးမှမပါတာတွေ့ရပါတယ်။ မြန်မာနိုင်ငံမှာ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး၊ ပပျောက်ရေးအတွက် မြန်မာနိုင်ငံရဲ့ အဓိက စီးပွားရေးဖြစ်တဲ့ လယ်ယာ ကဏ္ဍကို မြှင့်တင်ရမယ်။ ကမ္ဘာ့ ဆန်အထွက်ဆုံး နိုင်ငံဖြစ်အောင် ကြိုးစားရမယ်။ လယ်သမားတွေ အတွက်အကျိုး စီးပွားတွေ ဖန်တီးပေးရမယ်ဆိုတာ မှန်ကန်တဲ့ အကြံပြုချက်ပါ။ ဒါပေမည့် အဲဒီ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းရဲ့ အဓိက အားထားရာ၊ ဧရာဝတီမြစ်ကြီး ကို ဘယ်လို ကာကွယ်သင့်တယ်။ စောင့်ရှောက်သင့်တယ် ဆိုတာတွေ တလုံးတပါဒမှ ဆွေးနွေး၊အကြံပေးတာ မတွေ့ပါ။ ကျနော်က ဆရာ ဦးမြင့်လို စီးပွားရေးပညာရှင်မဟုတ်ပေမည့် ဧရာဝတီ ကို မကယ် တင်၊ မကာကွယ် ၊မထိန်းသိမ်းပဲနဲ့ မြန်မာနိုင်ငံမှာ ဆင်းရဲနွမ်းပါးမှု ပပျောက်ဖို့မပြောနဲ့၊ လျော့ကျအောင်တောင်လုပ်နိုင်မှာ မဟုတ်ဘူးလို့ ပြောချင်ပါတယ်။ ဧရာဝတီမြစ်ကြီးများ မြစ်ဝါမြစ်လို သေဆုံးသွားခဲ့ရင် ကျနော်တို့ပြည်သူတွေဟာ ကုန်း ကောက်စရာတောင် ရှိမှာမဟုတ်တော့ဘူးလို့လဲ ပြောချင်ပါတယ်။ ဒါကြောင့်လဲ ဆရာဦးမြင့်အပါအဝင် ပညာရှင်များက မြန်မာစစ်ခေါင်းဆောင်တွေ ကို မြစ်ဆုံဆည်တည်ဆောက်ရေးစီမံကိန်းကြီးကို ရပ်တန့်ဖို့ ရဲရဲတင်းတင်း တာဝန်သိသိ ပြောသင့်တယ်လို့ တောင်းဆိုချင်ပါတယ်။
မကြာခင်မှာ ဆင်းရဲနွမ်းပါးမှု ပပျောက်ရေး ဆွေးနွေးပွဲကို နေပြည်တော်မှာ ထပ်မံကျင်းပဦးမယ်။ အဲဒီ ဆွေးနွေးပွဲကို ဒေါ် အောင်ဆန်းစုကြည် နဲ့ နိုင်ငံရေးပါတီများက ကိုယ်စားလှယ်များကိုလဲ ဖိတ်ကြားမယ်လို့ ကြားသိရပါတယ်။ ဒီတခါဖြင့် တာဝန်ရှိသူများက တာဝန်သိသိနဲ့ ဧရာဝတီမြစ်ကြီးကို ကယ်တင်ရေး၊ ကာကွယ်ရေး ရဲရဲရင့်ရင့် ဆွေးနွေးကြလိမ့်မယ်လို့ မျှော်လင့်မိပါရဲ့။
(၅) တာဝန်သိသူများက ပြောနေကြပြီ
တာဝန်ရှိသူတွေက မပြောကြသေးပေမည့် တာဝန်သိသူများကတော့ ပြောနေကြပါပြီ၊ ဒီကနေ့ မြန်မာနိုင်ငံတွင်းက လစဉ် ထုတ်၊ အပါတ်စဉ်ထုတ် မဂ္ဂဇင်းတွေ၊ ဂျာနယ်တွေ မှာ ဧရာဝတီမြစ်ကြီးရဲ့ တန်ဘိုးကြီးမားမှုနဲ့ ဧရာဝတီမြစ်ကြီး မပျက်ဆီး အောင် ထိန်းသိမ်းစောင့်ရှောက်ရမည့် တာဝန်တွေကို ပညာရှင်တွေ၊ စာရေးဆရာတွေ၊ ကဗျာဆရာတွေ၊ ကာတွန်း ဆရာတွေက အင်တာဗျူးတွေ၊ ဆောင်းပါးတွေ၊ ဝတ္ထုတွေ၊ ကဗျာတွေ၊ ကာတွန်းတွေ နဲ့ တင်ပြဆွေးနွေးနေကြပါပြီ၊ စာ မဘတ်တဲ့ စစ်ခေါင်းဆောင်တွေ မသိကြရင်တောင်မှ စာဘတ်တဲ့ ပြည်သူတွေ သိနားလည်နေကြပါပြီ၊ တချို့ စာရေး ဆရာတွေက စာပေဟောပြောပွဲတွေမှာ လူထုကို ဧရာဝတီမြစ်ကြီး ရဲ့ အတိဒုက္ခတွေအကြောင်း ရဲရဲတင်းတင်းဟော ပြောနေကြပါပြီ၊ အဲဒီ ပုဂ္ဂိုလ်များရဲ့ တာဝန်သိမှုနဲ့ တာဝန်ယူမှုကို ကျေးဇူးတင်မိပြီး အဲဒီလို တာဝန်သိသူတွေ များလာဖို့၊ လူထုရဲ့ သိနားလည်မှုကနေ အင်အားအဖြစ်ပြောင်းလဲပြီး ဧရာဝတီကို ကာကွယ်နိုင်ကြဖို့ မျှော်လင့်မိပါရဲ့။
အဲဒီ တာဝန်သိသူတွေရဲ့ တင်ပြမှုတွေထဲက တခုကို မျှဝေချင်ပါတယ်။ အဲဒါက ထင်ရှားတဲ့ စာရေးဆရာ၊ ကဗျာဆရာ မောင်စိန်ဝင်း (ပုတီးကုန်း) ရဲ့ ဟောပြောချက်ပါ။ မဂင်္လာဒုံမြို့နယ်မှာ ၂၀၁၁ ခုနှစ် မေလ ၁၅ ရက်နေ့မှာကျင်းပတဲ့ စာ ပေဟောပြောပွဲတခုမှာ ပြောခဲ့တာလို့ သိရပါတယ်။ အဲဒီဟောပြောပွဲမှာ ဆရာမောင်စိန်ဝင်း က ဧရာဝတီမြစ်ကြီးအ ကြောင်း ကဗျာနှစ်ပုဒ်နဲ့ တင်ပြခဲ့ပါတယ်။
ဆရာမောင်စိန်ဝင်း က ကချင်ပြည်နယ်က ဧရာဝတီမြစ်ဆုံဒေသကို လွန်ခဲ့တဲ့ ၁၅နှစ် (၁၉၉၆ ထင်ပါတယ်) လောက်က ရောက်ဘူးခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီမှာ မြစ်ဆုံရဲ့အလှအပကို သူခံစားကြည်နူးပြီး သူ့အကိုရဲ့ တိုက်တွန်းမှုနဲ့ ကဗျာ တပုဒ်ကို တထိုင်ထဲ စပ်မိပါသတဲ့၊ အဲဒီ ကဗျာရဲ့ ခေါင်းစဉ်က “အင်ခိုင်မွန် ရဲ့ ခြေရင်းမှာ” တဲ့၊ အင်ခိုင်မွန် ဆိုတာက မေခ နဲ့ မလိခ ဆုံတဲ့နေရာမှာ မားမားကြီးတည်ရှိနေတဲ့ တောင်တန်းကြီးရဲ့ အမည်ပါ။ သူ့ကဗျာ ကို ဆရာမောင်စိန်ဝင်းက ဒီလို ရွတ်ပြပါတယ်။
“အင်ခိုင်မွန် ရဲ့ ခြေရင်းမှာ”
မေခ နဲ့ မလိခ
ဆုံမိကြ ဒီမှာ။
သံယောဇဉ် မြစ်ဆုံဖြစ်
ချစ်ကြသောအခါ၊
သမုဒယ မြစ်နှစ်စင်းရဲ့
ချစ်ခြင်းဖွဲ့အလင်္ကာ
ဧရာဝတီ ရယ်လို့ဖြစ်၊
ကမ္ဘာတည်သရွေ့
မြန်မာပြည်ဟေ့ ရယ်လို့ ကြွေးကြော်ပြီး
စီးနေမည့် မြစ်။
ကဗျာဆရာက ဧရာဝတီမြစ်ကြီးကို “ကမ္ဘာတည်သရွေ့ မြန်မာပြည်ဟေ့ရယ်လို့ ကြွေးကြော်ပြီး စီးနေမည့်မြစ်” လို့ ရဲရဲဝင့် ဝင့် တင်စားခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၁၅ နှစ်ကပါ။ ကဗျာဆရာက ဆက်ပြောပြပါတယ်။ ရသစာပေ တခုရဲ့ တန်ဘိုးကို အ ချိန်ကာလ နဲ့ ဒေသ ပေါ်မှာယှဉ်ပြီး အချိန်တိုင်းမှာ၊ ဒေသတိုင်းမှာ မှန်မှ ကောင်းတယ်လို့ ဆုံးဖြတ်ရတယ်လို့ဆိုပါတယ်။ လွန်ခဲ့တဲ့ ၁၀ နှစ်က ရေးထားတဲ့ စာတပုဒ်၊ ကဗျာတပုဒ်ဟာ ဒီနေ့ခေတ်နဲ့ မကိုက်ညီတော့ဘူးဆိုရင် အဲဒီ စာဟာ ကောင်း တယ်လို့ မခေါ်နိုင်ဘူးတဲ့၊ အဲဒီလို ပြောပြီး ကဗျာဆရာက ဝမ်းနည်းကြေကွဲစွာ ညီးတွားပါတယ်။ “ကျနော့် ကဗျာဟာ မကောင်းတော့ပါဘူး” တဲ့။ မနှစ်က (၂၀၁၀ ခုနှစ်) မြစ်ဆုံကို သူ တခေါက်ထပ်ရောက်ပါသတဲ့။ အဲဒီအချိန်မှာတော့ သူ့ရဲ့ “ကမ္ဘာတည်သရွေ့ မြန်မာပြည်ဟေ့ရယ်လို့ ကြွေးကြော်ပြီး စီးနေမည့်မြစ်” ကြီးဟာ နောက်တနှစ်တောင်မှ ခံပါဦးမလားလို့ သူ သံသယဖြစ်မိရပါတယ်… တဲ့၊
ကဗျာဆရာက ဆက်ပြောပါတယ်။ ဧရာဝတီမြစ်ကြီးဟာ မြန်မာပြည်ရဲ့ အသက်သွေးကြောပါ တဲ့၊ ပြီးတော့ မေးခွန်းထုတ်ပါတယ်။ အဲဒီ အသက်သွေးကြောကြီး မရှိတော့ရင် ကျနော်တို့ ရှိနိုင်ပါဦးမလား၊ မြန်မာပြည်ကြီး ဆက်လက်ရှင်သန်နိုင်ပါဦးမလား၊ အဲဒီ နာကျင်ကြေကွဲစိတ်နဲ့ ကဗျာဆရာက နောက်ထပ်ကဗျာတပုဒ် ကို ရေးပြီး ရွတ်ဖတ်ပြပါတယ်။ ကဗျာရဲ့ ခေါင်းစဉ်က “မြစ်ကော” တဲ့။
“မြစ်ကော”
မြစ်မကောအောင်လို့
သစ်တောတို့ စိမ်းလမ်းရပေမည်၊
ရေဝေတောတွေ ဆိုင်းစို့စို့
မှိုင်းညို့ညို့မှုံရီ၊
ချင်းတွင်း နဲ့ ဧရာဝတီ
ရေပြာကြည်သမျှ မြန်မာ့သွေးဟေ့၊
တတောလုံးပြောင်၊ တတောင်လုံးလင်း
မြစ်ကျဉ်းမှာ သောင်တွေပေါ်တော့
နောင်အရှည်မမျှော် မြန်မာပျောက်အောင်လို့
ကိုယ့်သွေးကို ကိုယ်ပြန်သောက်ပြီလား
စိုးကြောက်ဖွယ်အပျက်သဘောနဲ့
မြစ်ကောမည့် နေ့။။။
ကျနော်တို့ တိုင်းပြည်ရဲ့ သစ်တောကြီးတွေ၊ အဘိုးတန်သတ္တုတွေ၊ ကျောက်မျက်ရတနာတွေ၊ သဘာဝအရင်းအမြစ်တွေ ကို မြန်မာစစ်ခေါင်းဆောင်တွေက သူတို့ရဲ့ အရှင်သခင် တရုတ်အစိုးရထံ ပဏ္ဍာဆက်သ လာဘ်ထိုးပသနေခဲ့တာ ကုန် သလောက်ရှိနေပါပြီ၊ အခုထပ်ပြီး မြန်မာနိုင်ငံရဲ့ အသက်သွေးကြော ဧရာဝတီမြစ်ကြီးနဲ့ အခြားမြစ်ကြီးတွေကိုပါ မြန်မာ စစ်ခေါင်းဆောင်တွေက တရုတ်အစိုးရထံ လက်ညှိုးထိုး ရောင်းစားလိုက်ပါပြီ၊ ဒါကို ကဗျာဆရာ မောင်စိန်ဝင်း က “ကိုယ့် သွေးကို ကိုယ်ပြန်သောက်ပြီလား” လို့ နာနာကျင်ကျင် ညီးတွားရင်း မြစ်ကြီးတွေ ကောအောင်လုပ်တာဟာ မြန်မာနိုင်ငံ ပျက်သုံးအောင်လုပ်တာပဲလို့ ရဲရဲရင့်ရင့် စွပ်စွဲလိုက်တာပါ။ ဆရာမောင်စိန်ဝင်းလို ဧရာဝတီမြစ်ကြီးဘက်က အမှန်တရား ကို ရဲရဲဝံ့ဝံ့ပြောရဲသူတွေ ပို၍ပို၍များလာပါစေ၊ ဒီစကားတွေကို သက်ဆိုင်သူ အာဏာရှင်များလဲ ပြတ်ပြတ်သားသား ကြားကြပြီး အမှားပြင်နိုင်ကြပါစေ။
(ဆရာမောင်စိန်ဝင်းရဲ့ ဟောပြောချက် အပြည့်အစုံကို ဒီနေရာမှာ http://www.4shared.com/audio/JhKO0JbZ/MgSeinWin_20110515_ThuTaRaThaS.html နားထောင်နိုင်ပါတယ်။)
(၆) မြစ်ကြီးနား၊ ငလျင်နဲ့ စက္ကန့် ၂၀
ကျနော့်ရဲ့ ဇူလိုင်လ ၈ရက်နေ့စွဲနဲ့ ဖြန့်ချိခဲ့တဲ့ “ဧရာဝတီကို ကယ်တင်ကြစို့” စာတမ်းမှာ “မြစ်ဆုံဆည်ဟာ စစ်ကိုင်း ငလျင်ပြတ်ရွေ့ကြောကြီးနဲ့ နီးလို့ ငလျင်များလှုပ်ခဲ့ရင် မြစ်ကြီးနားမြို့ကြီးတမြို့လုံး စက္ကန့်၂၀ အတွင်းမှာ ရေအောက်နစ် မြုတ်သွားနိုင်တယ်” လို့ ပညာရှင်များရဲ့ သတိပေးချက်ကို တင်ပြခဲ့ပါတယ်။ အဲဒီမှာ စက္ကန့်၂၀ ဆိုတာဖြင့် မဖြစ်နိုင်၊ လွန် လွန်းပြီလို့ ဝေဘန်ဆွေးနွေးကြတာတွေကို စာရေးဆရာတယောက်ရဲ့ Face Book စာမျက်နှာမှာတွေ့ရပါတယ်။ “ဒီလို ဆိုရင် ရေဟာ တနာရီကို မိုင် ၅၄၀၀ လောက်နှုံးနဲ့ စီးဆင်းရမှာမို့ များပြီထင်တယ်” လို့ စာရေးဆရာက ဆိုပါတယ်။ တ ယောက်ကကျတော့ “မိနစ် ၂၀ ကိုပြောတာထင်တယ်။ နဲနဲပိုရေးမိသွားတာများလား” လို့ ဖြေပါတယ်။ တယောက်က ကျတော့ “အသံရဲ့မြန်နှုံးကမှ တနာရီကို ၇၆၈ မိုင်မို့ ရေရဲ့အမြန်က အသံထက် ၇ ဆကျော်မြန်နေပြီ” လို့ ထောက်ပြပြန် ပါတယ်။ တချို့ကတော့ “အမှားကြီးတခုကို လက်ဆင့်ကမ်း ဖြန့်ဝေလိုက်မိပါပြီ” ဆိုပြီး နောင်တရနေကြပြန်ပါတယ်။ ကျနော်ကတော့ အံ့ဩမိပါတယ်။ စက္ကန့်၂၀၊ မိနစ် ၂၀၊ ၂ နာရီ၊ နာရီ ၂၀ ဆိုတာက အဓိက မဟုတ်ပါ။ ငလျင်ဒဏ် ကြောင့် ဆည်ကြီးပြိုကျပြီး မြစ်ကြီးနားမြို့ကြီး ရေအောက်ရောက်နိုင်တယ်ဆိုတာကို သတိပေးခြင်းက အဓိကပါ။ စက္ကန့် ၂၀ ဆိုတာကို သံသယဖြစ်လို့ ကျနော့် စာတမ်းတခုလုံးကို လက်မခံဘူး၊ မယုံဘူးဆိုရင်လဲ ရှိပါစေ၊ သစ်ပင် တပင်ချင်းကို စေ့စေ့စပ်စပ်လိုက်ကြည့်ပြီး သစ်တောအုပ်ကြီး တခုလုံးကို မမြင်သလို ဖြစ်နေပါတယ်။ စက္ကန့် ၂၀ ဆိုတာကို သံသယဖြစ် ဆွေးနွေးနေမည့်အစား မြစ်ကြီးနားမြို့ကြီး ရေအောက်မရောက်အောင် ဘယ်လို အချိန်မီ ကာကွယ်ကြမလဲ ဆိုတာကို အလေးအနက်ဆွေးနွေးကြ၊ တာဝန်ယူဆောင်ရွက်ကြရင် ဘယ်လောက် ကောင်းလိုက်မလဲ။
ဆည်ကြီးပြိုကျဖို့က ငလျင်ကြောနဲ့ နီးတာအပြင် အခြားအကြောင်းရင်း နှစ်ရပ်ရှိပါသေးတယ်။ မိုးအကြီးအကျယ်အဆက် မပြတ် ရွာပြီး မြစ်ရေကြီးတဲ့အခါမှာလဲ ဆည်ထဲမှာထိန်းထားနိုင်တဲ့ ရေပမာဏကို အလွန်အကျွံကျော်လွန်ပြီး ရေဖိအား ဒဏ်မခံနိုင်ပဲ ဆည်ကျိုးတတ်ပါတယ်။ ၂၀၀၆ ခုနှစ် မေလမှာ မိုးအကြီးအကျယ်ရွာသွန်းလို့ မြစ်ကြီးနားရဲ့ မြောက်ဘက် ၁၀မိုင် လောက်အကွာမှာရှိတဲ့ ကျိန်ခရန် (Ching Hkrang) ဆည် ပြိုအက်ပြီး ကျိန်ခရန်ရွာ ရေလွှမ်းမိုးခံရပြီး လူ ၅ ဦး သေဆုံးခဲ့ရပါတယ်။ အဲဒီကာလမတိုင်ခင်ကလဲ ဝါရှောင်ဆည်ကြီး ပြိုပျက်ခဲ့ပြီးပါပြီ၊ ကချင်ပြည်နယ်မှာ အဲဒီလို မိုးသည်း ထန်စွာရွာသွန်းပြီး မေခ၊ မလိခမြစ်ရေကြီးပြီး ရေလွှမ်းမိုးမှုကို ၁၉၅၀၊ ၁၉၆၀၊ ၁၉၇၉၊ ၁၉၈၀၊ ၁၉၉၇၊ ၂၀၀၄၊ ခုနှစ်များမှာ တွေ့ကြုံခဲ့ရပြီးပါပြီ၊ ၁၉၇၉ ခုနှစ်ရေလွှမ်းမိုးမှုမှာ မြစ်ကြီးနားမြို့ တမြို့လုံးနီးပါး ရေမြုတ်ခဲ့ပါတယ်။ နောက်တကြောင်းက တော့ တရုတ်ဆည်များရဲ့ အရည်အသွေးညံ့ဖြင်းမှုကြောင့်ပါ။ တရုတ်ပြည်မှာ ၁၉၇၅ ခုနှစ် ဩဂုတ်လမှာ ရှင်မန်တန် (Shimantan) နဲ့ ဘန်ကျောင် (Banqiao) ဆည်ကြီးတွေ ပြိုလဲတော့ အဆောက်အအုံ ၆ သန်းကျော် ပျက်ဆီး၊ လူ ၁၁ သန်းကျော် အိုးအိမ်မဲ့ ဖြစ်ပြီး လူ နှစ်သိန်း ၄ သောင်းကျော် သေဆုံးခဲ့ရပါတယ်။
Floodwaters overrunning the Washawng Dam in Burma in may 2006 shortly before it broke. (Photo: KDNG)
ဒီတော့ မြစ်ဆုံဆည်ကြီးပြိုကျဖို့က မိုးကြီးပြီး မြစ်ရေလွှမ်းလို့၊ ဆည်ရဲ့အရည်အသွေးညံ့ဖြင်းလို့နဲ့ ငလျင်လှုပ်လို့ စတဲ့ အ ကြောင်းသုံးပါးထဲက တကြောင်းကြောင်းဖြစ်စေ၊ နှစ်ကြောင်းစုံလို့ဖြစ်စေ၊ သုံးကြောင်းစလုံးပေါင်းစုံလို့ဖြစ်စေ၊ ဖြစ်လာနိုင် တဲ့ ကိစ္စပါ။ ကျိန်ခရန်ဆည်၊ ဝါရှောင်ဆည်များထက် အဆပေါင်းများစွာ ကြီးမားလှတဲ့ ဆည်ကြီးမို့ ဒီဆည်ကြီး ကျိုးပျက်ခဲ့ ရင်ဖြင့် (စက္ကန့်၂၀ မှာဖြစ်စေ၊ မိနစ် ၂၀ မှာဖြစ်စေ၊ ၂ နာရီမှာ ဖြစ်စေ) ဆည်ကြီးအောက်ခြေမလှမ်းမကမ်းက မြစ်ကြီးနား မြို့ကြီး ရေအောက်ရောက်သွားရုံမက ရေထဲမျောပါပျက်စီးသွားမှာပါ။
DISSENT ဆိုတဲ့ စာစောင် ရဲ့ ၂၀၁၁ ခုနှစ်ဆောင်းကူး/ဆောင်းရာသီ ထုတ် (AUTUMN/WINTER 2011) မှာ Melody Kemp ရေး တဲ့ KACHIN CAPERS ဆိုတဲ့ ဆောင်းပါးမှာ၊ စာမျက်နှာ ၃၂ မှာ ဟောဒီလို ရေးထားပါတယ်။ “တကယ်လို့ များ ကမ္ဘာမြေကြီးက ရွေ့လျားပြီး (မြစ်ဆုံ) ဆည်ပြိုလဲခဲ့ရင် မြစ်အောက်ပိုင်းမှာတည်ရှိတဲ့ လူ တသိန်းခွဲကျော်နေထိုင်တဲ့ ကချင်ပြည်နယ်ရဲ့ မြို့တော်ကြီးဟာ စက္ကန့် ၂၀ အတွင်းမှာ ပျောက်ဆုံး သွားလိမ့် မယ်” (If the earth moves and the dam collapses, the downstream capital of Kachin State, a city of over 150,000, would disappear in 20 seconds.)၊ Melody Kemp က ဩစတြေလျ လူမျိုးစာရေးဆရာမ တယောက်ဖြစ်ပြီး အာရှတိုက်မှာ အနှစ် ၂၀ ကျော် နေထိုင်နေသူ ဖြစ်ပါတယ်။ သူမဟာ အင်မတန် ဩဇာကြီးမားတဲ့ အမေရိကန် ပတ်ဝန်းကျင်ဆိုင်ရာ သတင်းအဖွဲ့အစည်း (U.S. Society for Environmental Journalism) ရဲ့ အဖွဲ့ဝင်တယောက်လဲ ဖြစ်ပါတယ်။
(၇) အမျိုးသားရေးလှုပ်ရှားမှု
ဧရာဝတီကိုကယ်တင်ရေး၊ မြစ်ဆုံဆည်တည်ဆောက်ရေးကို ကန့်ကွက်ဟန့်တားရေးဟာ အမျိုးသားရေးလှုပ်ရှားမှုကြီးဖြစ်တယ်လို့ ကျနော် ပြောခဲ့ပါတယ်။ ကျနော်တို့အားလုံး ညီညာဖျဖျ လှုပ်ရှားကြမယ်ဆိုရင် ဒီအမျိုးသားရေးလှုပ်ရှားမှုကြီးကနေ ဧရာဝတီ ကို ကယ်တင်နိုင်ရုံ၊ ကာကွယ်နိုင်ရုံမျှမက ကျနော်တို့ နိုင်ငံရဲ့ ဒီမိုကရေစီ ရေး၊ လူ့အခွင့်အရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးအောင်ပွဲများပါ ရရှိနိုင်မယ်လို့လဲ ကျနော် လေးလေးနက်နက်ယုံကြည်ပါတယ်။ ဒီလှုပ်ရှားမှုကြီးကနေ နိုင်ငံတကာမှာ တရုတ်အစိုးရက မြန်မာနိုင်ငံကို ကိုလိုနီပြု နေမှု၊ မြန်မာပြည်သူများရဲ့ အကျိုးစီးပွားကို တိုက်ရိုက်ဖျက်ဆီးနေမှုတွေကို လူသိရှင်ကြား ကန့်ကွက်ရှုံ့ချနိုင်ပါလိမ့်မယ်။ မြန်မာပြည်သူများရဲ့ မကျေနပ်မှု၊ နိုင်ငံတကာမိသားစုကြီးရဲ့ ဝေဘန် ရှုံ့ချမှုတွေအောက်မှာ တရုတ်အစိုးရဟာ သူ့ရဲ့ မြန်မာပြည်သူများအပေါ် အနိုင်အထက်ပြုကျင့်မှုကို ရပ်တန့်လာနိုင်ပါတယ်။ ပြီးတော့လဲ ပြည်တွင်းမှာ ပြည်သူတွေက၊ ဆရာမောင်စိန်ဝင်းလို တာဝန်သိသူတွေက မြန်မာစစ်ခေါင်းဆောင်တွေကို “ကိုယ့်သွေးကို ကိုယ်ပြန်မသောက်ကြဖို့”၊ “အမိနိုင်ငံရဲ့ အသက်သွေးကြောကို ရောင်းမစားဖို့”၊ ပိုပြီး ရဲရဲရင့်ရင့်၊ ကျယ်ကျယ်လောင်လောင် တောင်းဆိုဖိအားပေး နိုင်ကြမယ်ဆိုရင် မြန်မာစစ်ခေါင်းဆောင်တွေလဲ သူတို့ရဲ့ တရုတ်အစိုးရအပေါ် အလွန်အကျွံမှီခိုနေရမှုတွေကို ပြန်လည် စဉ်းစားသုံးသတ်ပြီး ရှက်တတ်လာနိုင်ပါတယ်။
ဒီ မြစ်ဆုံရေကာတာကြီးကို ဆက်ဆောက်နေသရွေ့ ကချင်ပြည်သူများ၊ မြန်မာပြည်သူများရဲ့ ကန့်ကွက်ရှုံ့ချမှုကို သူတို့ ဆက်လက် ရင်ဆိုင်နေရမှာဖြစ်သလို ကချင်လွတ်မြောက်ရေးတပ်မတော်နဲ့ ဖြစ်နေတဲ့ စစ်ပွဲတွေကိုလဲ ရပ်တန့်နိုင်မှာ မဟုတ်ပါ။ ကျနော်တို့ရဲ့ ဧရာဝတီ ကာကွယ်ရေး အမျိုးသားလှုပ်ရှားမှုကြီးက မြန်မာစစ်ခေါင်းဆောင်တွေကို တရုတ် သစ္စာခံပြီး တရုတ်လိုသမျှ ပေးနေရတာထက် မြန်မာနိုင်ငံသားအချင်းချင်း မကျေလည်မှုတွေကို ငြိမ်းချမ်းစွာ ဆွေးနွေးညှိ နှိုင်း ဖြေရှင်းကြရင် တရုတ်အပါအဝင် ဘယ် နိုင်ငံခြားအစိုးရကိုမှ ကြောက်မနေရဘဲ ဂုဏ်သိက္ခာရှိရှိ၊ “ကမ္ဘာတည်သရွေ့၊ မြန်မာပြည် ဟေ့ရယ်လို့ ကြွေးကြော်ပြီး” ရပ်တည်နိုင်မှာ ဖြစ်ကြောင်း သိမြင်လာစေနိုင်မှာဖြစ်ကြောင်းပါ။
လေးစားစွာ
အောင်ဒင်
ဩဂုတ် ၂၊ ၂၀၁၁
source by : http://www.naytthit.net
0 ယောက်ရဲ့ထင်မြင်ချက်:
Post a Comment